www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ချစ်သူ့ကျိန်စာ

၁၉၃၉-ခု စက်တင်ဘာလတွင်ရေးသည်။
" ကိုအောင်ဒင် ရှင့်ကို ကျမပြောရပေါင်းလဲများပြီ ကျမရဲ့ အမေဟာ ကဝေမကြီးတဦးဆိုတာ လူတိုင်းသိနေတဲ့အတွက် ကျမကို ကိုအောင်ဒင်ချစ်ဘို့မတော်ဘူးလို့ထင်ပြီး အငြင်းကြီးငြင်းပယ်နေရခြင်းဖြစ်ပါတယ်။ ကျွန်မတို့ကို လူတကာက ဆေးဘော်ကြောဘက်မလုပ်ချင်အောင်ကွင်းရှောင်နေကြတဲ့အထဲမှာ ကိုအောင်ဒင်တို့လို လူဂုဏ်တန်တဦးရဲ့ သားက ကျမကို မေတ္တာထားတယ်ဆိုတော့ ကိုအောင်ဒင် အများရဲ့ တံတွေးကွက်မှာ ပက်လက်မျောတော့မှာဘဲ။ နို့ပြီးတော့ ကိုအောင်ဒင်ရဲ့ မိဘများကလဲ ချစ်လှတဲ့သားကို အများဝိုင်းပယ်ထားတဲ့ မဝေမယ်တဦးရဲ့ သ္မီးကို ယူရမလားလို့ အများကြီး ကန့်ကွက်ကြမှာ အမှန်ဘဲ။ အဲဒီလိုအခါမှာ မိဘများနဲ့ ကိုအောင်ဒင် စိတ်သဘောအကွဲကြီးကွဲရရင်ကော ကောင်းနိုင်အုန်းမလား။ မိဘနဲ့သားသမီးဆိုတာ တသက်လုံးပျက်စဲနိုင်ကြတာမျိုးမဟုတ်တော့ ကိုအောင်ဒင်လဲ တဖြည်းဖြည်းစိတ်ဆင်းရဲလာပြီး ကျမနဲ့နေရထိုင်ရတာကို ငြီးငွေ့လာမယ်။ ကိုအောင်ဒင် ကျမကို အခုချစ်နေသလောက် နောက်ဆုံးကျတော့ မုန်းတီးကြရမှာတွေမြင်ပြီးသားမို့ မီးကိုမလောင်မှီက တားထားရတယ် ဆိုတဲ့ သဘောမျိုးနဲ့ တောင်းပန်တိုးလျှိုးရခြင်းဖြစ်ပါတယ်။ ကျမဟာ ကိုအောင်ဒင်ကို အခုလိုမချစ်လို့ပြောတယ်လဲမထင်ပါနဲ့နော် ကိုအောင်ဒင်က ကျမအပေါ်မှာ ချစ်နေသလောက် ကျမလဲ ကိုအောင်ဒင်ရဲ့ အပေါ်မှာ အချစ်ကြီးကိုချစ်နေပါတယ်။ ဒါပေတဲ့ နောင်ရေးကိုတွေးလိုက်တိုင်းစိတ်မအေးဘို့တွေမြင်မြင်လာလွန်းတာတကြောင်း ကိုအောင်ဒင်ကိုချစ်လွန်းတဲ့အတွက်ကြောင့်လဲ ကျမလိုအရပ်က ၀ိုင်းပယ်ထားခြင်းခံရတဲ့ မိန်းမတဦးနဲ့မဖြစ်စေချင်တာတကြောင်း အဲဒီလိုအကြောင်းကြောင်းတွေငဲ့ကွက်ပြီးငြင်းနေရတာပါ ကိုအောင်ဒင်ရယ် "
