www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

အတွေ့လေးရယ်မှအကြုံ..

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတယ်လို့ဘဲဆိုဆို လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က အဖြစ်အပျက် လေးပါ။
ကျွန်တော်တို့မြို့လေးဟာ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ နယ်မြို့လေးတစ်မြို့ပါ၊ စီးပွားရေး အရတော့ အသင့်အတင့်ရှာလို့ကောင်းတယ်ဆိုပါတော့။ကျွန်တော့်မှာဦးလေးတစ်ယောက်ရှိပါတယ်၊သူ့နာမည်ကကိုထွန်းခင်ပါ။ ကျွန်တော်ကတော့ဦးလေးထွန်းလို့ဘဲခေါ်ပါတယ်။ဦးလေးထွန်းက ကျွန်တော်တို့မြို့မှာ စပါးပွဲစားလုပ်ပါတယ်။
မြို့နားတ၀ိုက်က ရွာတွေကိုသွားပြီး စပါးတွေလိုက်ဝယ်၊ပြီးရင် စပါးဒိုင်တွေ ပွဲရုံတွေကိုပြန်သွင်းလုပ်ပါတယ်။သူက ပေါင်းသင်းဆက်ဆံရေးကောင်းတော့ အပေါင်းအသင်းလဲများပါတယ်၊သူ့အိမ်ဟာ သူ့အပေါင်းအသင်းတွေအတွက်တော့ စားအိမ်သောက်အိမ်ပေါ့၊သူ့မိန်းမကလဲသဘောကောင်းတော့ သူတို့အိမ်က ကျွန်တော့်ဦးလေး မိတ်ဆွေတွေနဲ့အမြဲစည်ကားနေတတ် ပါတယ်။ ကျွန်တော့်ဦးလေးက အပေါင်းအသင်း များတော့ အသောက်အစားရှိပါတယ်၊နောက်ပိုင်းပိုဆိုးလာတာကတော့ မူးယစ်ဆေးပါ သုံးတတ်လာတာပါဘဲ။အစပိုင်းကတော့ ကျွန်တော်တို့ အသိုင်းအ၀ိုင်းတွေထဲမှာ သူမူးယစ်ဆေးသုံးတာ မသိကြသေးပါဘူး၊နောက်ပိုင်း သူ့ပုံစံမူမမှန်ဖြစ်လာတော့ စုံစမ်းကြည့်တော့မှ မူးယစ်ဆေး သုံးနေမှန်းသိတာပါ။အမျိုးတွေဝိုင်းပြီး ဖျောင်းဖြပြောဆိုပေမယ့် ပြန်မပြော နားမထောင်ပါ၊ကျွန်တော့်ကိုလဲ တခါတလေ အဆက်အစပ်မရှိတဲ့စကားတွေပြောပါတယ် စကားပြောနေရင်းလဲ ထထွက်ချင်ထွက်သွားတတ်ပါတယ်။နောက်ပိုင်းဦးလေးထွန်း ဘယ်လိုဖြစ်လာသည်မသိ အိမ်အပြင်မထွက်တော့ဘဲ အိမ်ထဲမှာဘဲ တနေကုန်နေတယ်၊ဘယ်သူ့ကိုမှလဲစကားမပြောတော့ပါဘူး။တနေ့ကျတော့ သူ့မိဘတွေနေတဲ့ ရွာကိုပြန်မယ်ဆိုပြီး အမျိုးတွေဝိုင်းတားတဲ့အထဲက ဇွတ်ပြန်သွားပါတယ်။သူ့မိန်းမကလဲ တငိုငိုတရီရီဖြစ်ပြီးကျန်ခဲ့ပါတယ်။
