နံနက်ရေကျသွားပြီဖြစ်၍ ညနေပိုင်းမှာလည်း ဤချောင်းကလေးထည်းသို့
မှောင်စပြုမှ ရေပြည့်မည်ဖြစ်ရာ နွံကလည်းများထိုးဝါးတဆုံးပင်
နွံထည်းတွင်နစ်သွားခြင်းကြောင့် လူကိုယ်တိုင်လည်းမဆင်းဝံ့ဘဲ
ညဘက်ရေအတက်ကိုစောင့်လျှက်နေရရာမှ အချိန်ကျ၍ရေတက်စပြုလာမှပင်
စိတ်မောပြေသွားပါတော့သည်။ လုံးလုံးရေပြည့်ပြီဖြစ်သောအချိန်မှာ
မီးခွက်များထွန်းနေရပြီဖြစ်၍ ချောင်းသုံးခုဆုံရာတွင်
တွေ့ရမည့်လှိုင်းတို့၏ဘေးဒဏ်ကို အတန်စိုးရိမ်မိလျှက် နေ့ခင်း နေ့လည်
မြင်မြင်ထင်ထင်မှာပင် အတော်သတိထားသွားရသောနေရာသို့ မှောင်မဲမဲတွင်
မရှောင်မလွှဲသာအောင် ဖြတ်ကျော်သွားရတော့မည်သာဖြစ်လေရာ ကျွန်တော်၏စိတ်များမှာ
ခါတိုင်းနှင့်မတူ အထူးလေးလန်နေမိပါတော့သည်။
သို့နှင့်လည်း မသွားလျှင်မပြီးသည့်ကိစ္စဖြစ်၍ သတိကြီးစွာနှင့် ချောင်းသုံးခွဆုံရာသို့ ကျော်ဖြတ်လှော်ခတ်ခဲ့ရာ ၀ဲတခုပေါ်သို့ မတော်တဆကျော်မိရက်ဖြစ်သွားရာ လေတချက်အဝှေ့လိုက်တွင် ရွက်တိုင်ကလည်းစောင်းလဲသွားတော့လျှက် ရုတ်တရက်လှေမှောက်သွားပါတော့သည်။ လှေမှောက်သည်ကို သိလျှင်သိခြင်း ကျွန်တော်လည်း ကုန်ပစ္စည်းထက် မိခင်ကြီး၏အသက်ကို အရေးတကြီးကာကွယ်ရတော့မည် ဖြစ်ရကား စွမ်းဆောင်နိုင်သမျှအင်အားနှင့် ငယ်သံပါအောင်အော်ဟစ်ကာ အကူအညီအော်ခေါ်နေရှာသော မိခင်ကြီးကို လက်တဘက်နှင့်ပိုက်ခါ ကြိုးကြိုးပမ်းပမ်းကူးယက်နေရပါတော့သည်။
မိခင်ကြီး၏အော်သံမှာ ပြင်းထန်စူးယှစေကာမူ အချိန်ကလည်း ည ၊ လေမိုးကလည်းထန်၍နေချိန်ဖြစ်သောကြောင့် လှေကြုံများနှင့်လည်း အဆက်ပြတ်နေသည်သာမက အလွန်ဝေးကွာလှသောအရပ်မှ မီးလက်လက်ကလေးကိုသာ မှိတ်တုတ် မှိတ်တုတ်မြင်ရသဖြင့် လူနေကမ်းခြေနှင့်လည်း အတော်ကြီးအလှမ်းကွာနေကြောင်းသိရသည်တွင် အမေရော ကျွန်တော်ပါ အလွန်တရာအားငယ်သွားမိပါသည်။
သို့နှင့်လည်း အသက်ဘေးကို အရေးတကြီးခုခံကာကွယ်ကာ ကမ်းဟုထင်ရသည့် မီးလက်လက်မြင်ရာကိုသာ မိခင်ကြီးကိုဖက်၍ ကူးယက်လာခဲ့ရတော့လေရာ ကျွန်တော်၏လက်များလည်း လက်အံသေလာရုံမျှမက ကမ်းစပ်နှင့်မနီးမဝေးသို့ ရောက်လာသောအခါမူကား တွဲပါလာသောမိခင်ကြီးမှာ ကျွန်တော်ခေါ်ဆောင်ရာသို့ ပါမလာတော့ဘဲ တ၀ူးဝူးတ၀ဲဝဲနှင့် ရေများမွမ်းနေသည်ထက်မွမ်းလာပြီး ကယောင်ကတမ်း တောင်ဆွဲမြောက်ဆွဲနှင့်ရှိရာက နောက်ဆုံးတွင်ကား ကျွန်တော့်လက်မှ လွတ်ထွက်ခါ ကွဲကွာနစ်မြုပ်သွားရှာပါတော့သည်။