ဟု လှဝင်းက ဖြည်းညှင်းချိုသာစွာပြောနေသည်ကို အလိုမကျနိုင်သော ကျွန်တော်ကား ခေါင်းကိုတွင်တွင်ကြီးသာခါ၍နေရာမှ
"မလှဝင်း-ကျုပ်ကို ဒီလိုပြောပေါင်းများလှပြီ။ ဒီစကားတွေကို မလှဝင်းဆီကကြားရလွန်းလို့
ကျုပ်တော့အလွတ်မျာတောင်ရနေပါတယ်။ ဒါပေတဲ့ ကျုပ်
မလှဝင်းကို မချစ်ဘဲမနေနိုင်ဘူး။ ကျုပ်မိဘက သဘောမတူကော ဘာကိစ္စရှိသလဲ။
ပေါင်းကြရမှာက ကျုပ်နဲ့မလှဝင်း။ ကျုပ်မိဘနဲ့ဘာမှဆိုင်တာမဟုတ်ဘူး။ မိဘမကလို့
တကမ္ဘာလုံးက သဘောမတူလို့ ၀ိုင်းဖျက်ကြ ဖျက်ကြ ကျုပ်တော့ မလှဝင်းကို
မချစ်ရသမျှ မအေးနိုင်ဘူး။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတာလို
ဘယ်သူဘာပြောပြော ကျုပ်အချစ်ကို မလှဝင်းလက်ခံမှဖြစ်မယ်။ ဒီလိုအကျယ်အကျယ်
မငြိမ်းဘွယ်ရာ စကားတွေကိုပြောနေမဲ့အစား မလှဝင်း ကျုပ်အချစ်ကို လက်ခံမလား
လက်မခံဘူးလား ဒါဘဲ ပြတ်ပြတ်သားသားပြောပါ။ ကျုပ်ဟာ မလှဝင်းဘာဆိုတာသိပါတယ် ဒါတွေစကားလုပ်ပြောမနေပါနဲ့တော့ "
ဟု စိတ်ထက်မြက်သောအရွယ်ဖြစ်သည့်အလျှောက် ကျွန်တော်၏များလှသော
အချစ်စိတ်များကို ဘိနှိပ်ချုပ်တီးထားခြင်းငှာ မတတ်နိုင်တော့သဖြင့်
နေ့နှင့်အမျှ တဖွဖွတောင်းပန် အသနားခံပြီး နားပူသံကြပ်ကြီးလုပ်နေတော့ရာ
မလှဝင်းမှာလည်း ကျွန်တော့်ကိုငြင်းပင်ငြင်းရစေကာမူ အတွင်းကအချစ်ကို
ဖုံးဖိသိုသိပ်မထားနိုင်ရှာဘဲ မျက်တောင်ကလေးအမြဲစင်းပြီး အငေးကြီးငေးရင်း
နားထောင်နေရာမှ သက်ပြင်းကလေးချကာ.......
" ကိုအောင်ဒင် " ဟုဖြေးညှင်းစွာ ခေါ်လိုက်သည်တွင် ကျွန်တော်ကလည်း.....
" ဘာတုံး မလှဝင်း ကျုပ်အချစ်ကို လက်ခံတော့မယ်လား "
ဟု အားတက်သရောကြီးမေးလိုက်သည့်တိုင်အောင် မလှဝင်းမှာ
အေးဆေးစွာနှင့်ပင်.....