နောက်တပတ်လောက်အကြာမှာ တော့မထင်မှတ်ထားတဲ့သတင်းရောက်လာပါတယ်။ဦးလေးထွန်း သူတို့ရွာမှာ ကြိုးဆွဲချသေတဲ့သတင်းပါဘဲ.။ကျွန်တော့်တို့လဲကြားကြားခြင်း ရွာကိုလိုက်သွားပါတယ်။ရွာကသိပ်တော့မဝေးပါဘူး ဆိုင်ကယ်နဲ့ဆို ၂ နာရီ ကျော်ကျော်လောက်တော့မောင်းရပါတယ်။ရွာရောက်တော့ သူ့တို့အိမ်မှာ ရွာလူကြီးတွေနဲ့တရွာလုံးနီးပါး တရုံးရုံးဖြစ်နေပါတယ်၊ခဏနေတော့ ရဲတွေရောက်လာပါတယ်၊ပြီးတော့ အမှု့ကိုစစ်ဆေးကြတယ်။လူသေမှု့လား၊လူသတ်မှု့လားပေါ့၊ပြီးတော့အလောင်းကို ဆေးရုံမှာ စစ်ဖို့သယ်သွားပါတယ်။
ဆေးရုံမှာလိုအပ်တဲ့ စစ်ဆေးမှု့တွေလုပ်ပြီး အလောင်းကိုသယ်ခွင့်ပြုပါတယ်။အလောင်းကိုတော့အိမ်ကိုဘဲ သယ်လာကြပြီး ချက်ချင်းချဖို့ အဆင်မပြေတော့ တရက်လောက်တော့ထားမယ်လို့ လူကြီးတွေက ဆုံးဖြတ်လိုက်ကြပါတယ်။အိမ်မှာတော့ နယ်မြို့ထုံးစံအတိုင်း အသုဘ မဏ္ဍပ်ထိုးတာပေါ့၊ ကျွန်တော့်ဦးလေးက အပေါင်းအသင်းများတယ်ဆိုတော့ သူ့မိန်းမကိုလာအားပေးတဲ့လူတွေနဲ့ အသုဘလာကူတဲ့သူတွေနဲ့ မပြောကောင်းပြောကောင်း သူ့အသုဘ လူစည်တယ်ပေါ့ဗျာ။နောက်တရက် ကျတော့ နေ့လည်ပိုင်းလောက် အသုဘချပါတယ်။ညပိုင်းတော့ ထုံးစံအတိုင်း အသုဘဖဲဝိုင်းပေါ့။လာကူတဲ့ကျွန်တော့်ဦးလေးရဲ့အပေါင်းအသင်းတွေနဲ့တင် ဖဲဝိုင်းလဲ ၀ိုင်းအပြည့်ဆိုပါတော့။
ည ၁၁နာရီ ကျော်ကျော်လောက်ကြတော့ လူတွေလဲ ပြန်တဲ့လူပြန်နဲ့ဆိုတော့ ဖဲဝိုင်းက ၂ ၀ိုင်း ၃ ၀ိုင်းလောက်ဘဲ ကျန်ပါတော့တယ်။ကျွန်တော်လဲ ဖဲဝိုင်းထဲဝင်မကစားပေမယ့် ဟိုဝိုင်းပြေးလိုက်ဒီဝိုင်းပြေးလိုက်ပေါ့။ ဒီလိုနဲ့ မနက် ၁ နာရီကျော်တဲ့အထိ ၀ိုင်းကကောင်းဆဲပါ၊ အဲ့ဒီအချိန်မှာ အိမ်အနောက်မီးဖိုချောင်ဘက်က ခွမ်းကနဲ ဖန်ခွက်ကွဲသံ ပီပီသသကြားလိုက်ပါတယ်။ဖဲဝိုင်းထဲကလူတွေနဲ့ အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ အမျိုးတွေ အကုန်နီးပါး ကြားလိုက်ပါတယ်။အကုန်လုံးမျက်လုံးတွေက