ကျွန်တော်လည်း မိခင်ကြီးနှင့် ကွဲကွာသွားသည်နှင့်တပြိုင်နက် မရမကလိုက်ဆွဲသေးသည်တိုင်အောင် မရမမိလိုက်တော့ဘဲရှိသဖြင့် အားမလိုအားမရ မိမိလက်ပမ်းကျသည်ကိုမျှအမှတ်မရဘဲ ထိုနေရာတွင်ပင် တ၀ဲလယ်လယ်ကူးယက်ခါ တတ်အားသမျှ ရှာဖွေသေးသော်လည်း အချည်းနှီးဖြစ်ရပါ၏။ ကျွန်တော်ကမ်းခြေသို့ရောက်၍ လူများကို အကျိုးအကြောင်းပြောကာ နောက်တစ်နေ့မိခင်၏အလောင်းကို လိုက်ရှာရာ ကံဆိုးသောမိခင်ကြီးအလောင်းမှာ ချောင်းခွဆုံရှိ ကိုင်းတောစပ်ကလေးတွင် ကွေးကွေးကလေးတင်နေသည်ကို တွေ့သဖြင့် သနားတတ်သော ရပ်သူရပ်သားတို့အကူအညီနှင့် မိခင်ကြီးကို မြေမြှုပ်သင်းဂြိုဟ်လိုက်ရပါတော့သည်။
ကျွန်တော်၏ဒုက္ခနှင့်အပူတွေမှာ ပြောမပြနိုင်အောင် ရှိပါတော့သည်။ တနှစ်အတွင်း ပြောင်းလဲခြင်းကြီးမက ပြောင်းလဲလာရခြင်းဖြင့်ပင် အားမရသေးဘဲ ဒုက္ခကြီးတွေ ဆင့်ကာဆင့်ကာပေါ်လာပြီး ယခုနောက်ဆုံးအခါမှာပင် ကျွန်တော်၏အသက်မသေချင်သေး၍သော်၎င်း ၊ ၀ဋ်မကုန်သေး၍သော်၎င်း ဖြစ်တန်ရာ၏ဟုလည်း စဉ်းစားမိပါသည်။
" ကုန်းသွားကုန်းဘေး-ရေသွားရေဘေး " ဆိုသောကျိန်စာပါစကားလုံးများကိုလည်း တဖြည်းဖြည်းပြန်လည်စဉ်းစားကာ ယခုကျွန်တော်တွေ့ကြုံဖြစ်ပျက်နေရသည်တို့မှာ ချစ်သူ့ကျိန်စာကြောင့်ဖြစ်ပျက်တွေ့ကြုံရသည်ဟု လုံးဝဆိုချင်ပါတော့သည်။
ထိုသို့စဉ်းစားမိသောအခါမူကား
ကျွန်တော်တွေ့ကြုံခံစားရသောဒုက္ခများကိုဒုက္ခဟုမထင် ချစ်သူကလေးကို
သစ္စာပျက်မိသည့်အတွက် ထိုက်သင့်သောအပြစ်ဒဏ်ကို ခံရခြင်းသာဟုယူဆမိကာ
စေတနာနှင့်အံကြိတ်၍ခံတော့မည်ဟု ကြိမ်းဝါးမိပါတော့၏။ အဘလည်းဆုံး
မိခင်လည်းဆုံး ကျွန်တော်တစ်ယောက်ထည်း အထီးကျန်ဘ၀နှင့်
အရူးကြီးတမျှရှိတော့ရသည်တွင် ယောင်ချာချာနှင့်ဘယ်သွား၍ဘယ်လာရမှန်းလည်းမသိ၊
ဘယ်အလုပ်ဘယ်အကိုင်နှင့် နေထိုင်စားသောက်ရမည်လည်း မတွေးနိုင်နှင့်