" ကျမဟာ လူတိုင်းသိနေတဲ့ နာမည်ကျော်ကဝေမကြီး ဒေါ်ခိုရဲ့ သမီးဆိုတာ ရှင်သိပြီးသားနော် "
ကျွန်တော် ။ ။ သိပါတယ်ဗျာ သိပါတယ်။ ဒါဘာဖြစ်သလဲ ကျုပ်ချစ်ရင်ပြီးတမ်းဘဲ။
ဝင်း ။ ။ နေအုံးလေ ဒါလောက်လဲရှေ့ လောမကြီးပါနဲ့ ကဝေသမီးဆိုရင်ညံ့တော့မလား။ ကျမလဲ အနည်းဆုံး စုန်းပညာလောက်ပဲဖြစ်ဖြစ် အောက်ထစ်တတ်လိမ့်မယ်ဆိုတာ ရှင်မစဉ်းစားမိဘူးလား ကိုအောင်ဒင်ရဲ့ ။
တော် ။ ။ အို-စုန်းတတ်ရုံမကဘူး မလှဝင်းကိုယ်တိုင် ဆယ့်နှစ်ကြိုးစီးနေတဲ့ ကဝေမကြီးဘဲဖြစ်နေနေ ကျုပ်အချစ်တွေကို နဲနဲမှမလျှော့ပါဘူး ။ ဒါတွေကို စာဖွဲ့မနေစမ်းပါနဲ့လေ။
ဝင်း ။ ။ မဟုတ်သေးဘူးကိုအောင်ဒင်။ ဒါတွေအချစ်အဆိပ်တက်နေတုန်းမို့ ဒါလောက်စိတ်ပါကိုယ်ရောက်ပြောနေတာ တကယ်သာ ကျမနဲ့ချစ်မိကြလို့ရိုးလာတဲ့တနေ့မှာ ရှင်ခုလောက် ဇွဲကြီးနေတော့မှာမဟုတ်ဘူး။ အဲဒီလိုလည်းဇွဲလျှော့သွားရော ငြီးငွေ့ရွံ့ ရှာပြီးမုန်းစရာကောင်းတဲ့ကျမရဲ့ အပြစ်အနာဂတ်ကြီးတွေတခုပြီးတခုပေါ်လာတဲ့အခါ ရှင်ကျမကိုစွန့်ပစ်ထွက်သွားမှာ အမှန်ဘဲလို့ ကျမရဲရဲကြီးဆိုဝံ့တယ် ကိုအောင်ဒင်..........
တော် ။ ။ ဒီလိုကြိုတင်ပြီးတွေးထားတာဟာ မလှဝင်းတက်တက်စင်မှားနေတာဘဲ။ ကိုအောင်ဒင်ရဲ့ အချစ်ဟာ ဒီဘ၀ကိုမဆိုထားနဲ့နောက်ဘ၀အဆက်ဆက်မှာတောင် မလှဝင်းအပေါ်အချစ်မပျက်ဘဲ အသစ်စက်စက်ရည်းစားကလေးကိုချစ်သလိုချစ်ပါမယ်ဆိုတာ မလှဝင်းပေးချင်တဲ့ကျိန်စာကိုပေးထားပါ။ ချစ်သူ့ကျိန်စာကို လေးလေးနက်နက်ကြီး သစ္စာစောင့်ထိန်းပါမယ်။ယုံပါမလှဝင်းရယ်။
ဝင်း ။ ။ ရှင်တကယ်ကျိန်စာဆိုမယ်လား ကျမလဲရှင့်ကိုချစ်ပါတယ်။ ရှင့်အလိုကိုလိုက်ချင်ပါတယ်။ သို့ပေမဲ့ အခုချစ်တဲ့စိတ်နဲ့ရှင့်အလိုကိုယိုင်မိရင် နောင်ခါကျမသာ လွမ်းဆွေးဒုက္ခဖြစ်ကျန်ရစ်ရမှာ ကြောက်လွန်းလို့ပါ ကိုအောင်ဒင်ရယ်။ ကိုအောင်ဒင်ကျမကို သိပ်ချစ်နေတယ်ဆိုတာလဲသိရဲ့ ။ ဒီလိုသူချစ်ကိုယ်ချစ် နှစ်ဦးနှစ်ဘက်ညီညွတ်နေတာတောင် နောင်ခါမလွှဲသာမရှောင်သာအောင် တွေ့ကြုံလာရမဲ့ အနှောင့်အယှက်အရေးတွေကိုတွေးမိတိုင်း မုန့်တီဟင်းလို အကွင်းလိုက် အကွက်လိုက်မြင်ပြီးသာဖြစ်နေတဲ့အတွက် ရှင့်အချစ်ကိုယုံပေတဲ့ မယုံဝံ့အောင်ဖြစ်လာခဲ့ရတယ်။ အခုလိုများ ကျမယုံလောက်အောင် စိတ်ချလောက်အောင် ကျိန်စာသောက်မယ်ဆိုရင် ရှင့်ဘက်က မိုးပေါ်က သိကြားမင်းကြီးဆင်းဖျက်မှာတောင် ကျမမကြောက်တော့ပါဘူး ကိုအောင်ဒင်ရဲ့ "
ဟုပြောလိုက်သောအခါ ကျွန်တော်မှာ အလွန်တရာအားတက်လျှက် ကျိန်စာရေသောက်ရန် မဆိုထားဘိ ကမ္ဘာကြီးတခုလုံးကို ငုံထားရစေကာမူဝန်မလေးဘဲ သကြားခဲ ထန်းလျှက်ခဲကလေး ငုံထားရသလို အချိုကြီးချိုပစ်လိုက်မိသဖြင့်.....
