www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ချစ်သူ့ကျိန်စာ (၂)

" မောင်အောင်ဒင်ရယ် မင်းတယ်ပြီးမိုက်ပါကလားကွယ်။ ဘယ်လိုစိတ်ကူးမျိုးရလို့ ဒီကဝေမသမီးကိုမှ ရွေးပြီးယူရတာလဲ။ တကယ်လို့မင်းချစ်လှသပဆိုရင် မိနဲ့ဘနဲ့ ဆွေမျိုးများနဲ့တိုင်ပင်လို့ တောင်းစားရအောင်မွဲတေနေတဲ့အစားဖြစ်ပါစေ ရိုးရိုးသားသားထဲကဆိုရင် ကြည်ဖြူကြမှာပါဘဲ။ တို့လဲ ပစ္စည်းဂုဏ် ဆွေမျိုးဂုဏ်တွေကို ဒါလောက်လိုက်စားကြတာမဟုတ်ပါဘူး။ မင်းချစ်တယ်ဆိုရင်ဘာဘဲဖြစ်ဖြစ် သဘောတူကြမှာပါ။ အခုဟာကတော့ ကျော်မကောင်းကြားမကောင်း ယုတ်ညံ့လှတဲ့အစားထဲက ဘယ်သူကမှ ဆေးဘော်ကြောဘက်မလုပ်တဲ့အမျိုးနဲ့မှဖြစ်ရလေခြင်းဆိုပြီး တဆွေလုံးတမျိုးလုံး ကြူကြူချငိုယူကြရတယ်။ မင့်အမေဆိုတာတော့ မပြောနဲ့တော့ကွယ်။ ဒီအကြောင်းကြားတဲ့အချိန်ကစပြီး အလုံးတက်နေတာ။ ကျတယ်ဘဲမရှိဘူးလေ။ ဘယ်အချိန်အတက်မှာ အသက်ပါ-ပါသွားမယ်မသိတယ်။ အိပ်ရမှန်း စားရမှန်းလဲမသိ။ ဘယ်အခြေထိအောင် ခရီးဆိုက်နေပြီဆိုတာ ငါတို့အထူးပြောစရာ မလိုပါဘူးကွာ။ မင်းမြင်တဲ့အတိုင်းပါဘဲ "
ဟုပြောကြလျှက် ကျွန်တော့မျက်စိအောက်တွင်လည်း မိခင်ကြီးဖြစ်ထွေကို အတတ်ထင်မြင်နေရသောအခါ ကျွန်တော်၏ချစ်သူကလေးကို အသက်ပေး၍ချစ်ထားစေကာမူ ကျေးဇူးရှင်မွေးသမိခင်ကြီး၏အသက်မှာ ကျွန်တော့်လက်တွင်ရှိနေတော့သလို ဖြစ်လာသည်တွင် ဤအချိန်ဤအခါ၌ မိခင်ကြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိစေရန်သာ အရေးတကြီးလိုလားသောကြောင့်-
" မေမေ-ကျွန်တော်လေ အောင်ဒင်ရောက်လာပါပြီ မေမေရဲ့ ။ မေမေစိတ်ချမ်းချမ်းသာသာနေပါ။ ကျွန်တော် မေမေမကြိုက်ထာကို ဒီနေ့ကစပြီးဘာမှမလုပ်တော့ပါဘူး မေမေရဲ့် "
ဟု မိခင်ကြီးကိုပိုက်ဘက်ခါ မေမေ့နဖူးကလေးကို ကျွန်တော်၏ပါးနဲ့မှေးထားမိပါတော့သည်။ မိခင်ကြီးကား ကျွန်တော်၏အသံကို ကြားရလျှင်ပင် စိတ်ဇောကြီးစွာနှင့် ထူထူထောင်ထောင်အားယူကာထပြီး ကျွန်တော့်ကို တင်းတင်းကြပ်ကြပ်ကြီးဘက်ခါ အမျိုးမျိုးချော့မော့တောင်းပန်ရုံမက-
