www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အစာတွေ အလွန်အကျွံ မစားဖြစ်စေရန်

ပွဲလမ်းသဘင်တွေ များလွန်းတာကြောင့် ပွဲတွေမှာ ကျွေးတဲ့အစာတွေ နင်းကန်စားမိပြီး ၀ိတ်တွေ တက်လာတတ်ပါတယ်။ စားတုန်းက စားကောင်းကောင်းနဲ့စားပြီး နောက်ပိုင်း ခါးတုတ်ဗိုက်ပူတော့မှာ ၀ိတ်ပြန်လျော့သွားအောင် အသည်းအသန် လုပ်ရမှာ မလွယ်လှပါဘူး။ ဒါကြောင့် ညစာစားပွဲတွေမှာ အများကြီး မစားမိစေဖို့ အောက်ပါတို့ကို သတိပြုပါ။
၁။ ကြိုဆုံးဖြတ်ထားပါ
စားသောက်ပွဲတွေများတဲ့ ဒီရာသီ ကာလအတွင်း ရောက်ပြီဆိုတာနဲ့ `၀ိတ်မ တက်အောင် ထိန်းမယ်´ ဆိုပြီး ကြို ဆုံးဖြတ်ထားပါ။ အဲဒီလို ဆုံးဖြတ်ထားမှ ညစာစားပွဲတွေမှာ စားချင်စရာတွေ များပြားနေရင်တောင် ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်လေးစားကာ သိပ်မစားဖြစ်တော့မှာပါ။
၂။ ပုံမှန်အစာစားပါ
ညဘက် ဘူဖေးဒင်နာမှာ အ၀စားမယ်ဆိုပြီး မနက်ဘက်မှာ အစာမခံပါနဲ့။ ဗိုက်အကြာကြီး အစာခံပါက အရမ်းဗိုက်ဆာပြီး အဆာလွန်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အစာတွေ အများကြီးစားကာ ဗိုက် ဆန့်တာထက်တောင် ပိုလွန်ပြီး စားဖြစ် သွားပါလိမ့်မယ်။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားပါ။ မနက်စာကို ၀၀လင်လင်စားပြီး နေ့လယ်စာကိုလည်း ဗိုက်ပြည့်ရုံ ပုံမှန် စားပါ။ ညစာစားပွဲ မသွားမီ ဗိုက်အရမ်း ဆာနေပါကလည်း အဆာပြေ မုန့်တစ်ခုခု စားသွားပါ။ ပါတီအများစုမှာ ဟင်းသီးဟင်းရွက်တွေ သိပ်မပါတတ်တာကြောင့် ပွဲမသွားခင် ဟင်းသီးဟင်းရွက် အနည်းငယ် စားပေးခြင်းဖြင့် အဆာလည်းပြေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။
၃။ စိတ်ဖိစီးမှုကို အစာနဲ့ မဖြေဖျောက်ပါနဲ့။
ပျော်ပွဲရွှင်ပွဲတွေများတဲ့ ကာလမှာ စိတ်လွတ်ကိုယ်လွတ် ပျော်တတ်တာကြောင့် အစာစားတဲ့ အခါမှာလည်း စိတ်လွတ်ကိုယ်လွတ် စားတတ်ကာ အစာများစွာ ပိုစားမိ တတ်ကြပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေပျောက်အောင် အစာနဲ့ မကုစားပါနဲ့။ ဟာသကား ကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့က စိတ်ပျော်ရွှင်စေတဲ့ အင်ဒိုဖင်းဟော်မုန်း ထွက်ရှိစေနိုင်တာကြောင့် အဲဒါတွေကို ပြုလုပ်ပေးပါ။ စိတ်ပျော်ရွှင် နေတဲ့သူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို ပိုစားတတ်တာကြောင့် အကောင်းမြင်စိတ်ထားကာ ပျော်ပျော်သာ နေပါ။
၎။ အစာရွေးစားပါ