" မလှဝင်း-ယုံကြည်စိတ်ချလောက်တဲ့ ကျိန်စာကိုပေးပါ ကျုပ်ခုချက်ချင်းသောက်ပါမယ်။ ကုန်းဘေး ရေဘေး ဒါးဘေး လှံဘေးမှစပြီး ဘယ်လိုကျိန်စာကြီးမျိုးကိုမဆို ကျုပ်ကျိန်ပြပါမယ် "
ဟု ထပ်ခါထပ်ခါ ယုံကြည်စိတ်ချစေရန်ပြောခြင်းဖြင့် နောက်ဆုံးတွင် ချစ်လျက်သားနှင့် မစွန့်စားဝံ့သော မလှဝင်းကလေးမှာ အားတက်လာရှာပြီးလျှင်.........
" ဒါဖြင့် ကျမယုံဝံ့ပါပြီ ကိုအောင်ဒင်ရယ်။ ကိုအောင်ဒင် ဘယ်သူဘဲဖျက်ဖျက် ကျမအပေါ် အချစ်မပျက်ပါဘူးဆိုတဲ့အကြောင်းသာ ကျမကိုယ်တိုင် ခိုင်ခိုင်မာမာကြီး ကျိန်စာတိုက်ပြီးတဲ့အချိန်ကစပြီး ကျမကိုယ်ကိုပုံအပ်ပါတာ့မယ် "
ဟု- အာမ၀န်တာခံလိုက်ရှာသည်တွင်ကား ကျွန်တော်မှာ အတိုင်းမသိအောင် ပီတိသောမနဿဖြစ်၍သွားမိတော့သည့်အတိုင်း မလှဝင်းကို မြန်မြန်ပိုင်ဆိုင်လိုသောဆန္ဒဖြင့် ချစ်သူ၏ကျိန်စာကို ကျေနပ်စွာခံယူလိုက်မိပြီး နှစ်ယောက်သားအပျော်ကြီးပျော်လျှက် တစ်ယောက်မျက်နှာတစ်ယောက် အပျောက်မခံနိုင်ဘဲ အချစ်လွန်ပွဲကြီးကို တအားနွဲ၍နေမိကြပါတော့သည်။
ချစ်သူ့ကျိန်စာကား အလွန်တရာဆိုးဝါးရက်စက်လှသောကျိန်စာများနှင့်ပြည့်နှက်၍နေတော့၏။ ကျွန်တော်သည် မလှဝင်းကိုအချစ်ပြယ်ကာ စွန့်ပစ်ထွက်ခွာမသွားပါ။ အချစ်ပျက်၍ စွန့်ပစ်ထားခဲ့သော် ဒါးဘေး လှံဘေး လက်နက်အမျိုးမျိုးဘေးထိပါစေ။ ကုန်းသွားကုန်းဘေး ရေသွားရေဘေး မိုးကြိုး လောင်မီးစသော ဘေးကြီးများထိပါစေ။ တနေ့တခြား ထင်းမီးပမာ လူညွန့်လူစတုံးပြီး ငုံးငုံးတိုပါစေ။ စသောကျိန်စာများအပြင် တရားခွင်တွင်ကျမ်းတိုက်ရသော ကျိန်စာမျိုးထက် စုံလင်လှသည့်ကျိန်စာများကို မလှဝင်းကိုယ်တိုင်ပြာချတိုက်လျှက် ပါးစပ်ကလည်း နှုတ်တိုက်လိုက်၍ဆိုရကာ သူတို့စုန်းကဝေပညာနှင့်လည်း ဘာတွေကိုဘယ်ကဲ့သို့ အဆစ်ထည့်စီမံကြသည်မသိ ကျွန်တော်၏စိတ်ရင်းအချစ်ဓာတ်ကလည်း ပြင်းထန်စွဲလမ်း၍ ငန်းငန်းတက်ဖြစ်ခါ တကဲ့အချစ်စစ်အချစ်မှန်နှင့်ချစ်လာသူဖြစ်သည့်အလျှောက် ထိုမျှကြမ်းကြုတ်လှသော