မီးဖိုချောင်ဘက် မတိုင်ပင်ဘဲကြည့်လိုက်ကြတာပါတယ်၊မီးဖိုချောင်နဲ့ ကပ်နေတဲ့ ဖဲဝိုင်းက ဦးလေးရဲ့မိတ်ဆွေ ကိုမင်းဆွေက မီးဖိုချောင်ထဲဝင်ကြည့်ပါတယ်။ခနကြာတော့ထွက်လာပြီး ကြောင်တကောင်ပါဆိုပြီး ၀ိုင်းထဲမှာပြန်ထိုင်ပါတယ်။အသုဘလာကူတဲ့လူတွေက ဘာမှမဖြစ်သလို ပုံမှန်ဖြစ်သွားပေမယ့် ကျွန်တော်ကဦးလေးမိန်းမကို လှမ်းကြည့်လိုက်တော့၊သူမျက်နှာတော့နည်းနည်းပျက်သွားပါတယ်၊သူတို့အိမ်မှာကြောင်မရှိပါဘူး၊မွေးလဲမွေးမထားပါဘူး၊ကြောင်တွေလဲ လာလေ့လာထမရှိပါဘူး။
ကျွန်တော်ကိုမင်းဆွေကို ကြည့်လိုက်တော့သူကျွန်တော့်ကိုပြန်ကြည့်ပြီး ခေါင်းညိမ့်ပြပါတယ်။ဘာ အဓိပ္ပာယ်
မှန်းကျွန်တော်မသိပေမယ့် ပြန်ခေါင်းညိမ့်ပြလိုက်ပါတယ်။ခဏနေတော့ အလယ်တန်းပြဆရာဦးညို ထလာပြီးအိမ်သာဘယ်ဘက်မှာလဲဆိုပြီးကျွန်တော့ကိုလာမေးလို့ အိမ်သာကိုလမ်းညွှန်လိုက်ပါတယ်၊သူသွားပြီး ချက်ချင်းပြန်လာတယ်၊ကျွန်တော်က ဆရာမြန်လှချည်လားလို့မေးတော့ ‘အေးကွ အိမ်သာထဲမှာလူရှိတယ်’ တဲ့၊အိမ်သာ ဘက်သွားတဲ့ လမ်းမှာကျွန်တော်ထိုင်နေတာပါ ဘယ်သူမှအိမ်သာမသွားကြပါဘူး..၊ကျွန်တော်က ပြန်ပြောလိုက်ပါတယ် ‘ဟာ..ဆရာကလဲ ဘယ်သူမှအိမ်သာမသွားပါဘူးဗျာ..’ ဆိုတော့သူက ‘အေး..အိမ်သာတံခါးကြီးကပိတ်နေပြီး အထဲမှာရေလောင်းသံကြားလို့
ငါလဲလူရှိတယ်ထင်ပြီး ပြန်လှည့်လာတာကွ..’ ကျွန်တော်ဒီတခါတော့ မျက်လုံးပြူးသွားပါပြီ။ဘယ်သူမှကျွန်တော့်ရှေ့က ဖြတ်ပြီးအိမ်သာမသွားတာ သေချာပါသည်။ကျွန်တော်လဲ ချက်ချင်းထပြီးအိမ်သာကိုသွား ကြည့်တော့ အိမ်သာတံခါးပွင့်နေပြီး အထဲမှာ ဘယ်သူမှမရှိ။အိမ်သာထဲဝင်ကြည့်တော့လဲ ကန်တော့ဗျာ အိမ်သာထဲမှာရေလောင်းထားသည့်ပုံမတွေ့ရ...။ဟုတ်တော့ဟုတ်နေလေပြီ...။ကျွန်တော်လဲ ဖဲဝိုင်းထဲပြန်ထိုင်ပြီးကြည့်နေလိုက်သည်၊နောက်ထပ်ဘာသံမှတော့ထပ်မကြားရတော့။အခြားမြို့တွေတော့ကျွန်တော်မသိပါ၊
ကျွန်တော်တို့နယ်မြို့မှာတော့ အသုဘရက်လည်သည်အထိ အသုဘမဏ္ဍပ်ထိုးထားကြသည်၊ရက်လည်မတိုင်ခင်အထိ အသုဘလာကူသူများ ညပိုင်းလာရောက်ကူညီသူများရှိနေပါသည်။
