ကျွန်တော့်ရဲ့ဖုန်းက Samsung ဖုန်းပါ။ ကျွန်တော့်ဖုန်းမှာ
ဓာတ်ပုံရိုက်တဲ့အခါ ဖုန်းထဲမှာရှိနေတဲ့ Memory Card ထဲမှာ Save လုပ်ပါတယ်။
အရင်တုန်းကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ သိပ်ပြီးပြဿနာရှိပေမယ့်
ဓာတ်ပုံတွေကို သိမ်းဆည်းတဲ့အခါမှာတော့ Memory Card ထဲမှာ ဓာတ်ပုံတွေရဲ့
Temp ဖိုင်တွေကျန်ခဲ့ပါတယ်။ ဖုန်းရဲ့ Memory Card ပြည့်လုနီးပါး
ဖြစ်သွားတဲ့အချိန်မှာဆိုရင် ဓာတ်ပုံတွေရဲ့ Temp ဖိုင်တွေကိုဖျက်လိုက်ရင်
အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ Memory Card ဟာခဏလေးနဲ့
ပြည့်ပြည့်သွားပြီး Temp ဖိုင်တွေဟာ ခဏလေးနဲ့ များများသွားပါတယ်။
နောက်ပိုင်းမှာ ဘယ်လောက်အခြေအနေ ဆိုးလာသလဲဆိုရင် ဓာတ်ပုံတစ်ပုံပဲ
ရိုက်ရသေးတယ် Temp ဖိုင်က 2GB လောက်ဖြစ်သွားပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
ဘယ်လိုလုပ်ရပါမလဲ။ Temp ဖိုင်တွေ အများကြီး ဖြစ်မလာအောင် ဘယ်လိုလုပ်ရင်
အဆင်ပြေနိုင်ပါမလဲ။
ဒီလိုအဖြစ်အပျက်မျိုးတွေက Samsung ဖုန်းတွေမှာမှ မဟုတ်ပါဘူး။ အခြား Android OS စနစ်သုံး ဖုန်းတွေမှာဆိုရင်လည်း ဒီလိုမျိုးဖြစ်တတ်ပါတယ်။ ဖုန်းထဲမှာ Temp ဖိုင်တွေများလာပြီး ဖုန်းရဲ့မှတ်ဉာဏ်ဟာ ခဏလေးနဲ့ ပြည့်ပြည့်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ Wipe Cache Partition ဆိုတဲ့စနစ်ကြောင့် ဖြစ်တတ်ပါတယ်။ ဖုန်းထဲမှာ ဒီလိုမျိုး Temp ဖိုင်တွေ များလာပြီဆိုရင်တော့ SD Card ကို ကွန်ပျူတာနဲ့ချိတ်ပြီး Format လုပ်ထားရင်တောင်မှ ပြန်ပြီးပြည့်လာတတ်ပါတယ်။ ဒါကြောင့်ဖုန်းရဲ့ Recover Mode ထဲမှာရှိနေတဲ့ Wipe Cache Partition ဆိုတဲ့ စနစ်ထဲမှာ သွားပြီးတော့ ဖျက်လိုက်ရင် အဆင်ပြေသွားနိုင်ပါလိမ့်မယ်။ ပြုလုပ်ချင်တယ်ဆိုရင်တော့ Samsung ဖုန်းတွေမှာဆိုရင် ဖုန်းရဲ့ Volume Up Key, Home Key နဲ့ Power Key သုံးခုကို တစ်ပြိုင်နက် ဖိထားလိုက်ရင် ဖုန်းရဲ့ Recover Mode ထဲကို ရောက်ရှိပါလိမ့်မယ်။ အဲဒီထဲမှာ Wipe Cache Partition ဆိုတာရှိပါတယ်။ အဲဒါကိုရွေးချယ်ပြီး နှိပ်လိုက်ပါ။ ဒီနေရာမှာ ဂရုစိုက်ရမယ့် အချက်ရှိပါတယ်။ အဲဒါကတော့ Wipe Cache Partition ဆိုတဲ့စနစ်နဲ့ ကပ်လျက်မှာပဲ Wipe Cache Factory Reset ဆိုတဲ့စနစ်လည်း ရှိနေပါတယ်။ ဒါကြောင့် စနစ်နှစ်ခုကို မှားနှိပ်မိလို့မရပါဘူး။ မှားနှိပ်မိရင် Factory Reset ဖြစ်ပြီး ဖုန်းထဲက အချက်အလက်တွေ အကုန်ပျက်သွားနိုင်ပါတယ်။
ကျွန်တော့်ဖုန်းက Galaxy Note II ဖုန်းပါ။ ဖုန်းမှာ ဘယ်နေရာကို သွားထိမိတယ်မသိပါဘူး။ ဖုန်းတစ်ခုလုံးမှာ မျဉ်းကြောင်းတွေပေါ်နေပါတယ်။ ဖုန်းရဲ့ Setting ထဲမှာဆိုရင်လည်း စနစ်တွေအားလုံးကို လေးထောင့်ကွက်တွေ မျဉ်းကြောင်းတွေနဲ့ ဖြစ်နေပါတယ်။ ဒါ့အပြင် Home Screen ပေါ်မှာလည်း Icon တွေကို လေးထောင့်ကွက်တွေနဲ့ ဘောင်ခတ်ထားတာမျိုးတွေ ဖြစ်နေပါတယ်။ ဖုန်းစနစ်တွေအားလုံးကိုဝင်လိုက်တိုင်း မျဉ်းကြောင်းတွေနဲ့ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်သွားတာပါလဲ။ ဘယ်လိုပြန်လုပ်လို့ရပါသလဲ။ ဖုန်းကတော့ သုံးရတာဘာမှမဖြစ်ပါဘူး။ အားလုံးကောင်းနေပါတယ်။ ဒါပေမယ့် မျဉ်းကြောင်းတွေနဲ့ရှုတ်ယှက်ခက်နေပါတယ်။