ကျိန်စာများကို သောက်ရန်မကြောက်မရွံ့ နောက်မတွံ့ ဘဲ ရဲရဲရင့်ရင့်နှင့် ပေါ့ပါးလျှင်မြန်စွာ သောက်လိုက်ခြင်းဖြစ်ပါသည်။ဤမျှချစ်ရ၍ဤမျှစွန့်စားရသည့်အလျှောက်လည်း တယောက်နှင့်တယောက်မှာ အပျောက်မခံနိုင်အောင် အချစ်ကြီးချစ်မိကြခြင်းဖြစ်သည်ဟု ယုံကြည်မိပါသည်။ ယုတ်ညံ့သော ပညာသယ်သမီးမို့ အောက်လမ်းပညာစွမ်းဖြင့် ကျွန်တော်လိုလူတဦးကို လှည့်ပတ်ယူငင်သည်ဟု ထင်ကြမည်ဆိုက ထင်စရာရှိသော်လည်း မလှဝင်းသည် ကျွန်တော်အားလှည့်စားခြင်းမရှိ။ ပကတိဖြောင့်သားတော်မှန်သော အချစ်စစ်ဖြင့်သာ လက်ခံရှာကြောင်းကို ကျွန်တော်ကောင်းကောင်းကြီး သိရှိပါသည်။ ကဝေမသမီးဖြစ်၍ ပညာအနည်းငယ်တတ်သည်ကတခြားဖြစ်ရုံမက ကျွန်တော်ဦးစွာပထမ သူကလေးကို စ၍ချစ်ရသည်မှာလည်း ကဝေမကြီးဒေါ်ခိုတွင် သမီးချောကလေးတယောက်ရှိကြောင်းပြောသံကြားနှင့်ပင် အလကားနေရင်း ချစ်နေမိရာက သူ့ကိုမြင်ချင်လှသောစိတ်က တဖိတ်ဖိတ်လျှံလျှက်ရှိနေမိပါ၏။ သို့နှင့်တနေ့တွင် သူ့ကိုမမြင်ရမြင်ရအောင် မြင်နိုင်မည့်ဋ္ဌာနက လှမ်း၍ မရအရကြည့်မိသဖြင့် သူကလေးကို အဝေးကမြင်ရုံနှင့်ပင် ရှေးဘ၀ကချဘူးသောရေစက်ကြောင့်လားမသိ မြင်လျင်မြင်ခြင်း တန်းတန်းစွဲ ချစ်မိရုံမက မမြင်ရလျှင်မနေနိုင်သလောက် အသဲစွဲသွားခဲ့ခြင်းကြောင့် ဤကဲ့သို့ ကျွန်တော်ချစ်ရသည်မှာ သုကလေး၏ပယောဂ လုံးဝကင်းရှင်းလျှက်ကျွန်တော်၏မေတ္တာစစ် သက်သက်ဖြင့် ချစ်ရခြင်းဟုကျွန်တော်ကိုယ်တိုင် ကိုယ့်အကြောင်းကိုယ်သိပြီးဖြစ်ခါ ကျွန်တော်၏အချစ်ကို ကျွန်တော်သံသယကင်းရှင်းလှပါ၏။ သူနှင့်ကျွန်တော် အဆက်အသွယ်မရှိ၍ အစာမိနိုင်စရာမရှိ ဆေးနှင့်ဝါးနှင့်လည်း မစွန်းငြိနိုင် အကြောင်းမရှိပကတိသန့်ရှင်းမွန်မြတ်သောမေတ္တာစစ်ဖြင့် မြင်လျှင်မြင်ခြင်းစ၍ ချစ်လိုက်စေကာမူ အများ၏အထင်မှာမူကား စုန်းမသားအမိက ပညာစွန်းနှင့် ငန်းငန်းတက်ချစ်အောင် ကျွန်တော့်အားဘမ်းစားထားလေပြီဟု