www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဘိုးဘိုး၊ ဘွားဘွားတို့အတွက် အစားအစာ

ဘိုးဘိုး၊ ဘွားဘွားတို့အနေနဲ့ ကျန်းမာရေးကောင်းနေဖို့ဆိုရင် နေ့စဉ် စားနေရတဲ့ အစားအသောက်တွေရဲ့ ကဏ္ဍကို မေ့ထားလို့ မရပါဘူး။ အစာဆိုတာ စားတတ်ရင် ဆေးဝါးတစ်လက်လို အသုံးဝင်နေတာကြောင့်ပါ။ ဒါကြောင့် ကျန်းကျန်းမာမာ အသက်ရှည်နိုင်အောင် ဘိုးဘိုး၊ ဘွားဘွားတို့ နေ့စဉ် ပါဝင်အောင် စားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ငါး
အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့လမ်းညွှန်ချက်အရ ငါး၊ အထူးသဖြင့် အိုမီဂါသရီးပါတဲ့ အဆီများ ငါးကို တစ်ပတ်နှစ်ကြိမ် စားသင့်ကြောင်း သိရပါတယ်။ ငါးဟာ ရောင်ရမ်းမှုကျစေတဲ့ အစာဖြစ်တဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ အများအပြား ပါဝင်နေပါတယ်။ အရောင်အသွေးစုံလင်အောင် စားပေးပါ။ တစ်နေ့မှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး ငါးကြိမ်ခန့် စားပေးရင် အကောင်းဆုံး အကျိုးကျေးဇူးကို ရရှိစေပါတယ်။
ကောက်နှံတစ်ခုလုံး
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်ပါဝင်တဲ့အတွက် သွေးတွင်းကိုလက်စထရော ပမာဏ လျော့ကျစေပါတယ်။ ဒါ့အပြင် အာဟာရဓာတ်တွေလည်း ပါဝင်တဲ့အတွက် သန်စွမ်းကျန်းမာစေပါတယ်။ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ အညိုရောင်ပေါင်မုန့် စတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေကို တစ်နေ့အနည်းဆုံး သုံးကြိမ်စားပါ။
ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ အာဟာရဓာတ် အပြည့်ပါဝင်နေကာ ကယ်လိုရီပါဝင်မှု နည်းပါတယ်။ တစ်ပတ်မှာ ပဲအမျိုးမျိုးကို ချက်ပြုတ်ပြီး သုံးကြိမ်မှ လေးကြိမ်အထိ စားသင့်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်ဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေအနက် အသက်ကြီးသူတွေနဲ့ အသင့်တော်ဆုံး အမျိုးအစားပါ။ ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics) ဟာ အူလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။
အခွံမာသီး
ဗီတာမင်ဘီအုပ်စု ပါဝင်တဲ့အတွက် အခွံမာသီးတွေစားရင် ဦးနှောက်နဲ့ နှလုံးကို ကျန်းမာစေပါတယ်။ အခွံမာသီးမှာပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဟာ အရေပြားရဲ့ ဆွဲဆန့်အားနဲ့ ကိုလာဂျင်ထုတ်လုပ်အား ကောင်းစေကာ အရေပြားရဲ့ ခုခံနိုင်စွမ်းအားကို မြင့်တက်စေပါတယ်။ အခွံမာသီးမှာ ကယ်လိုရီပါဝင်မှု များတဲ့အတွက် တစ်နေ့ကို လက်တစ်ဆုပ်စာမျှသာ စားပါ။
ရေ
ရေဟာ အရေပြား၊ ကြွက်သား၊ သွေးလှည့်ပတ်မှုစနစ်နဲ့ ခန္ဓာကိုယ်ထဲက တခြားအင်္ဂါအစိတ်အပိုင်းအားလုံးအတွက် မရှိမဖြစ် အရေးပါပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေ လေးဖန်ခွက်နဲ့ ရေပါတဲ့ အစားအစာ၊ ဖျော်ရည်တို့ကို သောက်ပေးပါ။
လက်ဖက်စိမ်း လက်ဖက်ရည်
နေ့စဉ် လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက် သောက်တာဟာလည်း ကျန်းမာလန်းဆန်းစေပါတယ်။
Tip!
ကျက်သရေရှိရှိ အသက်ကြီးချင်ရင်
လှလှပပ၊ ကျက်သရေရှိရှိ အသက်ကြီးချင်ရင် နေရောင်ခြည်နဲ့ ဝေးဝေးနေခြင်း၊ နေရောင်ကာခရင်မ်လိမ်းခြင်း၊ ဆေးလိပ်ရှောင်ခြင်း၊ အရက်အလွန်အကျွံ မသောက်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနဲ့ ရေများများသောက်ခြင်းဆိုတဲ့ အချက်တွေကို လိုက်နာပေးရပါမယ်။
Ref : Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်