ညစာစားပွဲက ကိုယ်ကြိုက်တာ ရွေးစားလို့ရတဲ့ ဘူဖေးလိုမျိုး ဆိုရင် စားချင်စရာတွေ များလွန်းပြီး ဘာစားလို့စားရမှန်းမသိ ဖြစ်နေ တတ်ပါတယ်။ အဲဒီအခါကျရင် အကြော်စာတွေ၊ အဆီများတဲ့ အစာတွေကို မစားတော့ဘဲ ဂျပန်စာ ရေညှိထမင်းလိပ်၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကိုသာ များများစားပေးပါ။
၅။ တကယ်ဆာမှ စားပါ
အစာစားတဲ့အခါ သတိရှိပါက အပိုစာတွေ မစားမိတော့မှာပါ။ ဒါကြောင့် တစ်ခုခု စားတော့မယ်ဆိုက တကယ်ဗိုက်ဆာမဆာ ကိုယ်ကိုယ်ကို ပြန်မေးပါ။ တစ်ခုခုကို မစားမီ `ငါ ဒါကို ဘာလို့စားမှာလဲ။ တကယ်ဗိုက်ဆာလို့လား။ မျက်စိရှေ့မှောက် ရောက်လို့ ဘာရယ်မဟုတ် အပျင်းပြေစားမှာလား´ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဗိုက်မဆာပါက အစားအစာတွေဆီ လက်လှမ်းမနေပါနဲ့။ အစားအစာတွေ ဆီကနေ အာရုံပြောင်းသွားအောင် တစ်ယောက်ယောက်နဲ့ စကားလက်ဆုံ ကျနေလိုက်ပါ။ ဗိုက်ဆာပါက ပန်းကန်ထဲ နည်းနည်းစီ ထည့်ပြီး တစ်ခါစား နည်းနည်းစီနဲ့ ဖြည်းဖြည်းချင်း ၀ါးစားပါ။ ဒါမှ အဆာပြေကာ အပိုတွေ ထပ်မစားမိတော့မှာပါ။
၆။ ဆင်ခြင်ပြီးသောက်ပါ
အယ်လ်ကိုဟောပါရှိတဲ့ အရက်သေစာတွေဟာ ကယ်လိုရီ များစွာ ပါရှိတတ်ပါတယ်။ တစ်ဂရမ်ကို ၂၇ ကီလိုဂျူးကယ်လိုရီ ၀န်းကျင်ရှိတတ်တာကြောင့် ကစီဓာတ်နဲ့ ပရိုတင်းကရတဲ့ ကယ်လိုရီ ပမာဏရဲ့ နှစ်ဆနီးပါးလောက် ရှိပါတယ်။ ဒါကြောင့် အ၀မလွန်စေဖို့ လျှော့သောက်ပေးပါ။ ပါတီမသွားခင် ရေတစ်ခွက် သောက်သွားပါ။ ဒါမှ ရေအငတ်ပြေဖို့ အရက်သေစာတွေ မသောက်မိမှာပါ။ ကိုယ်သောက်နိုင်တဲ့ ပမာဏ ကိုယ့် Limit ကိုယ်သိပါ။ မူးအောင် မသောက်ပါနဲ့။ အမြည်းနဲ့ ဖြည်းဖြည်းချင်း တွဲသောက်ပါ။ အရက်ပြင်း၊ ၀ိုင်အချို၊ ခရင်မ်များတဲ့ ကော့တေး၊ သကြားများတဲ့ သစ်သီး Punch တွေဟာ ကယ်လိုရီများတာကြောင့် ရှောင်သင့်ပါတယ်။ ၀ိုင်အပျော့စား၊ ဘီယာ၊ ရှန်ပိန်၊ ဆိုဒါနဲ့ သစ်သီးဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ အဖျော်ယမကာချည်းပဲ မသောက်ဘဲ ရေကိုလည်း တစ်လှည့်စီ သောက်ပေးပါ။ အယ်လ်ကိုဟော မပါတဲ့ သံပုရာရည်၊ ဆိုဒါ၊ သစ်သီးဖျော်ရည်နဲ့ ရေသန့်တို့ကို များများ သောက်ပေးပါ။
၇။ အကုန်စားစရာမလိုပါ
အာလူးကြော်အရသာမျိုးစုံ၊ သကြားလုံးတွေက မျိုးစုံ၊ ကိတ်မုန့် မျိုးစုံ ကြိုက်ရာစားလို့ရပေမဲ့ အကုန်လုံးကို စုံနေအောင် စားစရာမလိုပါဘူး။ ကိုယ်မျက်စိကျရာ နှစ်မျိုးသုံးမျိုးလောက် မြည်းစမ်း စားကြည့်ပါ။ ပါတီတွေများတော့ တစ်စားပွဲမဟုတ် နောက်တစ်ပွဲမှာတော့ တခြားအမျိုးအစားတွေ စားဖြစ်မှာပါ။
၈။ အစာများများ စားဖြစ်စေမယ့်အရာတွေကို ရှောင်ပါ
ကိုယ်စားတဲ့ ပန်းကန်အရွယ်အစားကနေ အခန်းထဲရှိ လူအရေအတွက်အထိ စတဲ့ ပြင်ပ အရာများကလည်း လက်လွတ် အစာပိုစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဒီအရာများကို သတိထား သင့်ပါတယ်။