အယူရှိနေကြတော့လျှက် ထိုသို့အယူရှိကြသူများအနက် ကျွန်တော်၏ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းတို့မှာ " အောင်ဒင်တယောက်တော့ စုန်းစုန်းနစ်ပြီ။ ကဝေမကြီးသမီးနှင့်ညားသွားပြီ။ ဒီကောင်လူညွန့်တုံးပြီ။ နလံမထူနိုင်အောင်နစ်မွန်းသွားပေါ့ " ဟု စုတ်တသပ်သပ် ရင်ပတ်တမမနှင့် ကျွန်တော်၏နောက်ကွယ်ရာတွင် ပြောဆိုနေကြရုံမျှမက ကျွန်တော်၏မိဘများထံသို့လည်း စာတိုစာရှည်တွေပေးပို့လျှက် ကျွန်တော်၏အဖြစ်အပျက်များကို အစီရင်ခံလိုက်ကြပါတော့သည်။
ကျွန်တော်၏မိဘများမှာ တမြို့ တရွာတွင် အလုပ်ကိစ္စရှိသဖြင့်သာ
ကျွန်တော့်ကိုခွဲထားရသော်လည်း သားအတွက် တရက်မျှ စိတ်မချနိုင်ရှာကြသူများ
ဖြစ်သည့်အပေါ်တွင် ကျွန်တော် ကဝေမသမီးနှင့်
ရနေကြောင်းသိကြသည်နှင့်တပြိုင်နက် ဆွေ့ဆွေ့ခုန်နေကြပါတော့သည်။ အမေကား
တက်၍တက်၍ပင်သွားသောကြောင့် အနားကအနှိပ်သယ်နှင့် သွေးဆေးပုလင်းနှင့်
မခွာရကြောင်း နောက်မှ သိရှိရပါသည်။ သို့နှင့်မိဘများမှာ
ကျွန်တော်ရှိရာသို့ကားလိုက်မလာကြ ကျွန်တော့်ထံသို့လည်း
ဆူပူကြိမ်းမောင်းစာမပို့ဘဲ သုံးလေးရက်မျှ အမျိုးမျိုးအကြံထုတ်နေကြပါသည်။
ကျွန်တော်ကား ဘယ်သူဘာဖြစ်နေသည်မသိ ချစ်သူနှင့်အဓိကရ ပျော်ရွှင်နေရသည်ကိုပင်
မိုးမမြင်လေမမြင် ဖြစ်လျှက်က တနေ့သောအခါ ကျွန်တော်၏ ပျော်ရွှင်မှုကို
နှောင့်ယှက်ဖျက်ဆီးမည့် သံကြိုးတစောင် ရောက်၍လာပါတော့သည်။
ကြေးနန်းစာ၏အဓိပါယ်မှာ " မိခင်မျှော်လင့်စရာမရှိ အမြန်ဆုံးလိုက်လာခဲ့ " ဟု အဘေ့နာမည်နှင့် ရိုက်လိုက်သောကြေးနန်းဖြစ်ပါသည်။ ကျွန်တော်ကား မိခင်ကြီးအတွက် မျက်ရေများလယ်မိတော့ကာ ပြာပြာသလဲအထုပ်အပိုးပြင်မိတော့၏။ အမေ-အမေ- ငါ့အမေကိုငါသိပ်ချစ်တယ်။ အမေကလည်း ငါ့ကိုအင်မတန်ချစ်တဲ့သား။ ငယ်တဲ့အရွယ်မဟုတ်လို့သာ သူ့ရင်ခွင်ထဲမှာ ပိုက်ပိုက်ထွေးထွေးလုပ်မထားနိုင်လို့နေရရှာတာ။ ငါ့ကျေးဇူးရှင်မိခင်ကြီး အသက်မှမှီပါတော့မလားဟု တယောက်ထည်းထည်းအရူးကြီးပမာဖြစ်နေရာတွင် မလှဝင်းမှာလည်း မျက်နှာမကောင်းရှာဘဲ ကျွန်တော်သွားမည်ကို အနည်းငယ်မျှသဘောမတူနိုင်စေကာမူ မိခင်၏အရေးဖြစ်၍ မတားမြစ်ကောင်းသည်နှင့်သာကြည့်နေလိုက်ရရှာသည်တိုင်အောင် မျက်လုံးအိမ်ထဲတွင်မူကား မျက်ရည်ကလေးများစိုးစပ်နှင့်-