နောက်ထပ် ထူးခြားတာကတော့ ၃ ရက်မြောက်နေ့ည ဖြစ်သည်။အိမ်ရှေ့ခန်းမှာ အမျိုးတွေနဲ့ဧည့်သည်တွေထိုင်စကားပြော နေကြသည်။ကျွန်တော်လဲဦးလေး၏မိတ်ဆွေတွေ စကားဝိုင်းထဲဝင်ပြီး ရေနွေးကြမ်းလေးသောက်လိုက် လက်ဖက်လေးစားလိုက်လုပ်နေသည်။ထိုအချိန် ဦးလေး၏ မိန်းမမှ ဧည့်သည်များဝိုင်းတွင် ရေနွေးကြမ်းကုန်သွား၍ ထပြီးရေနွေးထည့်ဖြည့်
ရန် မီးဖိုချောင်ဘက်သို့ထွက်သွားသည်။ထွက်သွားပြီး တော်တော်ကြာသည်အထိပြန်မလာသေး၊ကျွန်တော်လဲသတိထားမိပြီး မီးဖိုချောင်ဘက်သို့လိုက်သွားသောအခါ မီးဖိုချောင်ထဲတွင် ဓာတ်ဗူးကြီးကိုင်ပြီး ကြောင်တောင်တောင်ရပ်နေသော ဦးလေးမိန်းမကိုတွေ့တော့ ကျွန်တော်က ‘အမ..အမ ဘာဖြစ်လို့လဲ’ ဆိုပြီးမေးတော့..ကျွန်တော့်ဘက်လှည့်ပြီး ‘ငါ..ငါ နင့်ဦးလေးကိုတွေ့လိုက်လို့..’ တဲ့၊ကျွန်တော်လဲ မီးဖိုချောင်မှအပြင်ဘက်ကိုထွက်သောအပေါက်ကိုကြည့်လိုက်တော့ ဘာမျှမတွေ့ ‘အာာ...အမကလဲမဖြစ်နိုင်တာဗျာ.’လို့ပြောတော့သူက ‘ဟုတ်တယ်..ငါနောက်ကျောကိုမြင်လိုက်တာ သူမှသူအစစ်ဘဲ အဲ့ဒီအပေါက်က ထွက်သွားတာ’ ကျွန်တော်လဲ ဘာပြန်ပြောလို့ ပြောရမှန်းမသိတော့ ဓာတ်ဘူးကိုသူ့ဆီကယူပြီး ကျွန်တော်ရေနွေးဖြည့်လိုက်မယ် အမ ဧည့်သည်တွေပြန်ဧည့်ခံလိုက်ပါလို့ပြောလိုက်ရပါတယ်။ကျွန်တော်ကိုယ်တိုင်မတွေ့ရပေမယ့် အသံကြားတဲ့လူ၊ တွေ့တဲ့လူတွေကတွေ့ နေပါပြီ။
နက်ဖြန်ဆို ကျွန်တော့်ဦးလေး ဆုံးတာရက်လည်ပါပြီ၊ကျွန်တော်လဲ ရက်လည်အတွက် ဘုန်းကြီးပင့်ရန်ကိစ္စများ၊ရက်လည်ဆွမ်းကျွေးဖို့ကိစ္စများနဲ့ တနေကုန်အလုပ်ရှုပ်ပါတယ်။ညပိုင်းရောက်တော့ ပင်ပန်းပြီး နွမ်းနေပါပြီ..