" မေမေ့ အသက်တော့ ငါ့သားလက်မှာပဲကွယ်။ ငါ့သားမေမေ့သနားရင် စုံးမကိုပစ်လိုက်ပါနော်။ မေမေ မင့်အတွက် ရင်ကွဲပက်လပ်ဖြစ်ရလွန်းလို့ပါသားရယ်။ မေမေဘယ်လိုဖြစ်နေတယ်ဆိုတာ ငါ့သားမြင်တဲ့အတိုင်းပါဘဲ "
ဟု မျက်ရည်ကလေး သုတ်သုတ်ပြီး တရှုပ်ရှုပ်ငိုကြွေးခါပြောနေရှာသောအခါ ကျွန်တော်ကလည်း မေမေ့ဖြစ်အင်ကို မမြင်ရက်တော့သဖြင့်မလှဝင်းကို အလွန်အမင်းချစ်နေသည့်အပြင် ချစ်သူ၏ကျိန်စာရည်ဝင်နေသည့်တိုင်အောင်။ ဟယ်-နောင်ခါမှ ရောက်ယားဘဲဟု စိတ်ကူးကာ ယခုအရေးတကြီး မေမေကျန်းမာလာပြီးစိတ်ချမ်းချမ်းသာသာနေဖို့က အရေးကြီးနေသောကြောင့် မိခင်၏စကားကို နားထောင်လိုက်ရပါတော့သည်။
ယခုကဲ့သို့ ကျွန်တော်က မိခင်အလိုသို့လိုက်လိုက်သောအခါမူကား မိခင်ကြီးမှာ တစ်နေ့တစ်ခြား ကျန်းမာလာလျှက် စိတ်လက်များချမ်းသာလာသည်ကို တွေ့မြင်သောအခါ ကျွန်တော်လည်း ချစ်သူကလေးထံပြန်လိုလျှက် ရုတ်တရက်မပြန်ဘဲ မိခင်ကြီးကို ငဲ့ညှာရကျိုးနပ်လာသည့်အတွက် အတော်ပင် အားတက်ခဲ့မိပါသည်။ သို့ရာတွင် မိခင်ကြီးနှင့်တကွ ဘခင်ရော သားချင်းဆွေမျိုးတစုရောပင် ကျွန်တော့်ကို စုန်းမနှင့်လုံးဝပြတ်စဲစေရန်ဟု အလုပ်ရှိရာသို့ပြန်ခွင့်မပြုကြရုံမက ထိုမြို့ တွင် ကျန်ရစ်သော ကျွန်တော်၏အလုပ်တိုက်ကိုပင် လူလွှတ်သိမ်းဆည်းစေလိုက်သောကြောင့် ကျွန်တော့်မှာ မိခင်ကြီးကို ငဲ့ညှာရင်းနှင့်ပင် ရေတိမ်တွင်နစ်ရတော့သည်နှင့်မခြား ချစ်သူကလေးနှင့် ပြတ်စဲသွားရတော့မည် ဖြစ်နေပါတော့၏။
ချစ်သူကလေးတော့မျှော်ရှာရော့မယ်။ သူ့ခမြာသွားကိုမသွားစေချင်ရှာတာ။ ငါ့မိခင်အရေးဆိုလို့သာ လွှတ်ရရှာတယ်။ ဒီလိုအနှောင့်အယှက်တွေရှိမယ်ဆိုတာ တွေးမိရှာလွန်းလို့လဲ ဘယ်သူဖျက်ဖျက်မပျက်ပါနဲ့ ကိုအောင်ဒင်ရယ်နဲ့ တတွတ်တွတ်မှာရှာတယ်။ သြော်-မလှဝင်းရေ မောင်တော့ အချစ်ကိုမပစ်ရက်ဘဲနဲ့ မိခင်ကြီး အသက်ကို ငဲ့ကွက်ရတော့မယ်။ မောင့်ကိုသစ္စာမတည်တဲ့ လူမလီလူစိမ်းကားကြီးရယ်လို့များတော့ အတွေးအထင်မမှားပါနဲ့ကွယ်။ ချစ်ရဲ့သားနဲ့မတတ်သာလို့ ခပ်ခွာခွာနေရတော့မှာပါ။ ဒါကြောင့် မိခင်ကြီးအသက်နဲ့ကိုယ်နဲ့မြဲသရွေ့ မှာဖြင့် ကိုအောင်ဒင်အချစ်ကလေးနဲ့ ခပ်ခွဲခွဲနေလိုက်အုံးတော့မယ်နော်ဟု အဖော်မနီးတကိုယ်တည်း စိတ်ထဲမှတွေးကာ အဆွေးနာ၍လာခဲ့မိပါတော့၏။ မလှဝင်းမျှော်ရှာလိမ့်မယ်။ ပြန်လာချန်ကျလို့မှမလာရင်ငိုရှာတော့မယ်။ ငိုရုံမက တစစစိတ်နာပြီး ငါ့ကိုလူပလီကြီးလို့ အငြိုးကြီးထားနေရှာတော့မယ်။ သူကလေးစိတ်အေးအောင် အကျိုးအကြောင်း အဆိုးအကောင်းစာရေးမည်ကြံမိသော်လည်း ကျွန်တော်ရေးရမည့်စာမှာ ပြန်ရက်မရှိသည့် ဖြတ်စာမျိုးသာသာဖြစ်ခြင်ကြောင့် မလှဝင်းစိတ်မကောင်းဖြစ်ရှာအောင် ကျွန်တော်၏လက်ရေးက မရေးရက်တော့ဘဲ သူဘယ်လိုဘဲထင်ထင် ထင်ချင်သလိုထင်ပေ့စေ။ ငါ့စေတနာနှင့်ငါ့အချစ်ဟာ သူ့အပေါ်ဘယ်လိုကြီးကျယ်တယ်ဆိုတာ သူကိုယ်တိုင်လည်းသိ နတ်သိကြားနှင့်မြတ်ဘုရားလဲအသိဘဲဟာ ရှိစေတော့။ သူစိတ်မချမ်းသာမဲ့စာကို ငါမရေးတော့ပါဘူးဟု စိတ်နှလုံးကို ဒုံးဒုံးချကာတသက်သက်နှင့် သနား၍သာနေမိပါတော့သည်။
တခါတခါလည်း ချစ်သူ့ကျိန်စာကိုသွား၍တွေးမိလျှက် ကျိန်စာတွင်ပါရှိသော ကြောက်မက်ဘွယ်ကျိန်စာများက တခုပြီးတခုပေါ်လာကာ ငါတော့ကျိန်စာစူးတော့မှာဘဲ ဒီကျိန်စာတွေဟာကြောက်စရာကကောင်းပါဘိသနဲ့ဟု တနုံ့နုံ့တွေးပြီး ကြက်သီးမွေးညှင်းထလာသောအခါ။ ဟယ်-ဘာဘဲဖြစ်ဖြစ်လေ ဒီဘ၀ရောက်မှတော့မထူးဘူး။ ကျိန်စာစူးလို့သေချင်လဲသေပစေတော့။ မိခင်ကြီးတသက်ဖြင့် စိတ်အနှောက်အယှက်မပေးတော့ပါဘူး။ ငါ့ကိုအင်မတန်ချစ်လှတဲ့ မိခင်ကြီးစိတ်ချမ်းသာကိုယ်ကျန်းမာလျှက် အသက်ရှည်စေကြောင်းအတွက် ငါ့အသက်တချောင်းစွန့်စားပြီး အကူအညီပေးထားပေါ့ဟာ။ ရှေ့ရှောက်ပြီး ငါဘာဘဲဖြစ်ရဖြစ်ရမကြောက်နဲ့တော့။ ကျိန်စာစူးလို့ရူးချင်ရူး သေချင်သေ ဖြစ်ချင်တာတွေသာဖြစ်ပါစေ။ ဒီလိုဖြစ်တာတွေခံရရင် မလှဝင်းအပေါ်ငါသစ္စာမဖျက်ချင်ဘဲနဲ့ ဖျက်ရတာတွေ သံသရာမှာ အကျွေးကျေကောင်းပါရဲ့ ။ ငါ့အတွက်နဲ့ အချစ်ကလေး စိတ်ဆင်းရဲရင် ချစ်သူကလေးစိတ်ဆင်းရဲသလောက် ငါဒုက္ခရောက်ခံတော့မယ်။ ဒီတသက်နီးကွက်မမြင်ရတဲ့အတူသူ့ဆီလဲစာမရေး အကျိုးအကြောင်းလဲအသိမပေးဘဲ အဝေးကဘဲချစ်နေပါတော့မယ်ဟု စိတ်ပိုင်းလိုက်ပါတော့၏။ အမှန်အတိုင်းစဉ်းစားလျှင်လည်း သူ့ကျိန်စာအဆိုက သူ့အပေါ်အချစ်ပျက်ပြီး စွန့်ပစ်ထွက်သွားမှသာ ကျိန်စာအတိုင်းခံရမည်ဖြစ်လေရာ ကျွန်တော့မှာမူကား သူကလေးအပေါ်တွင် တရွေးသားမျှ အချစ်မလျှော့ပါးရုံမက အင်မတန်ချည်းမလွှဲသာလှသည့် မိခင်ကြီ၏သေရေးရှင်ရေးဖြစ်နေသောကြောင့်သာ ချစ်လျှက်နှင့်ခွဲ၍နေရခြင်းဖြစ်သောကြောင့် စင်ကြယ်သော ကျွန်တော်၏သဘောထားကို နတ်သိကြားနှင့်ဘုရားအသိဖြစ်သဖြင့်ကျမ်းကျိန်စာ စူးခွင့်မရှိနိုင်ဟူ၍လည်း အခိုင်အမာတွေးပြီး တဖြည်းဖြည်းဖြေ၍နေရပေ၏။
သူအကြောင်းကိုတွေးမိတိုင်လည်း အဆွေးကြီးဆွေး၍သာနေမိသောကြောင့် မိခင်ဘခင်ကြီးတို့တစ်သက်၌ ပေါင်းဘက်ခွင့်မကြုံကြိုက်နိုင်တော့သည့်အတူ သူကလေးအကြောင်းကိုပင် မတွေးတော့ဘူးဟု တဖြည်းဖြည်းမေ့ပျောက်အောင် ပြုခဲ့ရသည်တွင် ကျွန်တော်၏မိဘများကလည်း ကျွန်တော့အတွက် စုန်းမနှင့်ပြတ်လက်စထက်ပို၍အဆက်ပြတ်ကင်းသွားစေရန် သူတို့်သဘောနှစ်သက်ရာ မိန်းကလေးတစ်ဦးနှင့် ထိမ်းမြားပေးစားရန် နားသွင်းကြပြန်ပါသည်။ဤတွင်ကား ကျွန်တော်ကအပြင်းအထန် ငြင်းဆန်ကန့်ကွက်ရပြန်ပါ၏။ ကျွန်တော့်တသက်တွင် ချစ်သူမလှဝင်းကလွှဲ၍ မည့်သည့်အခါမျှ အချစ်ကို မဝေငှနိုင်တော့ပေ။ သူကလေးနှင့်အကြောင်းမသင့်၍ ပေါင်းသင်းခွင့်မကြုံသေးလျှင် တသက်လုံးတကိုယ်တည်း အေးအေးနေတော့မည်ဟူ၍ စိတ်ပိုင်းထားမိခဲ့ရုံမက အကယ်ပင် အချစ်ကို အလွဲသုံးစား မပြုနိုင်ရက်အောင်ရှိလှ၍ မိဘစကားကို နားမထောင်ဘဲ လူပျိုအဖြစ်နှင့်နေပါရစေဟူ၍သာ တင်းတင်းမာမာခုခံနေသောကြောင့် ကျွန်တော်၏အလိုကို မိဘများကတပြန် ပြန်၍လိုက်လျောကာ အတင်းအကြပ်မပြုသေးဘဲ ခပ်အေးအေးအချိန်ဆွဲ၍ နေကြပါတော့သတည်း။