ညစာစားပွဲရှိ အစားအစာမျိုးစုံ
အရောင်အသွေး၊ ပုံသဏ္ဍာန်၊ အရသာနဲ့ အနံ့အသက် စုံလင်စွာ တည်ခင်းဧည့်ခံထားတဲ့ ညစာစားပွဲက အစာစားချင်စိတ်ကို နှိုးဆွ ပေးနေမှာပါ။ ဒါကြောင့် အများတကာကို ညစာဖိတ်ကျွေးပါက အမျိုးအစား နည်းနည်းနဲ့ ကောင်းကောင်းကျွေးပါ။ ဥပမာ-အချိုပွဲ အဖြစ် ကိတ်မုန့်ခြောက်မျိုးလောက် မှာမယ့်အစား အမျိုးအစား ကောင်းတဲ့ ကိတ်နှစ်မျိုးလောက်သာ မှာပါ။
ပန်းကန်ပြားအရွယ်အစား
အစားအစာ တည်ခင်းဧည့်ခံရာမှာသုံးတဲ့ ပန်းကန်ပြား၊ ပန်းကန်လုံးနဲ့ ခွက်တွေဟာ ကြီးမားနေပါက အစာများများ ပိုစားမိပါတယ်။ ဒါကြောင့် သေးတဲ့ ပန်းကန်နဲ့သာ စားပါ။ ပန်းကန်ထဲလည်း အပြည့်အမောက် မထည့်စားပါနဲ့။ နည်းနည်းစီ ထည့်စားပြီး တစ်ပန်းကန်ကုန်မှ တစ်ပန်းကန် ထပ်ယူပါ။ စားပွဲရှိ လူအရေအတွက် အစားအစာကို လူများများနဲ့အတူ စားရင် အစာပိုဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစာစားချိန် ပိုကြာမြင့်သလို သူများစားတာတွေ့ရင် လိုက်စားချင်လို့ပါ။ အဲဒီအခါကျရင် စားပွဲရှိ လူတွေအနက် အစာကို အနှေးဆုံးဖြစ်အောင် စားပါ။ ပါးစပ်ထဲ အစာတစ်လုပ်ထည့်ပြီးရင် ဇွန်း၊ ခရင်းတွေကို ခဏချထားပါ။ အစာချည်းပဲ ငုံ့စားမနေဘဲ ၀ိုင်းမှာထိုင်နေသူတွေနဲ့ စကားစမြည်ပြောဆိုပါ။
အစားအစာအကွာအဝေး
ဘူဖေးစားရမယ်ဆိုရင် အစားအစာ တင်ထားတဲ့ စားပွဲတွေကနေ ဝေးတဲ့နေရာမှာ ထိုင်ပါ။ နီးနီးနားနားမှာ ထိုင်ပါက အစာတွေကိုမြင်ပြီး စားချင်စိတ်ဖြစ်ပေါ်ကာ မကြာခဏ ထယူမိပါလိမ့်မယ်။
၉။ လှုပ်လှုပ်ရှားရှားနေပါ
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ဖြစ်အောင်ကြိုးစားပါ။ မိသားစုတွေ စုံတဲ့အချိန်မှာ မိသားစုလိုက် လမ်းလျှောက်ထွက်ခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း စတဲ့ အားကစားတွေကို ပြုလုပ်ပေးပါ။ မနက်စောစောမှာ မိနစ် ၂၀ လောက် လမ်းထလျှောက်ခြင်းဖြင့် ဇီဝရုပ် ဖြစ်ပျက်မှုနှုန်းမြန်ကာ တစ်နေ့ တာလုံး စားကောင်းပြီး အစာခြေနှုန်းလည်း မြန်လာတတ်ပါတယ်။
၁၀။ ငြင်းပယ်ပါ
အလှူတို့၊ ညစာစားပွဲတို့မှာ အလှူရှင် သို့မဟုတ် ပွဲစီစဉ်သူက သင့်ကို စေတနာဗရပွနဲ့ အစားအစာတွေ အများကြီး ထပ်ထပ် ထည့်ပေးတတ်ပါတယ်။ အားနာပါးနာနဲ့ မစားပါနဲ့။ စားလို့ အရမ်းကောင်းပေမဲ့ ဗိုက်ဝသွားပြီဖြစ်ကြောင်း၊ ၀ိတ်လျှော့နေတဲ့အကြောင်း ပြောပြပြီး ထပ်ထည့်ပေးတာကို ငြင်းလိုက်ပါ။
ဒေါက်တာနုမြတ်
The Chic Magazine

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်