Samsung Galaxy Note II ဖုန်းက Android OS Version 4.1 ဖြစ်ပါတယ်။ ဒီဗားရှင်းထဲမှာပါဝင်တဲ့ Show Layout ဆိုတဲ့စနစ်ကြောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ Show Layout Boundaries ဆိုတဲ့စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းမှာ အဲဒီလိုမျိုး မျဉ်းကြောင်းတွေ လိုက်ပေါ်နေတတ်ပါတယ်။ ဒါက ဖုန်းကိုဖွဲ့စည်းထားတဲ့ Layout ပုံစံကို ပြသတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဖြစ်နေတာဖြစ်နိုင်ပါလိမ့်မယ်။ ဒီစနစ်ကတော့ ဖုန်းတစ်လုံးရဲ့ ဖွဲ့စည်းမှုနေရာတိုင်းမှာရှိနေတဲ့ Layout ပုံစံတွေကို ပြသနေတဲ့အတွက်ကြောင့် Home Screen ပေါ်မှာရှိနေတဲ့ Icon တွေမှာရော Setting ထဲမှာရှိနေတဲ့စနစ်တွေအားလုံးကိုပါ မျဉ်းကြောင်းဘောင်တွေခတ်ပြီး ပြသနေတာဖြစ်ပါတယ်။ ဒီစနစ်ကို ပိတ်ချင်တယ်ဆိုရင်ရပါတယ်။ ပိတ်မယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ Developer Option ဆိုတဲ့စနစ်ရှိပါတယ်။ Developer Option ထဲကို ၀င်လိုက်မယ်ဆိုရင် အဲဒီထဲမှာ Show Layout Boundaries ဆိုတဲ့စနစ် ရှိပါတယ်။ ဒီစနစ်နေရာမှာ အမှတ်ကလေးရှိနေတယ်ဆိုရင် အဲဒီအမှတ်ကလေးကို ဖျက်လိုက်ပါ။ ဒါဆိုရင် ဖုန်းမှာပေါ်နေတဲ့ မျဉ်းကြောင်းတွေ ပျောက်သွားပါလိမ့်မယ်။
ကျွန်တော့်ရဲ့ဖုန်းက Samsung ဖုန်းပါ။ Android OS Version ကတော့ 4.0.4 နဲ့ဖြစ်ပါတယ်။ ဖုန်းကိုလက်နဲ့ Touch စနစ်ကိုသုံးလိုက်တိုင်း Screen ပေါ်မှာ မျဉ်းကြောင်းတွေ ပေါ်ပေါ်လာပါတယ်။ ပြီးတော့ လက်ထောက်ပြီး ဆွဲလိုက်တဲ့ နေရာတိုင်းမှာလည်း Touch စနစ်နဲ့ စာရေးသလိုမျိုး လက်နဲ့ဆွဲလိုက်တဲ့ မျဉ်းကြောင်းတွေ ပေါ်ပေါ်နေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုပြန်လုပ်လို့ ရနိုင်ပါသလဲဆိုတာ သိပါရစေ။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဖုန်းရဲ့ Screen ထိပ်ဘက်မှာလည်း ဂဏန်းတွေပေါ်နေပြီး မျဉ်းကြောင်းတွေ ရွေ့သွားတဲ့နေရာတိုင်းကိုလိုက်ပြီး အဲဒီဂဏန်းတွေက ပြနေပါတယ်။
Android OS ဖုန်းတွေရဲ့ Screen ပေါ်မှာ မျဉ်းကြောင်းတွေပေါ်နေပြီး လက်နဲ့ဆွဲလိုက်တဲ့ Screen ပေါ်မှာ လက်နဲ့ဆွဲလိုက်တဲ့တစ်လျှောက် လိုက်ပြနေရတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Show Pointer Location စနစ်ကို အသုံးပြုထားလို့ ဖြစ်နေတာဖြစ်ပါတယ်။ ဒီစနစ်က Android OS Version 4.0.4 တွေမှာပါဝင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ Screen ရဲ့ထိပ်ဘက်မှာ ဂဏန်းတွေပြနေပြီး မျဉ်းကြောင်းတွေ ပြသလောက်ကို ဂဏန်းတွေ လိုက်ပြီးရွေ့နေရတာကလည်း ဒီစနစ်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ဖျောက်လိုက်လို့ရပါတယ်။ Show Pointer Location ဆိုတဲ့စနစ်ကို မှားယွင်းပြီး ထိထားမိတဲ့အတွက်ကြောင့် ဖြစ်လာရတာပါ။ ဒီလိုဖြစ်နေတာကို ဖျောက်ချင်တယ်ဆိုရင်တော့ ပထမဆုံးဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။ ပြီးရင်တော့ အဲဒီထဲက Developer Option ဆိုတဲ့ထဲကို သွားလိုက်ပါ။ Developer Option ထဲမှာ Show Pointer Location ဆိုတဲ့စနစ် ရှိပါတယ်။ အဲဒီနေရာလေးမှာ ကြည့်လိုက်ပါ။ ဘေးနားက Box လေးထဲမှာ အမှတ်ကလေး ပေးထားတယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းမှာဖြစ်နေတဲ့ Touch မျဉ်းကြောင်းတွေ ပျောက်သွားပါလိမ့်မယ်။ ဒီစနစ်ဟာ ကိုယ်ကဖုန်းကို Touch စနစ် အသုံးပြုသမျှ နေရာအားလုံးနဲ့ လက်ထောက်သမျှ Point တွေအားလုံးကို ပြသပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Screen ပေါ်မှာ မျဉ်းကြောင်းတွေ လိုက်ပြနေရတာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ဖုန်းကို အိမ်က ကလေးကဆော့လိုက်ပါတယ်။ ကျွန်တော် ဖုန်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာ ဖုန်းရဲ့ Lock Screen မှာ Pin Lock ဆိုပြီးပေါ်နေပြီး Password တောင်းနေပါတယ်။
Password ကလည်း ဘာမှရိုက်လို့မရဘူးဖြစ်နေပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အပေါ်ထိပ်ဘက် Notification နေရာမှာလည်း Sim Card ပုံပေါ်နေပြီး လိုင်းကတော့အပြည့်ဖြစ်နေပါတယ်။ ဒါပေမယ့် Emergency Call ပဲပေါ်နေပြီး ဘာမှနှိပ်လို့မရဘူးဖြစ်နေပါတယ်။ Sim Card ကို ထုတ်ပြီးစမ်းကြည့်တော့ ဟန်းဆက်က ကောင်းပါတယ်။ ဟန်းဆက်က Galaxy Ace ပါ။ ကတ်ကိုထုတ်လိုက်ရင် Password မတောင်းတော့ပါဘူး။ တခြား ကတ်တွေကိုထည့်ပြီးသုံးရင်လည်း အဆင်ပြေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရင် ပြန်ကောင်းနိုင်ပါသလဲ။
Samsung Galaxy Ace ဖုန်းမှာ ဖုန်းရဲ့ Lock Screen စနစ်မှာ Pin Lock ဖြစ်ပြီး ဖုန်းရဲ့ Sim Card ပုံလည်း ပေါ်နေတယ်ဆိုရင်တော့ ဒါက ဖုန်းကတ် Lock ကျတယ်လို့ ဆိုနိုင်ပါတယ်။ လိုင်းကအပြည့်ဖြစ်နေတယ်ဆိုတာကလည်း ဖုန်းလိုင်းက Menual ကနေ Digital ဖြစ်သွားပြီး Auto Service ဖြစ်နေလို့ တိုင်အပြည့်ပြနေတာဖြစ်ပါတယ်။ တိုင်ပြည့်နေတာမဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆိုရင် ကွန်ရက်ချိတ်နေတဲ့ ဖုန်းတွေရဲ့ လိုင်းဆွဲအားတိုင်နှုန်းဟာ ငြိမ်မနေတတ်ပါဘူး။ အမြဲလှုပ်ရှားနေတတ်ပါတယ်။ တိုင်က အဲဒီလိုမျိုးမလှုပ်တော့ဘဲနဲ့ငြိမ်နေတာဆိုရင် လိုင်းမရှိတော့တဲ့သဘောပါပဲ။ ဟန်းဆက်ထဲကို တခြားကတ်တွေထည့်ပြီး အသုံးပြုတဲ့အချိန်မှာ ရတယ်ဆိုရင်တော့ ဒါက Card Lock ကျတာ သေချာပါတယ်။ Lock ကျနေတဲ့ Sim Card ကို ထည့်လိုက်တဲ့အချိန်မှာ ဖုန်းက Lock ကျနေတယ်ဆိုတာကိုပြနေပြီး Password တောင်းနေတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Sim Card Lock ကျသွားတယ်ဆိုရင်တော့ Password ကိုသိမှပဲ ပြန်လုပ်လို့ရနိုင်မှာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ပြန်လုပ်ဖို့မလွယ်ကူပါဘူး။ ဒါကမြန်မာ့ဆက်သွယ်ရေးမှာသွားပြီး ကတ်အသစ်ပြန်လျှောက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ မြန်မာ့ဆက်သွယ်ရေးမှာ Card Lock ကျတာကို အသစ်သွားပြန်လျှောက်ရပါလိမ့်မယ်။ ကတ်ပျက်တယ်လို့လည်းဆိုနိုင်ပါတယ်။