* * *
ယင်းသို့ နေ့ရက်တွေကုန်ဆုံးပြီး ချစ်သူထံလုံးလုံးမပြန် အကြောင်းတစုံတရာမျှမကြားဘဲ အမြုံသားနေလာခဲ့သော ရက် လ ပေါင်းအတန်ကြာလာခဲ့ရာမှ မိမိမပြုပြင်နိုင်သည့်အတူ သူကလေး၏အကြောင်းများကိုလည်း စုံစမ်းမေးမြန်းခြင်းမပြုတော့ဘဲ မျက်နှာလွှဲခဲပစ်ကြီးနေခဲ့သောကြောင့် မလှဝင်း၏အကြောင်းဆို၍လည်း အကောင်းအဆိုးဘာမှမသိရတော့ပေ။ သို့ မသိရစေကာမူ မလှဝင်းကလေးမှာ ကျွန်တော့်အတွက်နှင့် ဆွေးမြေ့လောင်ကျွမ်း၍ နေရှာမည်ဟူ၍ကား အတတ်သိထားပြီးဖြစ်သောကြောင့် ကိုယ်မတတ်နိုင်သည့်အတူ သူ့အကြောင်းမကြားရသည်ကပင် တော်သေး၏ဟုအယူရှိကာ သူ့ကိုသတိရလျှင်ပင် ကိုယ့်စိတ်ကိုယ်ပြင်၍ ပစ်လိုက်မိပါတော့၏။
မိဘများကလည်း " တခါသေဘူး ပျဉ်ဘိုးနားလည် " လာကြတော့ကာ ယခင်အခါကလို အဝေးသို့ အလုပ်ကိစ္စနှင့်စေလွှတ်ထားခြင်းမပြုတော့ဘဲ သူတို့နှင့်အတူ မကွာနေထိုင်စေပါတော့သည်။
အလုပ်အကိုင်အတွက်လျှင်ဆိုလည်း အိမ်ကထွက်လုပ်ရမည့်အလုပ်ဆိုက ဘာမျှသဘောမတူတော့ဘဲ အိမ်ထဲမှာ အငြိမ်းစားနေစေသောကြောင့် ကြာသော် ကျွန်တော်၏စိတ်များမှာ ပေါ့ပေါ့စားပေါ့ပေါ့နေနှင့် အပျင်းဓာတ်တွေတိုးလာပြီး လုံ့လမရှိ ၀ိရိယမပါ လူစွမ်းလူစပါတုန်းသလိုဖြစ်လာပြီး အလကားနေရစရှိသောကြောင့်လားမသိရ ဘာတခုမျှလုပ်ချင်စိတ်မရှိတော့ဘဲ လောကကြီးရှိ များစွာသော လူအား လူပို ကြီးတို့အထည်းတွင် ကျွန်တော်တယောက်က စာရင်းတိုးဝင်နေပါတော့သည်။
ထိုအတွင်းမှာပင် ကျွန်တော်တို့အတွက် ဂြိုဟ်ဆိုးကြမ္မာစတင်ဝင်လာလေသလားမသိ တနေ့သောအခါ ကျွန်တော်တို့အိမ်သားများ အိမ်တံခါးပိတ်ထားခဲ့လျှက် တောရဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်ထွက်သွားကြရာမှအပြန်တွင် ကျွန်တော်တို့အိမ်ရှိရာလမ်းတလမ်းလုံး မီးလောင်သွားကြောင်း မြို့ ထဲသို့မ၀င်မှီကပင် ကြားသိရသောကြောင့် ကျွန်တော်တို့တတွေမှာ ထိတ်ထိတ်ပြာပြာနှင့်ပြေးလာကြရာတွင် အိမ်တခုလုံးပြာလုံးလုံးဖြစ်နေသည်ကိုသာ တွေ့ရပါတော့၏။ ရှိသမျှပစ္စည်းပစ္စယအိမ်ထောင်အသုံးအဆောင်များနှင့်တကွ ဘာတခုမျှ မရလိုက်တော့ဘဲ အ၀တ်တထည်ကိုယ်တခုနှင့်သာ ကျန်ကြသောကြောင့် ထိုနေ့အဘို့မှာ သူတပါးအိမ်တွင် ခိုဝင်အိပ်ရရုံမက ထိုနေ့ကစ၍ သူများကျွေးစာ မွေးစာ ကိုစားနေရပါတော့သည်။

အသင့်အတင့်ခိုင်လုံသူများဖြစ်ကြစေကာမူ
ရှိသမျှပိုင်ဆိုင်သမျှအိုးအိမ်နှင့်ပစ္စည်းများ မီးထဲသို့ပါသွားပြီဖြစ်၍
တထိုင်တည်းတွင် အမွဲကြီးမွဲသွားတော့ကာ ကုန်းကောက်စရာဆို၍ ပြာ မီးသွေး
အတိပြီးသော မြေကွက်တခုသာကျန်ရစ်တော့ရာ ကျွန်တော်နှင့်မိဘများမှာ ဤမြို့
ရွာတွင် တာရှည်မနေနိုင်တော့ဘဲ တောရွာကလေးတရွာရှိ ဆွေမျိုးများထံသို့
ပြောင်းရွေ့ လာကြရပြီး ဘခင်ကြီးနှင့်ကျွန်တော်မှာ
တောဇာတိမကင်းသူများဖြစ်သည့်အားလျော်စွာ တောရပ်ရွာ၌ပင်
ဆင်းရဲစွာအသက်မွေးဝမ်းကြောင်းအတွက် ရှာကြံစားသောက်ကြရပါတော့သည်။ ရှေးအခါက
ကုန်စုံဆိုင်ကြီးတစ်ဆိုင်၏ပိုင်ရှင်ဖြစ်၍ တောရွာရှိမိမိဘောက်သည်များထံသို့
ယခုတဘန်ပြန်၍ဆက်သွယ်ကာ ကုန်ပစ္စည်းကလေးများအကြွးယူလျှက်
ကုန်းကြောင်းခရီးဖြင့် နီးစပ်ရာတောရွာကလေးများသို့ သွားရောက်ရောင်းဝယ်ရသော
အလုပ်မှာ ကျွန်တော်နှင့်ဘခင်ဖြစ်သူတို့အလုပ်ဖြစ်ပြီး မိခင်ကြီးကမူ
အိမ်ထည်းတွင် အိမ်မှုကိစ္စတာဝန်ကို ရွက်ဆောင်နေကြရရှာပါသည်။
ကြမ္မာဂြိုဟ်ဆိုးကား ၀င်လာမိလျှင် အဆက်မပြတ် ထပ်ခါထပ်ခါဝင်လာတတ်သည်
ဟုဆိုသောစကားအတိုင်းပင် တနေ့တွင်ကျွန်တော်သည် ဘခင်ကြီးနှင့်အတူ
ကုန်ရောင်းရာမှပြန်အလာ ရွာမရောက်မှီကလေးတွင် လှည်းပေါ်မှဆင်းသက်၍
အညောင်းအညာပြေ အဘေနှင့်အတူ ခြေကျင်လမ်းလျှောက်ခါလိုက်လာမိရာတွင်
ကံဆိုးလှသောကျွန်တော်၏ဖြေဖမိုးသို့ ပိုးထိခံရပါတော့သည်။ မြွေဆိပ်ဆိုသည်မှာ
မသေသော်မလှမပခံရတတ်သည့်အားလျော်စွာ ကျွန်တော်၏ဝေဒနာမှာ အတော်ကြာကုယူရပါသည်။