တငိုင်ငိုငတတွေးတွေးဖြစ်မိကာ အလွန်တရာချစ်ခင်လှသောမိခင်ကြီးကိုလည်း
မျက်စိအောက်တွင်ရေဘေးနှင့်အသက်ပျောက်သွားရရှာသောကြောင့် တစုံတရာ
ကိုယ်ရေးကိုယ့်တာဝန်ကို မတွေးနိုင်ဘဲ တနေကုန်တနေခန်း လူသူပြတ်လပ်သော
ရေစက်တွင်ထိုင်ကာ မိခင်ကြီး၏အသက်ဇီဝိန်ကိုခြွေသောရေများကို
မုန်းထားရွံရှာစွာကြည့်ရှုနေမိပါသည်။
မီးဘေးဖြင့်လူချမ်းသာဘ၀မှ တခဏခြင်းဆင်းရဲမွဲပြာသွားရလျှက် သားရဲတိရစ္ဆာန်လက်တွင်ဘခင်ကြီး၏အသက်ကို အက်ရရုံမက အဆိပ်ရှိသောသတ္တ၀ါ၏ရန်မူခြင်းလည်းခံရကာ နောက်ဆုံးမှာ မိခင်ကြီးအား ရေဘေးနှင့်တွေ့ကြုံခံစားသွားရသည်များမှာ ချစ်သူ့ကျိန်စာပါအတိုင်းဖြစ်တော့တာပါဘဲဟု ရေစက်တွင်ထိုင်လျှက်က တချက် တချက် တွေးလိုက်မိသေး၏။ ထိုသို့ငေးမောတွေးတောနေခိုက်တွင် ကျွန်တော့်အား တစုံတခုသော မဲမဲသတ္တ၀ါကြီးတကောင်၏မာကြောစူးယှလှသော အမြီးကြီးတခုက ပြင်းထန်စွာခါးလယ်ဆီသို့ တအားရိုက်လိုက်သည်ကိုခံရခြင်းကြောင့် ရုတ်တရက်ငယ်သံပါအောင် လန့်အော်မိကာ နေရာတွင်ပင်မဟန်နိုင်အောင် စောင်းလဲကျသွားပြီး သတိလက်လွတ်ခါ လုံးလုံးသားမေ့လျော့သွားမိပါတော့၏။
******************************* ************************ ****************
ကျွန်တော်မည်မျှကြာအောင်မြောမေ့နေသည်မသိ
သတိရ၍မျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါ ရပ်သူရပ်သားများမှာ
ကျွန်တော့်အားသနားသဖြင့် ၀ိုင်းဝန်းပြုစုထားကြသည်ကိုတွေ့ရလျှက် အချို့ မှာ
သနားကြင်နာခြင်းဖြင့် စုတ်တသတ်သတ်ဖြစ်ခါ.....
" ဒီလူဟာ သိပ်ကံဆိုးရှာတာဘဲ၊ တနေ့ကရေလမ်းခရီးမှာ လှေမှောက်ပြီး
အမေကြီးသေလို့ ပစ္စည်းဆုံးလူဆုံးနဲ့ဒုက္ခလုံးလုံးဖြစ်နေရှာတဲ့အပေါ်၊ ဒီနေ့တခါ
မိကျောင်းအပုတ်ခံရရှာတယ်ဗျာ၊ တတ်အားသမျှကူညီစောင်မကြပါ။ သူ့ခမြာလှေရော
ပစ္စည်းရော မိခင်ကြီးပါ ပါသွားပြီး မသွားတတ်မလာတတ်နဲ့ လမ်းမတ်တတ်မှာ
ဒုက္ခတွေ့နေရှာတယ် "
ဟု တယောက်တလှည့်လာရောက်မေးမြန်းသူအချင်းချင်း ပြောဆိုကြသော
စကားများကြားရပြီး သနားကြင်နာသောလူများလည်း အတန်များပြားစွာ
ဝိုင်းအုံနေကြသည်ကို တွေ့ရပါသည်။ ကျွန်တော်၏ဒဏ်ရာမှာအတော်ကြီး၍
ခါးရိုးတလျှောက်တွင် အထူးနာကျင်လှသောကြောင့်
တည့်မတ်စွာထိုင်နေနိုင်မည်မဆိုထားနှင့် ပက်လက်လှန်မနေနိုင်ဘဲ
ခပ်ကွေးကွေးကလေးဘေးစောင်းလှဲနေရခြင်းဖြင့် ပြင်းထန်လှသော
မိကျောင်းပုတ်သည့်ဒဏ်ရာကို ဆေးဝါးအထည့်ခံရပါတော့သည်။
ယင်းသို့ ကျွန်တော့်ကို ပြုစုစောင့်ရှောက်ကြသည့်လူစုထဲတွင် သူတထူးထက်ပိုကာ
အထူးဂရုစိုက်ပြီး ကိုယ်ဘိရင်ဘိဆေးဝါးကုမပေးရှာသူကား ဦးဘိုးထွားဆိုသော
ဆေးဆရာကြီးတဦးဖြစ်ပေ၏။ ဦးဘိုးထွားမှာ ဆရာဟူသောဂုဏ်ကြောင့်သာ
ဦးတတ်ခေါ်ရစေကာမူ အသက်မှာများစွာကြီးသေးသူမဟုတ်၊
သုံးဆယ်မျှလောက်သာရှိပါသေးသည်။ ဆရာထွားလည်း ကျွန်တော့်ကို
သူ၏နေအိမ်သို့ခေါ်ယူကာ သနားကြင်နာစွာပြုစုကုမထားရုံမက
ကျွန်တော်၏ဝေဒနာပျောက်ကင်း၍ ကျန်းမာလာသောအခါ ဆရာထွားက-
" ကဲ-မောင်အောင်ဒင်ရာ မင်းလဲအားကိုးမဲ့ဖြစ်နေတဲ့လူဘဲ။
ဆရာမှာလဲသစ္စာရှိမဲ့တပည့်ကောင်းတယောက်လိုနေတဲ့အခါ
မင်းဘယ်မှမသွားပါနဲ့တော့ကွာ။ ဆရာ့ဆီမှာဘဲနေပါတော့။
မင်းပုံပန်းလက္ခဏာကြည့်ရတာလဲ သစ္စာရှိမဲ့လက္ခဏာ
ခွန်အားဗလကိုလဲအသုံးချနိုင်မဲ့လက္ခဏာတွေတွေ့နေရတဲ့အတွက် ဆရာလဲ "
ဒီယုန်မြင်လို့ ဒီချုံထွင် " ဆိုတာလိုမင့်ကို ဆရာ့အိမ်အရောက်ခေါ်လာပြီး
ကျန်းမာအောင်ပြုစုတာဘဲဆိုပါတော့။ ဒီလို မင့်ကိုတပည့်လုပ်ဖို့ခေါ်ထားပေတဲ့
ပင်ပန်းမဲ့အလုပ်တာဝန်တွေကို ခိုင်းစေမှာမဟုတ်ပါဘူး။ ဆရာ့ရဲ့ လျှို့
ဝှက်တဲ့လုပ်ငန်းတခုအတွက် အတွင်းကျကျအကူအညီရနိုင်မဲ့
သစ္စာရှိတဲ့တပည့်ကောင်းတယောက်ကိုလိုလားနေလို့ အခုလိုကြံရတာဘဲကွာ။
ငါမှန်တဲ့အတိုင်းဖွင့်ပြောသလို မင်းကလဲဆရာ့ကျေးဇူးကို အောက်မေ့ပြီး
ဆရာ့ထံမှာနေလိမ့်မယ်လို့ ယုံကြည်ပါတယ် "
ဟုပြောသောကြောင့် ကျွန်တော်လည်း အားကိုးရာမဲ့နေသောအခါဖြစ်သောကြောင့်
ဆရာထွားထံမှာပင်နေပါတော့မည်ဟု ဂတိခံလိုက်ရပါတော့သတည်း။
မိခင်ဘခင်များလည်း အနိစ္စရောက်သွားကြပြီဖြစ်သောကြောင့် ချစ်သူကလေးနှင့်
အေးအေးနေခွင့်ရနိုင်ပြီဖြစ်စေကာမူ နှစ်နှစ်ကျော် သုံးနှစ်မျှ
အကြောင်းမကြားခွင့်မတိုင်ဘဲမြုပ်နေပြီးမှ