" ကိုအောင်ဒင် သိပ်ကြာကြာကြီးလဲမနေနဲ့နော်။ မောင့်မေမေသက်သာရင် မြန်မြန်ကလေးပြန်လာခဲ့ပါ။ ကျမတော့လွမ်းနေတော့မှာဘဲ ကိုအောင်ဒင်ရယ်။ အတူတူလိုက်လာဘို့ရာကလဲ ကျမခြေအမြစ်နဲ့ ဇစ်မြစ်ကမဟန်တော့ လူသူလေးပါးအလယ်မှာ လိုက်လာရမှာဝန်လေးလွန်းလို့သာ နေရပါတော့မယ်။အဲ-ဒီတော့ မောင့်မေမေသက်သာပြီး စိတ်ချလာရတာနဲ့တပြိုင်နက် ချက်ချင်းပြန်ခဲ့နော်။ ကျမလည်းမျှော်နေမယ်။ မောင့်မေမေမာစေကြောင်းကိုလည်း ကျမတတ်နိုင်သမျှ စိတ်ကောင်းထားနေပါမယ်။ ဘုရားမှာညောင်ရေလောင်းပြီး ဆုတောင်းဘို့ဆိုတော့ ကျမတို့ရဲ့ဘ၀က ရတနာသုံးပါးကို များများကြီးရှောင်ကွင်းရတဲ့ ဘ၀ဖြစ်နေလို့ တတ်နိုင်သမျှနှင့်ကူညီပါမယ်ရှင် "
ဟု ကရားရေလွတ်သလို တတွတ်တွတ်ပြောလျက် မျက်ရည်ကလေးစက်စက်နှင့်သာ သွားခါနီးတွင်နောက်ထပ်၍လည်း-
" ကိုအောင်ဒင်ရေ သွားတော့နော် မတားကောင်းတဲ့ကိစ္စဖြစ်နေလို့သာ ခွဲပြီးလွှတ်ရတယ်။ ကျမစိတ်ထဲတော့အလေးသားဘဲ။ ပြန်မလာဘဲများမနေပါနဲ့နော် ကိုအောင်ဒင်။ ရှင်သောက်ထားတဲ့ကျမရဲ့ ကျိန်စာရေတွေလည်းရှိတယ်နော် ဘယ်သူဘယ်လိုဖျက်ဖျက် မပျက်ပါနဲ့ကိုအောင်ဒင်ရယ်။ အခုလေ ကိုအောင်ဒင်ချစ်တာထက် တံပိုးတိုးချစ်နေတယ်ဆိုတာလဲ မောင်သိပါတယ်နော်။ တကယ်လို့ စိတ်ဘောက်ပြားမယ်ကြံရင် ကျမမျက်နှာကလေးတွေးမြင်ပြီး အစဉ်သနားဘို့သင့်ပါတယ်မောင်ရယ် "
ဟု ၀မ်းနည်းလှိုက်လှဲစွာပြောသောအခါမူကား ကျွန်တော်ကလည်း အသေအလဲချစ်ထားသူကလေးဖြစ်၍ တနေ့မမြင်တလထင် တရက်မမြင် တသက်ထင်နေသူဖြစ်သည့်အလျောက် ယောင်္ကျားရင့်မကြီးက မျက်ရည်ပေါက်များကျလာတော့မည် တကဲကဲဖြစ်လာတော့ကာ ယုယုယယကြင်ကြင်နာနာပွေ့ပိုက်ခါ-