မိဘများမှာလည်း မရှိရာတွင် ကျွန်တော့အတွက် ဒုက္ခအပိုသက်သက်ကို
မရှိမဲ့ရှိမဲ့ရှာကြံပြုစုကြရပါ၏။
ထိုသို့ ကျွန်တော် မချိမဆန့်ဝေဒနာခံရသောအခါ၌ ကာလအတန်ကြာမေ့လျော့နေမိသော
ချစ်သူကလေးမလှဝင်း၏မျက်နှာကို ကွက်ကနဲထူးခြားစွာထင်မြင်မိပြီး
အလွမ်းကြီးလွမ်းဆွတ်လာမိပါသည်။ ငါ- ဒီလိုဖြစ်ရတာ
ချစ်သူ့ကျိန်စာကြောင့်များလေလား၊ ကျိန်စာစူးခြင်းပေလားဟုလည်း တနည်းအားဖြင့်
ယုံမှားသံသယဖြစ်လိုက်မိပေ၏။
ဆိုးဝါးသောကံကြံမ္မာကား ဤမျှနှင့်မရပ်သေးပါ။ ကျွန်တော်မှာ
မြွေကိုက်ခံရပြီးနောက် မြွေဆိပ်မကုန်သောကြောင့်လားမသိ စကားပြောရာတွင်
ရှေးယခင်ကလို မိမွေးတိုင်းဘမွေးတိုင်းမဟုတ်တော့ဘဲ အနည်းငယ်
ထစ်အအဖြစ်သွားပြီး အသံများမှာလည်း ရှေးကထက်ကြီး၍
အသံသြကြီးလိုလိုဖြစ်လာပါသည်။ မိဘတို့ကား ကျွန်တော့်ကို
တစိမ့်စိမ့်ကြည့်သနားနေကြ၍အစမသတ်သေးမီ အဘေနှင့်ကျွန်တော် ရေမှော်ရွာမှ
ကြွေးတောင်းသွားရာကအပြန် တောစခမ်းခရီးလမ်း၌ ကျားနှင့်ရင်ဆိုင်တိုက်မိကြရာ
ဘခင်ကြီးမှာ ကျားပါးစပ်တွင် အသက်ပါသွားရရှာပြီး ကျွန်တော့မှာလည်း
ကျားကြီးနှင့်ထွေးလုံးရာတွင် ကုတ်မိခြစ်မိသော ဒဏ်ရာများရလျက်
ရွာသားများကယ်ဆယ်သောကြောင့်သာ အသက်ချမ်းသာပါတော့သည်။
အဘေလည်းဆုံး လူလုံးလည်းမလှ ဒဏ်ရာအနာတရနှင့် ပြန်ခဲ့ရသောအခါ
ချစ်သူကလေးမလှဝင်း၏မျက်နှာကို ကွက်ခါမြင်လိုက်မိပြီး
ဤတကြိမ်ဤသို့ဖြစ်ရသည်လည်း ချစ်သူ၏ကျိန်စာတံခိုးအာနိသင်များပေလားဟု
တွေးတောယုံမှားလိုက်မိပြန်ပါသည်။ ကျွန်တော်တို့မှာ
ဘခင်ကြီးမရှိသည့်နောက်လည်း ခိုရာမဲ့တည်းဖြစ်သွားပြန်လျှက်
ဘခင်ကြီးမရှိတော့သည်နှင့်တပြိုင်နက်လည်း ဘခင်ကြီး၏ဆွေမျိုးများရှိရာ
ထိုရွာကလေးတွင် ကြာရှည်လေးမြင့်စွာ မနေနိုင်တော့ဘဲ
မိခင်ကြီး၏ဆွေမျိုးများရှိရာ မြစ်ဝကျွန်းပေါ်အရပ်ရှိ မြို့ ငယ်ကလေးတစ်မြို့
သို့ ပြောင်းရွေ့ လာပြီး အဘေ့ဆွေမျိုးများက ၀ိုင်းဝန်းထောက်မလိုက်သော