Android OS ဖုန်းမှာ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုပါတယ်။ ဒီလိုမျိုး 3G အင်တာနက်စနစ်ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်က ဖုန်းကနေ WiFi ပြန်လွှင့်ပြီးတော့ Laptop ကနေတစ်ဆင့် ပြန်ပြီးတော့ အသုံးပြုပါတယ်။
ဒီလိုမျိုး WiFi ပြန်လွှင့်ပြီး အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ WiFi ကို Password ခံထားရတယ်လို့ ပြောကြပါတယ်။ အဲဒီလိုမျိုး Password မခံထားရင် ကိုယ့်ရဲ့ WiFi ကို ဘေးကလူတွေ ၀ိုင်းပြီးသုံးလို့ ရနေတဲ့အတွက် ကိုယ့်အတွက် လိုင်းဆွဲအားကျတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ WiFi ကို Password ခံထားချင်ရင် ဘယ်လိုလုပ်ရပါသလဲ။ ကျွန်တော့်ဖုန်းက Android OS Version 4.1.1 ပါ။
မိုဘိုင်းဖုန်း အင်တာနက်စနစ်ဖြစ်တဲ့ 3G အင်တာနက်စနစ်ကို ဖုန်းကနေတစ်ဆင့် WiFi ပြန်လွှင့်ပြီး အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုနေတဲ့ WiFi ကို Password ခံထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်က WiFi ကို Password မခံထားဘူးဆိုရင် ကိုယ့်ဖုန်းကနေ ထုတ်လွှင့်ထားတဲ့ WiFi ဧရိယာအတွင်းမှာရှိနေတဲ့ Device တွေက ကိုယ့်ရဲ့ WiFi ကို အသုံးပြုလို့ ရနေပါလိမ့်မယ်။ ဒီလိုမျိုး Device တွေစုပြုံပြီး အသုံးပြုနေမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ WiFi က Speed ကျဆင်းသွားနိုင်ပါတယ်။ Android OS Version 4.1.1 မှာ WiFi အတွက် Password ခံထားချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ Setting ထဲက More ထဲကိုသွားပါ။ More ထဲက Tethering and portable hotspot ဆိုတာကို တွေ့ရပါလိမ့်မယ်။ Tethering and portable hotspot ဆိုတဲ့ထဲကို ထပ်ဝင်လိုက်ပါ။ ဒါကတော့ ကိုယ့်ဖုန်းရဲ့ 3G စနစ်ကို WiFi အဖြစ် ပြန်လွှင့်ပေးတဲ့ စနစ်နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာမှ Portable WiFi Hotspot ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်ထပ်စာမျက်နှာတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီစာမျက်နှာရဲ့ အောက်ဘက်မှာ Allowed Devices နဲ့ Configure ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ရပါလိမ့်မယ်။ ဒီထဲကမှ ကိုယ်က Password စနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Configure ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ Network SSID တွေ၊ Security တွေအပြင် Password စနစ်တွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်စိတ်ကြိုက် Password စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Android OS Version အားလုံးအတွက်မဟုတ်ဘဲ Version 4.1.1 နဲ့ 4.1.2 တွေအတွက်ပဲ ပြုလုပ်ရမယ့် လုပ်ဆောင်ချက် အဆင့်ဆင့်ဖြစ်ပါတယ်။ အခြားဗားရှင်းတွေနဲ့ လုပ်ဆောင်ချက်ခြင်း မတူညီပါဘူး။
ကျွန်တော့်ဖုန်းက Samsung Galaxy SIII ဖုန်းပါ။ ဖုန်းထဲမှာပါတဲ့ Drop Box စနစ်ကို အသုံးပြုချင်ပါတယ်။ Dropbox စနစ်ကို အသုံးပြုတဲ့နေရာမှာ အကောင့်လုပ်ရမယ်လို့ ပြောပါတယ်။ အကောင့်လုပ်တဲ့နေရာမှာ Email လို့ရေးထားတာ တွေ့ပါတယ်။ အဲဒီလိုမျိုး အကောင့်လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Gmail နဲ့ပဲ အကောင့်လုပ်လို့ ရနိုင်ပါသလား။ ပြီးတော့ အကောင့်လုပ်တဲ့နေရာမှာ Gmail နဲ့ပဲ လုပ်လို့ရတယ်ဆိုရင် password ပေးတဲ့နေရာမှာရော Gmail ရဲ့ပက်စ်ဝက်ဘ်ကိုပဲ ပေးရမှာပါလား။ အဲဒါလေးသိပါရစေ။
