အဖြစ်ကတော့ ရှမ်းပြည် တောင်ဘက်ပိုင်းလေးမှာပေါ့.. ။ ဒေသကိုတော့ သေချာ
ထည့်မပြောတော့ဘူး.. ။ ခနနေ ဒေသစွဲနဲ့ ဝိုင်းဆဲတာ ခံရမှာစိုးလို့..း)
အဲဒီတုန်းက ကျွန်တော်တောင် ကလေးလေးပဲ ရှိဦးမယ်..။ ကျွန်တော့်ကို
ဦးဇင်းတစ်ပါး ပြောပြတာပါ..။ အပင်းလျှိုတာတွေနဲ့ စကားစပ်လို့ပြောမိရာကနေ
ရှမ်းပြည်ဘက်က အဲဒီ နာမည်ကြီးဆရာအကြောင်း ရောက်သွားခဲ့တာ..။
အဲဒီဘက်မှာက ခြံလုပ်ကြတယ်..။ နောက်ပြီး တစ်ဝိုင်းနဲ့တစ်ဝိုင်းက သစ်လုံးလောက်လေးခြားထားကြတာလေ..။ အုတ်တံတိုင်းတွေ ဘာတွေ ကာတဲ့ပုံစံမျိုးမဟုတ်ဘူး..။ နောက်ပြီး စိုက်ပျိုးရေးနဲ့အတူ မွေးမြူရေးပါလုပ်ကြတယ်.။ များသောအားဖြင့်တော့ ဝက်မွေးကြတယ်...။ ဝက်တွေကလဲ စည်းကမ်းက သိပ်ရှိတာမဟုတ်ဘူး.။ အားရင်အားသလို ခြံနီးနားချင်းတွေရဲ့ စိုက်ခင်းထဲ ဝင်မွှေကြတာကိုး..။ ဟိုဟာကိုက်လိုက် ဒီဟာကိုက်လိုက်နဲ့ စိုက်ခင်းက ပျက်တာပေါ့..။ အဲဒီတော့ ကိုယ့်ဝက်ကို ကိုယ်နိုင်အောင်ထိန်းစနစ်လေး ကျင့်သုံးကြတယ်.။ အလစ်မပေးကြေးပေါ့..။ ခြံကျော်ဝင်လာရင် တစ်ဘက်ခြံရှင်က စိတ်ပေါက်လို့ သေနတ်နဲ့ ထုတ်ပစ်လိုက်ရင်လဲ ကိုယ့်ဝက်သေတာပဲ..။ ကိုယ်ကတော့ ဝက်ကိုပြန်သွားကောက်ပြီး အသားပေါ်ရောင်းပေါ့..။ အဲ့သလို ဓလေ့မျိုးရှိတယ်..။
အဲဒီထဲမှာ စိုင်းထူးနဲ့ စိုင်းလူး တို့ကလဲ အိမ်နီးချင်းတွေ.. ။ (လံကြုပ်နံမည်ပါ)။ တစ်ရက်တော့ စိုင်းထူးအိမ်ကဝက်က စိုင်းလူးတို့ အိမ်ဝိုင်းထဲကို နယ်ကျော်လာတယ်..။ စိုင်းလူးကလဲ စိတ်ချဉ်ပေါက်နေတဲ့အချိန်..။ အဲဒီတော့ ဝက်သူ့ခြံထဲကိုဝင်ဖို့ ချောင်းနေကတည်းက သေနတ်နဲ့ ချိန်ပြီး စောင့်နေတာ..။ ဝက်လဲ ဝင်လာရော ဆော်ထည့်တော့တာပေါ့..။ ဖြစ်ချင်တော့ ခြံကျော်လာစဝက်ကို ဆော်ထည့်တာဆိုတော့ ဝက်က ချက်ချင်းမသေဘူးလေ..။ အဲဒီတော့ ကိုယ့်သခင်ရှိရာ ဝင်းကို ပြန်ပြေးတာပေါ့..။ ဝေးဝေး မပြေးနိုင်ပါဘူး..။ လေးငါးခြောက်လှမ်းပါ..။ ဒါပေမယ့် စိုင်းထူးရဲ့ ခြံထဲမှာ ဝက်က ဇီဝိန်ချုပ်သွားတယ်..။ ဒိန်းဆိုတဲ့ သေနတ်သံကြားတော့ စိုင်းထူးလဲ ပြေးဆင်းလာတာပေါ့..။ ကြည့်လိုက်တော့ သူ့ခြံထဲမှာ သေနေပြီဖြစ်တဲ့ သူ့ရဲ့ဝက်..။ ဟိုဘက်ခြံကိုကြည့်လိုက်တော့ သေနတ်ကြီးနဲ့ စိုင်းလူး..။ အဲဒီမှာတင် စိုင်းထူးက တင်းတာပေါ့..။ စိုင်းလူးကို သွားကြမ်းတယ်.