ငွေကြေးကလေး အနည်းငယ်ကို အရင်းအနှီးပြုပြီး လှေငယ်တစ်စင်းဖြင့် မြစ်ရိုး
ချောင်းရိုးတလျှောက်သို့ လှည့်လည်ကာ
ကုန်စည်အနည်းငယ်တို့ကိုရောင်းချစားသောက်ရပြန်ပါတော့၏။
ကျွန်တော်ကား လူကဒုက္ခအမျိုးမျိုးတွေ့ခဲ့ရခြင်း မြွေဆိပ်မိခဲ့ဘူးခြင်း
ကျားဆိပ်မိ၍ အထိတ်တလန့်တို့ဖြစ်ခဲ့ဘူးခြင်းဖြင့် ဆင်းရဲပင်ပန်းခဲ့ခြင်း
ဝမ်းနည်းပူဆွေးခဲ့ခြင်းစသော လောကဓံတို့နှင့်
အကြိတ်အနယ်ကြုံတွေ့ခဲ့ရသောကြောင့် အရေထူလာခဲ့ပါတော့သည်။
ဖြစ်ရာဘ၀တွင်ပျော်ရသည်ဟုဆိုသောစကားလည်း ကျွန်တော်အဘို့၌
များစွာမှန်ပါတော့သည်။ ကျွန်တော်ကလည်း မဖြစ်နိုင်သည့်အရာ
မရနိုင်သည့်အရာတို့ကို စွဲလမ်းတမ်းတခြင်းမရှိတော့ဘဲ
စိတ်တည်းဟူသောပဲ့ကိုလွှဲ၍ပစ်လိုက်နိုင်တော့သည့်အတွက်
ဤမျှသက်သာစွာနေနိုင်ခဲ့သည်ဟု ထင်မိပါ၏။
ထို့ကြောင့်လည်း လူကဆင်းရဲဒုက္ခအမျိုးမျိုး ဒဏ်ရာအမျိုးမျိုးရခဲ့သလောက် ကျန်းမာဝဖြိုး အသားအရေတွေတိုးလျှက် " လေးလုံး-ခြောက်ဘက် " ဆိုသော ခွန်အားဗလမျိုးကြီးဖြစ်လာပြီး လက်မောင်းကြွက်သားကြီးများပင် အဖုအထစ်တွေထင်နေပါတော့သဖြင့် မိခင်ကြိးသွားလေရာတွင် လှေကလေးကို ရောက်လိုရာသို့ ခတ်ပို့ရင်း မိခင်ကို စောင့်ရှောက်ကူညီ၍ သယ်ပိုးတင်ယူရသောအလုပ်မှာ ကျွန်တော်၏တာဝန်ဖြစ်နေသောကြောင့် မနေမနားကိုယ်လက်လှုပ်ရှားရခြင်းမှာ ကျွန်တော်၏ကျန်းမာဝဖြိုးရေးနှင့်ခွန်အားဗလကို မွေးမြူပေးသကဲ့သို့ရှိပါတော့၏။
ဤသို့လျှင် ဖြစ်ရာဘ၀ကံပစ်ချရာဘ၀၌ မိခင်ကြီးကို ကူညီစောင့်ရှောက်ခဲ့ရာမှ တနေ့သောအခါ စတုတ္ထအကြိမ်မြောက် ကံဆိုးကြမ္မာကောင်ကြီး ရောက်လာပြန်ပါသည်။ ဖြစ်ရပုံကား ကျွန်တော်သည် အမေနှင့်အတူ လှေကလေးတစင်းနှင့်ဘိုကလေးမြို့ မပိုင် အ၀င်အပါရွာကလေးတရွာမှ အ၀တ်အထည်ကလေးများ ရောင်းချပြန်လာစဉ် ဒီရေကျသွားသောကြောင့် ချောင်းငယ်အတွင်းမှ လှေမထွက်နိုင်တော့ဘဲ လမ်းခုလပ်နွံထဲတွင် လှေတင်နေပါတော့သည်။
by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်