Samsung Galaxy SIII ဖုန်းမှာပါတဲ့ Dropbox စနစ် အသုံးပြုချင်တယ်ဆိုရင် အသုံးပြုလို့ ရနိုင်ပါတယ်။ Dropbox ကိုအသုံးပြုချင်တယ်ဆိုရင် အကောင့်လုပ်ရမယ်ဆိုတာလည်း ဟုတ်ပါတယ်။ အွန်လိုင်း အသုံးပြုနိုင်ဖို့အတွက်လည်း WiFi ဒါမှမဟုတ် မိုဘိုင်းဖုန်းအင်တာနက်စနစ် တစ်ခုခုကိုလည်း လိုအပ်ပါတယ်။ အကောင့်လုပ်တဲ့နေရာမှာတော့ Email လို့ရေးထားပေမယ့် Gmail လိပ်စာတွေနဲ့ လုပ်လို့ရပါတယ်။ Gmail အကောင့်နဲ့ပဲ လုပ်တဲ့နေရာမှာလည်း password ပေးတဲ့နေရာမှာ ကိုယ့်ရဲ့ Original Gmail password ကိုပေးဖို့ မလိုအပ်ပါဘူး။ ကိုယ်အသုံးပြုချင်တဲ့ နောက်ထပ် password အသစ်ကို ပေးလို့ရနိုင်ပါတယ်။
Android OS ဖုန်းမှာအသုံးပြုဖို့အတွက် ဂိမ်းတွေကို 1Mobile Market ကနေ Download ဆွဲပါတယ်။ ဒါပေမဲ့ ဖုန်းထဲကို Download ဆွဲပြီးထည့်ထားတဲ့ ဂိမ်းတွေ ကစားလို့မရဘူး ဖြစ်နေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ အချို့ဂိမ်းတွေဆိုရင်လည်း အွန်လိုင်းတောင်းနေပါတယ်။ အဲဒါလေးသိပါရစေ။
Android OS ဖုန်းတွေအတွက် ဂိမ်းတွေကို 1Mobile Market ကနေ Download ပြုလုပ်တဲ့အခါမှာ ဖိုင်တွေကိုသေချာစစ်ဆေးပြီးမှ Download ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်ရှာဖွေတဲ့ ဂိမ်းတစ်ခုအတွက် စုံလင်တဲ့ဖိုင်တွေကို သူကထုတ်ပေးမှာဖြစ်တဲ့အတွက် တကယ်ဂိမ်းကစားနိုင်မယ့် App ဖိုင်ကို ရယူနိုင်ဖို့အတွက်တော့ လိုအပ်ပါလိမ့်မယ်။ အချို့ဖိုင်တွေက ဂိမ်းအတွက်ပေးထားတဲ့ Wallpaper လိုမျိုး ဓာတ်ပုံဖိုင်တွေဖြစ်ပြီး အချို့ဖိုင်တွေကတော့ အွန်လိုင်းကနေချိတ်ဆက်ပြီး အွန်လိုင်းစနစ်နဲ့ ကစားရမယ့် ဖိုင်တွေဖြစ်နေတဲ့အတွက် ဒါတွေကို သေချာဂရုစိုက်ရပါလိမ့်မယ်။ ဂိမ်းကစားဖို့ အတွက်လည်း ဂိမ်းဖိုင်တွေရှိပါတယ်။ ဖိုင်ရဲ့အရွယ်အစားကို ကြည့်ပြီးတော့မှပဲ Download ပြုလုပ်သင့်ပါတယ်။
Huawei Ascend G300 ဖုန်းမှာ အသုံးပြုလို့ ရတယ်လို့ပြောတဲ့ Beat Music ဆော့ဖ်ဝဲကို Download လုပ်ပြီး ဖုန်းထဲကို ထည့်လိုက်ပါတယ်။ ဆော့ဖ်ဝဲကို ထည့်ပြီးသွားတဲ့အချိန်မှာ ဖုန်းကို Restart ချဖို့ပြောလို့ Restart ချလိုက်တာ ဖုန်းက Firmware ပြန်တက်မလာတော့ပါဘူး။ အဲဒါဘာဖြစ်သွားတာပါလဲ။ Huawei ဆိုတဲ့ စာတန်းနားထိပဲတက်ပြီး ဆက်မပေါ်လာတော့ပါဘူး။ ဘယ်လိုပြန်လုပ်လို့ ရနိုင်ပါမလဲ သိပါရစေ။
Huawei ဖုန်းအချို့မှာ ခုလိုမျိုး ဆော့ဖ်ဝဲ မှားယွင်းထည့်သွင်းခြင်းတွေကြောင့် အခက်အခဲနဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ဖုန်းရဲ့ Kernal Version တွေ၊ ဖုန်းရဲ့ Firmware တွေ ROM တွေနဲ့ မကိုက်ညီတဲ့ ဆော့ဖ်ဝဲတွေကို ထည့်သွင်းမိတဲ့အတွက်ကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ဆော့ဖ်ဝဲတစ်ခုကို မှားယွင်းထည့်သွင်းမိတဲ့အခါမှာ ဖုန်းရဲ့ Firmware ကျသွားတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒါက ပြန်လည်ပြုလုပ်လို့ ရနိုင်မယ်မရနိုင်တော့ဘူးဆိုတာကတော့ ဖုန်းရဲ့ ဖြစ်စဉ်အခြေအနေပေါ်မှာ မူတည်ပါသေးတယ်။ ပထမဆုံးဖုန်းရဲ့ Boot Setting ထဲဝင်ပြီး ဖုန်းကို Factory Reset လုပ်ကြည့်လိုက်ပါ။ ပြီးရင်တော့ Reboot ပြန်ခေါ်ပြီး ကြည့်လိုက်ပါ။ ဒီအခြေအနေထိမှ ဖုန်းရဲ့ Firmware ကတက်မလာဘူးဆိုရင်တော့ ဖုန်းကို Firmware အသစ် ပြန်ရေးရမှာဖြစ်ပါတယ်။ Firmware အသစ်ပြန်ရေးတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ဖုန်းက Download Mode ပေါ်သေးလား၊ မပေါ်တော့ဘူးဆိုတာပေါ်မှာ မူတည်ပါသေးတယ်။ Download Mode ပေါ်သေးတယ်ဆိုရင်တော့ Firmware အသစ်ပြန်တင်လို့ ရနိုင်ပါသေးတယ်။ ဖုန်းရဲ့ဖြစ်ပျက်မှုက Download Mode ပါ မပေါ်တော့ဘူးဆိုရင်တော့ ဖုန်းကို Firmware အသစ်ပြန်တင်ဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ Download Mode မပေါ်တော့ဘူးဆိုရင်တော့ ဖုန်းကို ခွာပစ်ရမယ့်အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ ဒါတောင်မှ Huawei တွေမှာ အဆင်ပြေနိုင်မယ် မပြေနိုင်ဘူးဆိုတာကို တိတိကျကျပြောနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဖုန်းကို Factory Reset လုပ်ကြည့်ပါ၊ မရရင်တော့ Download Mode ခေါ်ကြည့်ပါ။ ဒါဆိုရင်တော့ ပြန်လုပ်လို့ရနိုင်မယ်၊ မရနိုင်ဘူးဆိုတာ သိရမှာဖြစ်ပါတယ်။
Sony Ericsson ဖုန်းမှာ ဖုန်းကသုံးနေရင်းနဲ့ ဘာဖြစ်သွားလဲမသိပါဘူး။ ပါဝါပိတ်သွားပါတယ်။ ပြီးတော့ ပြန်ဖွင့်တော့ ခဏလေးပြန်လာပါတယ်။ ပြီးတော့ ပြန်ပိတ်သွားပါတယ်။ နောက်ပြီးတော့ လုံးဝဖွင့်လို့မရတောပဲ မီးအနီးလေးပဲ လင်းနေပါတယ်။ ဘာမှလုပ်လို့ မရတော့ပါဘူး။ အဲဒါဘာဖြစ်တာပါလဲ။ ပြန်ပြီးပြုပြင်လို့ ရနိုင်ပါသေးသလား။
Sony Ericsson ဖုန်းတွေမှာ ပါဝါပိတ်သွားပြီး ပြန်မပွင့်တော့ဘဲ မီးနီလေးပဲ လင်းနေတယ်ဆိုရင်တော့ ဒါကပြန်လည်ပြုပြင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီလိုပြဿနာမျိုးက ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ Sony Ericsson ဖုန်းတွေမှာ ပါဝါသေသွားရင် လုံးဝဘာမှမလာတော့ဘဲနဲ့ သေသွားတာမျိုးနဲ့ မီးနီလေးပဲလင်းနေပြီး ဖုန်းက ပါဝါမလာတော့တာမျိုး ရှိပါတယ်။ ဘာမှမလင်းတော့ဘူးဆိုရင်တော့ ဒါက ဖုန်းထဲက Hardware ပိုင်းဆိုင်ရာ တစ်ခုခုချွတ်ယွင်းသွားလို့ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောကြပါတယ်။ မီးနီလေးပဲ လင်းတော့တယ်ဆိုရင်တော့ ဒါကဖုန်းရဲ့ Hardware ကဖြစ်တာဖြစ်နိုင်သလို ဆော့ဖ်ဝဲပိုင်းက ဖြစ်တာလည်းဖြစ်နိုင်ပါတယ်။ Hardware ပိုင်းက ဖြစ်တာဆိုရင်တော့ ဒါက အိုင်စီနဲ့သက်ဆိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။ အိုင်စီပျက်သွားရင် ဒီလိုပဲ ပါဝါပေးနှုန်း မမှန်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းက ဖြစ်တာဆိုရင်တော့ ပြုလုပ်ဖို့ခက်ခဲတယ်လို့ ပြောကြပါတယ်။ Hardware ပိုင်းဖြစ်တာဆိုရင်တော့ အိုင်စီပိုင်းကို စစ်ဆေးလိုက်ပြီး အသစ်ပြန်လဲရမယ်ဆိုရင်လည်း လဲလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ ဖုန်းထဲက