။ သူ့ဝက် ခြံမကျော်ပဲ ဘာကိစ္စ ပစ်သတ်ရတာလဲပေါ့..။ စိုင်းလူးကလဲ ငြင်းတယ်.။ ခြံကျော်လို့ပစ်တာ..။ ပြန်ဝင်သွားပြီး ဝက်က ကိုယ့်ခြံထဲ ကိုယ်သေတာပေါ့.။ စိုင်းထူးက လက်မခံဘူး..။ အဲဒီတော့ အကြီးအကျယ် ငြင်းကြတယ်.။ အဲဒါနဲ့ ရွာလူကြီးဆီရောက်ရော..။ အဲဒီတော့ ရွာလူကြီးက မေးတယ်.။ ဝက်က ဘယ်မှာသေနေတာလဲပေါ့..။ စိုင်းထူးက သူ့ဝက်က သူ့ခြံထဲမှာ သေနေတာပေါ့.. ။ အဲဒီတော့ စိုင်းလူး တိုင်ပတ်တော့တာပေါ့..။ ရွာလူကြီးကလဲ သေနတ်နဲ့ အပစ်ခံရတဲ့ဝက်က လမ်းလျှောက်ပြီး ကိုယ့်ခြံထဲမှာ ကိုယ်ဝင်သေတာ မဖြစ်နိုင်ဘူးဆိုပြီး စိုင်းလူးကို ဝက်ဖိုး လျော်ခိုင်းတယ်..။ စိုင်းထူးကတော့ ဝက်ဖိုးလဲရ..၊ သေနေတဲ့ဝက်ကို အသားပေါ်ပြီး ဝက်သားလဲရဆိုတော့ နှစ်ဆမြတ်သွားတယ်.။ ဒါကို မကျေနပ်တာက စိုင်းလူး..။ အဲဒီတော့ ပြန်ပြီး လက်တုန့်ပြန်ဖို့ စီစဉ်တယ်..။ သူစီစဉ်တာက ရိုးရိုးလေး..။ အရမ်းနာမည်ကြီးတဲ့ အောက်လမ်းဆရာဆီမှာ သွားပြီး လုပ်ခိုင်းတာ..။
အဲဒီအောက်လမ်းဆရာကြီးက နာမည်ကြီးတယ်..။ သူလုပ်တဲ့အပင်းကလဲ ထူးဆန်းတယ်.။ နွားတစ်ကောင်လုံးရဲ့ သားရေနဲ့လုပ်တာ..။ အဲဒီ နွားသားရေကိုယူပြီး အောက်လမ်းဆရာကြီးက မန်းမှုတ်တယ်.။ သူ့လေနဲ့ တစ်ချက် မှုတ်လိုက်တိုင်း နွားသားရေက ကျုံ့ကျုံ့ဝင်သွားတယ်.။ တော်တော်ကြာကြာလေး မှုတ်လိုက်တဲ့အခါ အဲဒီနွားသားရေက သံချောင်းလောက်လေး ကျန်တာ..။ အဲဒီ သံချောင်းလောက်လေး ဖြစ်သွားတဲ့ နွားသားရေက သူဝင်ရမယ့် သူဆီကို အလိုအလျောက် ပျံထွက်သွားပြီး ဝမ်းထဲမှာ သွားစွဲတာ..။ အဲဒီ ဝမ်းထဲရောက်တော့မှ တဖြည်းဖြည်း ပုံမှန်အရွယ်ကို ပြန်ဖြစ်လာတာ..။ စဉ်းစားကြည့်ပေါ့ဗျာ..။ နွားတစ်ကောင်လုံးရဲ့ သားရေ အူထဲမှာ လာရှိနေတယ်ဆိုတော့ ဘယ်သူက အသက်ရှင်နိုင်ပါ့ဦးမလဲ..။
အဲဒီဆရာနား သွားပြီး စိုင်းလူးကလဲ စိုင်းထူးကို လုပ်ကြံဖို့ သွားပြီး အပူကပ်တယ်..။ အဲဒါနဲ့ ဆရာကလဲ ထုံးစံအတိုင်း နွားသားရေနဲ့ စီရင်တာပေါ့..။ ဖြစ်ချင်တော့ စိုင်းထူးကို သွားမထိပဲ အဲဒီ နွားသားရေက စိုင်းထူးရဲ့သားဆီမှာ သွားဝင်တယ်.။ ဝင်တာနဲ့ စိုင်းထူးသား ဗိုက်အရမ်းအောင့်ပြီး နေထိုင်မကောင်းဖြစ်တယ်..။ ဘယ်ဆေးတိုက်တိုက် မသက်သာဘူး..။ ပြီးတော့ တစ်ရက်ထက်တစ်ရက် ဗိုက်ကြီးက ကယ်တက်လာတာ..