" စိတ်ချပါမလှဝင်းရာ ကျုပ်မြန်မြန်ကြီးပြန်လာပါမယ်။ မတော်တာတွေတွေးပြီး စိတ်လေးမနေနဲ့နော်။ မောင့်အသက်သေမှသာ အချစ်ရဲ့ ကျိန်စာကိုသောက်ပြီး ပြန်မရောက်ဘဲရှိနေရမယ်။ မောင့်အသက်နဲ့ကိုယ်နဲ့မြဲသမျှတော့ အချစ်ကလေးနဲ့ နည်းနည်းမှမခွဲနိုင်ပါဘူး။ အခုတောင် မိခင်ကြီးရဲ့ အရေးမို့ မသွားမနေသလို့သွားရမှာ။ မောင့်စိတ်ထဲတော့ နဲနဲမှ မလှဝင်းနဲ့ မခွဲချင်ရိုးအမှန်ပါဘဲကွယ် "
ဟု ထိုစဉ်အခါက ကျွန်တော်၏ရင်ထဲမှာရှိသမျှ တိတိကျကျထုတ်ဖော်ပြောခဲ့မှ မလှဝင်းလည်း အတန်ကလေး စိတ်ချကျန်ရစ်ရှာပါတော့သည်။
အချစ်ညီညီနှင့်ရိုးဖြောင့်တည်ကြည်စွာချစ်ကြသူများဖြစ်သည့်အားလျော်စွာ ခွဲခွာ၍လာရသည်ဟုဆိုလျှင်ပင် တယောက်မျက်နှာကိုတယောက်ထင်မြင်၍ တွင်တွင်ကြီးလွမ်း၍နေရပါတော့သည်။ သို့နှင့်ကျွန်တော်လည်း မိဘများနေသောမြို့ သို့ဆိုက်ရောက်ခဲ့ပြီး အိမ်ပေါ်သို့တက်မိလျှင်ပင် မိခင်ကြီးအနားတွင် လူအများဝိုင်းအုံကာ နှိပ်နယ်ခြင်း နှာနှပ်ခြင်းပြုနေကြသည်ကို လှမ်းမြင်လိုက်မိသဖြင့် ။ ဟ- ငါ့အမေ မသေသေးဘူး။ အသက်မှီသေးတယ်ဟု အားတက်ခါ မိခင်ကြီးရှိရာသို့်ပြေးလာလျှက် " မေမေ မေမေ " ဟုခေါ်ကာ ဘက်လိုက်မိပါသည်။မိခင်ကြီးမှာ လူမှန်းမသိရှာ လက်တွေအကွေးသားနှင့်အစန့်သားတက်နေပါတော့သည်။ တခဏကြာမှ အတတ်ကျပြီး "
" မောင်အောင်ဒင်-မောင်အောင်ဒင် ငါ့သားရဲ့ အမေရင်ကွဲရချည်ရဲ့ လူကလေးရဲ့ "
ဟု အသံသဲ့သဲ့နှင့်နဲ့နဲ့ကလေး ညည်းညူနေရှာသည်ကို ကြားရသောအခါမူကား ကျွန်တော်ရင်ခွင်ထဲတွင်မချိတင်ကဲကြီးဖြစ်သွားမိကာ ငါ့အမေဟာငါ့အတွက်နဲ့ ဒီလိုဖြစ်ရတာပါကလား။ ငါဟာမြင်းမိုရ်တောင်ဦးမကကြူးတဲ့ ကျေးဇူးရှင်မိခင်ကြီးကို သေလှုနီးအောင် ဒုက္ခကြီးပေးမိပါပေါ့ကလားဟုကြီးစွာသော နောင်တကြီးရသွားမိပါသည်။ ထိုအခိုက်တွင်ပင် ဘခင်ကြီးနှင့်သားချင်းများကပါ မချိလှသောမျက်နှာနှင့် ကျွန်တော့်ကိုဝိုင်းကြည့်ကာ..........
by သရဲအကြောင်းပြောကြမယ် facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်