Hardware တစ်ခုခုကိုဖြုတ်ပြီး အသစ်ပြန်လဲလိုက်ပြီဆိုရင်တော့ ဖုန်းက နဂို Original အတိုင်း ပြန်ကောင်းနိုင်ဖို့၊ မကောင်းနိုင်ဖို့ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ဖုန်းထဲကအိုင်စီကို ဖြုတ်လဲတယ်ဆိုရင်တောင် ဖုန်းတွေရဲ့ ဆားကစ်ပြားတွေက စက်တွေနဲ့ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ပြည်တွင်းက ဆားဗစ်သမားတွေက လက်နဲ့ပြန်ပြီး ခဲဆော်တာတို့ ဖြုတ်တာတို့လုပ်ရတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြန်လည်တပ်ဆင်တဲ့အခါမှာဆိုရင်လည်း အခက်အခဲရှိပါတယ်။ ပစ္စည်းအသစ် လဲလိုက်တဲ့ဖုန်းတွေမှာဆိုရင် ပါဝါသုံးစွဲမှုနှုန်း အနည်းငယ်ကွာဟသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြုပြင်ချင်တယ်ဆိုရင် ပြုပြင်လို့ရနိုင်ပေမယ့် ဖြစ်လာမယ့် အကျိုးဆက်လေးတွေတော့ အနည်းငယ်ရှိနေပါတယ်။
Samsung Galaxy SII ဖုန်းကို Android OS ပြောင်းလဲထည့်သွင်းကြည့်တာ မရဘူးဖြစ်နေပါတယ်။ ဖုန်းအတွက်လိုအပ်တဲ့ OS ဖိုင်ကိုလည်း Download လုပ်ထားပါတယ်။ Odin ဆော့ဖ်ဝဲကိုလည်း ထည့်ထားပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ချိတ်ပြီး Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပေမယ့် Odin က ဖုန်းကိုချိတ်ထားတာကို မသိဘူးဖြစ်နေပါတယ်။ Odin ထဲမှာလည်း ဖုန်းရဲ့ ROM က မပေါ်ဘူးဖြစ်နေပါတယ်။ ROM ကိုနှိပ်ပြီးကြည့်တော့လည်း ကျွန်တော် Download ဆွဲထားတဲ့ Firmware ဖိုင်ကိုလည်း Odin ထဲမှာ မမြင်ရဘူးဖြစ်နေပါတယ်။ Firmware ဖိုင်ကတော့ ကွန်ပျူတာထဲမှာ ရှိနေပါတယ်။ ဒီတိုင်းကြည့်ရင် မြင်ရပြီး Odin ထဲကနေ Browse လုပ်ပြီးကြည့်ရင် မမြင်ရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
Samsung Galaxy SII ဖုန်းအတွက် Android OS ပြောင်းလဲထည့်သွင်းတဲ့နေရာမှာ လိုအပ်ချက်တွေကို ဖော်ပြပေးခဲ့ဖူးပါတယ်။ ကိုယ်ထည့်သွင်းမယ့် OS ROM ဖိုင်၊ Odin ဆော့ဖ်ဝဲတွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေပြည့်စုံနေလျက်နဲ့ မရဘူးဆိုရင်တော့ ပြန်လည်ဆန်းစစ်ရပါမယ်။ ပထမဆုံးအနေနဲ့ ဖုန်းကို Download Mode ခေါ်ပြီး ကွန်ပျူတာမှာချိတ်ပါ။ ပြီးရင်တော့ Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ဒီနေရာမှာ Odin ထဲမှာ ဖုန်းချိတ်ထားတာကို မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဖုန်းရဲ့ USB စနစ်နေရာကို စစ်ဆေးရပါမယ်။ USB ကိုစစ်ဆေးတဲ့နေရာမှာ ကွန်ပျူတာမှာဖုန်းရဲ့ USB က Data D, Data E အစရှိသဖြင့် မပေါ်ဘဲနဲ့ i9100 ဆိုပြီးပဲ ပေါ်နေတယ်ဆိုရင်တော့ ဒါက Samsung Driver လိုအပ်နေတာဖြစ်ပါတယ်။ Driver run လိုက်ပြီး ပြန်ချိတ်ကြည့်လိုက်ရင် အဆင်ပြေနိုင်ပါလိမ့်မယ်။ Driver ထည့်သွင်းပြီး Odin နဲ့ပြန်ချိတ်ကြည့်တဲ့အခါမှာ ဖုန်းရဲ့ ROM ကိုမြင်ရပြီဆိုရင်တော့ ရပါပြီ။ ဒုတိယတစ်ခုဖြစ်တဲ့ ဖုန်းထဲကိုထည့်သွင်းမယ့် ကိုယ့်ရဲ့ Firmware ဖိုင်ကို မမြင်ရဘူးဆိုတာကလည်း Driver မရှိရင် ဖြစ်တတ်တဲ့ပြဿနာပါပဲ။ တစ်ခါတစ်ရံမှာတော့ ကိုယ်ဆွဲထားတဲ့ Firmware Download ဖိုင်ရဲ့ File Format ဟာ ကိုယ့်ရဲ့ကွန်ပျူတာကမသိတဲ့ Format မျိုးဖြစ်နေတယ်ဆိုရင်လည်း ဒီလိုမျိုး မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်။ Firmware ဖိုင်ဟာ Zip ဖိုင်ဖြစ်နေတယ်ဆိုရင်လည်း တစ်ခါတစ်ရံမှာ မမြင်ရတတ်ပါဘူး။ Zip ဖိုင်ဆိုရင် ပြန်ဖြည်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။