။ လေးရက်မြောက်တဲ့နေ့လဲရောက်ရော အသက်ပါ ပါသွားတယ်..။ အဲဒါနဲ့ မသင်္ကာလို့ ကလေးဗိုက်ကို ခွဲကြည့်လိုက်တဲ့အခါ အူတွေ ပြတ်ထွက်နေပြီး ဗိုက်ထဲမှာ နွားသားရေတစ်ချပ်လုံး ရောက်နေတာ..။ အဲဒီဆရာ လက်ချက်မှန်း သိလိုက်ပေမယ့် ဘယ်သူမှ သွားမလုပ်ရဲဘူးလေ.။ သက်သေမရှိတဲ့အပြင် သူက အဲလိုတောင် စွမ်းနေတာ..။ မတော် ကိုယ့်ကိုပါ ဆော်ထည့်လိုက်ရင် မခက်ဘူးလား..။ အဲဒါနဲ့ ကလေးအသုဘကို တိုးတိုးတိတ်တိတ်ပဲ လုပ်လိုက်ရတယ်.။ စိုင်းထူးကတော့ သိတာပေါ့.။ စိုင်းလူးလက်ချက်မှန်း..။
အဲဒီဆရာလဲ သူများကို လုပ်ထားတော့ ကိုယ့်အလှည့်ကျတော့လဲ မလွန်ဆန်နိုင်ဘူးလေ..။ သူ့မှာ မယားက ဆယ်ယောက်လောက်ရှိတာ..။ အဲဒီရှိတဲ့မယားတွေကလဲ သူ့အောက်လမ်းနည်းနဲ့ ယူထားတာ..။ ရွာတစ်ရွာသွားလို့ ကွမ်းတောင်ကိုင်ချောချောလေးများတွေ့ရင် အပင်းလှမ်းလျှိုတယ်.။ ဘယ်ဆရာကုကု မပျောက်တော့ဘူး..။ နောက်ဆုံး သူ့ဆီလာရတယ်.။ သူက ကုပေးတယ်.။ ဆေးဖိုး မတရားတောင်းတယ်.။ တစ်ထောင်ကျော်တောင်းတယ်.။ အဲဒီခေတ်က တစ်ထောင်ဆိုတာ ဒီခေတ် သိန်း တစ်ထောင်လောက်နဲ့ ညီတာကိုး..။ အဲဒီတော့ ပိုက်ဆံမပေးနိုင်တဲ့ ကွမ်းတောင်ကိုင်က အဲဒီ ဆရာအိမ်မှာ ကျွန်ခံရတယ်..။ ကျွန်ဘဝမှာ ခြေတော်တင်ခံရပြီးတော့ နောက်ဆုံး မထူးတဲ့အဆုံး အဲဒီဆရာရဲ့ မယားအဖြစ်နဲ့ပဲ နေလိုက်တော့တယ်.။ ဘဝဆုံးတဲ့တူတူ သူဌေးမယားပဲ လုပ်လိုက်တာပေါ့..။ အဲလိုနဲ့ ချောပါပေ့ဆိုတဲ့ အပျိုဆယ်ယောက်ကို သိမ်းထားတာ..။ အဲ.. သူအသက်ကြီးတော့ တစ်ရက်မှာ သူ့ထက်သာတဲ့သူနဲ့ တွေ့သွားတယ်ထင်တယ်..။ ဗိုက်နဲ့ပတ်သက်ပြီင်္း ရောဂါဖြစ်တယ်.။ ပိုက်ဆံက သုံးမကုန်အောင်ချမ်းသာနေတော့ ယိုးဒယားကို ဆေးသွားကုတယ်.။ ဆရာဝန်တွေ ဘာရောဂါမှလဲ ရှာမရ၊ ဘာဆေးမှလဲ မတိုးဖြစ်ပြီး အဲဒီလူလဲ ဗိုက်ကြီးဖောပြီး ရှောသွားတယ်..။ ဝဋ္ဌ်လို့ပဲ အများက ယူဆတယ်လေ..။ ဟုတ်မှာပေါ့..။ လူတွေကို မတရားလုပ်ထားတဲ့သူ၊ အသက်ကို မတရား သတ်ထားတဲ့သူပဲ..။ ဒီလောက်တော့ ဝဋ္ဌ်ခံသင့်တာပေါ့..။
ဒါကတော့ ဆရာတော် ပြောပြတဲ့ အကြောင်းလေးပါ....။ နောက်များမှ ကျွန်တော့အဒေါ်ရဲ့ ခွဲစိတ်ခန်းက အပင်းလျှိုခံထားရတဲ့ လူနာတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ပုံလေးတွေကို ထပ်မျှပါဦးမယ်..
by facebook page

0 comments:
Post a Comment