မျက်လုံးများကတော့ သည်းမခံနိုင်အောင်ပင် လေးလံလို့နေပါတယ်၊ရပ်ကွက်ထဲက လူငယ်တွေစကားဝိုင်းရော လူကြီးစကားဝိုင်းကိုရော သွားရောက်ဧည့်မခံနိုင်တော့ အတော်ပင် အိပ်ချင်နေပြီ။ကျွန်တော်လဲ နားအေးပါးအေး အိပ်ချင်၍ အိမ်ပေါ်ထပ်မှာ သွားအိပ်ဖို့ကြံစည်ပြီးအိမ်ပေါ်ထပ်မှာအိပ်လိုက်ပါတယ်။လူကလဲပင်ပန်းနေ၍လားမသိ တစ်ချိုးထဲအိပ်ပျော်သွားသည်။ ဒုတ် ဆိုပြီး ဗီရိုပိတ်သံလိုလို ကြားလိုက်တော့ အမျိုးထဲကတယောက်ယောက် ဘီရိုထဲက ပစ္စည်းလာယူတယ်လို့ဘဲ ထင်လိုက်ပါတယ်၊လူကလဲအရမ်းအိပ်ချင်နေတော့ ဘယ်သူလဲ မျက်လုံးဖွင့်မကြည့်လိုက်တော့ဘူး၊တဆက်ထဲမှာဘဲ တခုခုကိုရှာနေတဲ့အသံကြားတော့ ကျွန်တော်လဲ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်.....ဘယ်သူမှရှိမနေပါ။ကျွန်တော်များ အိပ်ချင်မူးတူးနဲ့စိတ်ထင်နေတာလား ဆိုတော့လဲမဟုတ်ပါ၊ သေသေချာချာကိုကြားလိုက်ပါသည်။ကျွန်တော်လဲ စောင်ကိုခေါင်းအထိခြုံ၍ ဟိုဖက်လှည့်ပြီးမျက်လုံးပိတ်ပြီး ထပ်အိပ်ဖို့ကြိုးစားပေမယ့် မျက်လုံးတွေကြောင်နေပါပြီ။အဲ့ဒီအချိန်မှာ လူကချမ်းစိမ့်စိမ့်ဖြစ်လာသလိုလို ဘာလိုလိုကြီး ကြက်သီးတွေလဲ ထလာပါတယ် စိတ်ထဲမှာလဲတယောက်ယောက်က သေချာကြည့်နေသလိုကြီးခံစားလာရတယ်၊လူလဲ ကြောက်စိတ်ကနည်းနည်းဝင်လာပြီ၊ကျွန်တော်ခေါင်းအုန်းဘေးနားက ဓာတ်မီးကိုလက်နဲ့သေချာကိုင်ပြီး တစ်မှသုံးအထိရေပြီးစောင်ဆွဲလှန်ပြီး ဓာတ်မီးရောင် နဲ့တွေ့ကရာလျှောက်ထိုးလိုက်တော့.. လှေကားမှတဆင့်အောက်ထပ်ကိုညင်ညင်သာသာ ဆင်းသွားသည့်
ကျွန်တော့်ဦးလေးကို စက္ကန့်ပိုင်းလေးမျှဘေးတိုက်မြင်လိုက်ရပါသည်။..ကျွန်တော်အပေါ်ထပ်မှာဆက်မနေရဲတော့ပါ။အောက်ထပ်ကို ဆင်းလာပြီး အမျိုးတွေစကားဝိုင်းထဲဝင်နားထောင်နေလိုက်ပါသည်။ကျွန်တော့်ဦးလေးမိန်းမကတော့ ကျွန်တော့်ကိုကြည့်ပြီး ဘာဖြစ်လာတာလဲဆိုသည့်အမူအရာဖြင့်မေးငေါ့ပြသည်။ကျွန်တော်ကတော့ ဘာမှမဖြစ်သည့်ပုံစံဖြင့် ခေါင်းခါပြခဲ့ရပါသည်ခင်ဗျား...။
(ရေးတတ်သလိုရေးသည့်အတွက် ဖတ်၍အဆင်မပြေလျှင်ခွင့်လွှတ်ပါခင်ဗျာ..)
နောက်လဲကိုယ်တိုင်မဟုတ်ပေမယ့် ကိုယ်တိုင်ကြုံခဲ့ရတဲ့သူငယ်ချင်းများအကြောင်းရေးပါဦးမည်....
လင်းသစ်


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်