Samsung Galaxy S ဖုန်းကို Android OS Version 4.0.4 ကိုမြှင့်တင်လိုက်တာ ဖုန်းက Security စနစ်တွေ ဘာမှအသုံးပြုလို့ မရတော့ဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရင် Security စနစ်တွေကို အသုံးပြုလို့ ရနိုင်ပါမလဲ။ Screen Lock စနစ်တွေနဲ့ အခြား Screen Pattern Lock, Screen Pin Lock စနစ်တွေ ဘာကိုမှ အသုံးပြုလို့မရဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဖုန်းထဲမှာအစက Proximity Talk ဆော့ဖ်ဝဲကို အသုံးပြုထားပါတယ်။ ဗားရှင်းတင်လိုက်ပြီးတော့ ဒီဆော့ဖ်ဝဲက အသုံးပြုလို့မရတော့ဘူး ဖြစ်နေပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်တာနဲ့ ဖုန်းက ဟန်းနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
Samsung Galaxy S ဖုန်းကို ICS တင်လိုက်ရုံနဲ့ ဒီလိုဖြစ်သွားတယ်ဆိုရင်တော့ ဒါက ဖုန်းနဲ့မသက်ဆိုင်ပါဘူး။ ဖုန်းထဲကို ထည့်သွင်းလိုက်တဲ့ OS ရဲ့ဗားရှင်း ဒါမှမဟုတ်ရင် OS ရဲ့ Error အစရှိတဲ့ အချက်တွေနဲ့ပဲ သက်ဆိုင်နိုင်ပါတယ်။ ICS ရဲ့ အချို့ဗားရှင်းတွေမှာ ဒီလိုမျိုးတွေရှိတတ်သလို အချို့ဖုန်းတွေမှာဆိုရင်လည်း ICS နဲ့ လုံးဝအဆင်မပြေတာမျိုး တွေ့ရတတ်ပါတယ်။ အချို့ Samsung Galaxy SII ဖုန်းအချို့မှာလည်း ဒီလိုပြဿနာမျိုးကို မြင်ဖူးပါတယ်။ ဖုန်းရဲ့ Screen Lock စနစ်တွေကို ဘယ်လိုမှ အသုံးပြုလို့မရတော့ဘဲနဲ့ ဖုန်းက Security စနစ်တွေ အလုပ်မလုပ်တာမျိုး ရှိပါတယ်။ ဒါ့အပြင် ဖုန်းမှာ ဒီလိုဖြစ်နေတယ်ဆိုရင် ဖုန်းကို ပါဝါပိတ်ကြည့်လိုက်ပါ။ ပါဝါပိတ်တဲ့အချိန်မှာ Android OS ဖုန်းတွေရဲ့ထုံးစံအတိုင်း Airplain Mode လုပ်မလား၊ Silent Mode လုပ်မလား၊ ပါဝါပိတ်မလား အစရှိသဖြင့် မေးတာမျိုး မတွေ့ရတော့ဘဲ YES or NO မရှိတော့ဘဲ တိုက်ရိုက်တန်းပြီး ပါဝါပိတ်သွားတာမျိုး ဖြစ်တယ်ဆိုရင်တော့ ဒါက OS နဲ့ဖုန်းနဲ့က အဆင်မပြေလို့ဖြစ်နေတယ်ဆိုတာ သေချာပါပြီ။ ဒါဆိုရင်တော့ နောက်ထပ် ICS OS Version အသစ်တစ်ခုကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ဒါမှပဲ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို အကောင်းဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Proximity Talk ဆော့ဖ်ဝဲကို အသုံးပြုလို့ မရတာကလည်း OS နဲ့ဖုန်းနဲ့ အဆင်မပြေလို့ဖြစ်တဲ့ OS Error ကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။ အချို့ OS တွေမှာ ပြင်ပကနေ ထည့်သွင်းအသုံးပြုတဲ့ဆော့ဖ်ဝဲ Application တွေကို အသုံးပြုလို့မရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါမျိုးကတော့ အများစုအနေနဲ့ Custom ROM တွေမှာပဲ အဖြစ်များတတ်ပါတယ်။ Official ROM တွေမှာတော့ ဒီလိုအဖြစ်မျိုး ရှားပါတယ်။
by ကိုသက်

0 comments:
Post a Comment