ဘွားကနဲသွားတွေ့ရန်မရဲတရဲကြီးဖြစ်လာမိရုံမက မလှဝင်းစိတ်ထားက ယခုအခါမည်သို့
ရှိနေလိမ့်မည်ဟု မသိရသည့်အပြင် အိမ်ထောင်ရက်သားများ
ကျ၍ပင်နေလေတော့မည်လားဟု စဉ်းစားမိလျှက် သွားဘို့ရန်ခက်ခဲလာပါတော့သည်။
ထိုအရာတို့က မခက်ခဲဘူးထားအုန်း ယခုဖြစ်ရသော ကျွန်တော်၏ဘ၀မှာ
ယခင်ကနှင့်လုံးဝမတူဘဲ ဆင်းရဲမွဲတေ စုတ်ပဲ့ညစ်ထေးနေရုံမက လူကလည်း ရုပ်ပျက်
ဆင်းပျက်နှင့်မျက်နှာတစ်ခုလုံး ကျားနှင့်နဘမ်းလုံးရသော
အမာရွတ်ကြီးများအပြင် မြွေဆိပ်ဒဏ်ကြောင့် အသံပျက်ပြီး စကားပြောရာတွင်
ဆွံ့အ-အကြီးကဲ့သို့ဖြစ်နေလျှက် နောက်ဆုံးအကြိမ်
မိချောင်းပုတ်ခံရသောဒဏ်ချက်ကြောင့် ခါးရိုးအဆက်လွဲပြီး
ခါးကြီးကုန်းနေရပြန်သည်တို့က ပိုမိုခက်ခဲလျှက် မလှဝင်းကို
မျက်နှာမပြရဲအောင် ရှိရပါတော့သည်။
ဤတွင်မှလည်း
ကျွန်တော့်ဘ၀မှာ အညွန့် အစတုံး၍ လူလုံးမလှအောင် ဆုံးရှုံးရတော့သည်နှင့်
မလှဝင်းကိုချစ်သောအချစ်က မပျောက်ပျက်မတိမ်ကောဘဲ ယခုလို
ကိုယ်စိုးကိုယ်ပိုင် လွတ်လပ်သောဘ၀တွင် ယခင်ကအတိုင်းပြန်ချစ်ချင်လျှက်
ကျွန်တော့ဘက်မှ ချို့ ယွင်းချက်အမျိုးမျိုးတို့ကြောင့် ကျွန်တော်က
အချစ်မပျက်သည်တိုင်အောင် မလှဝင်းအပေါ်မှာ
ကျွန်တော်စိမ်းကားထားခဲ့မိခြင်းဖြင့် အချစ်ဝင်နိုင်တော့မည်မဟုတ်၊ ယခင်တခါက
ပိုက်ဆံပေါသည့် လူချောလူလှဖြစ်ခဲ့ဘူးသလောက် ယခုတခေတ်၌
ရုပ်ပျက်ဆင်းပျက်နှင့် ဆင်းရဲတွင်းနက်၍နေသောကြောင့်လည်း ယခုတိုင်
အချစ်မပျက်သေးစေကာမု ကျွန်တော်ရုပ်ယေနှင့် အခြေအနေကိုမြင်ရလျှင်
ချစ်ခင်နိုင်မည်ဝေးစွ အော့နှလုံးနာ၍ မုန်းစရာကြီးဟုပင်
တံတွေးနှင့်ထွေးပစ်ချင်ပေလိမ့်မည်ဟု တွေးမိပြီး.....
တဘန်လည်း မလှဝင်းမှာ ယနေ့တိုင်ကျွန်တော့်ကို
အချစ်မပျက်ဘဲမျှော်လင့်လျှက်ရှိရုံမက ကျွန်တော်၏ရုပ်ပျက်ဆင်းပျက်ကြီးနှင့်
ဆင်းရဲခြင်းကြီးဆင်းရဲနေပုံကို သိရလျက်ပင် စိတ်မပျက် အချစ်မပျက်
ဆက်လက်ပေါင်းသင်းနေထိုင်နိုင်သေးသည်ထား ကျွန်တော်ကား သူကလေးကို
ဒုက္ခမပေးရက်နိုင်အောင် ရှိနေပါတော့သည်။
ကျွန်တော့ဘ၀ကား ဆင်းရဲလှ၏။ ခိုကိုးရာမရ အတိဒုက္ခကြီးစွာတွေ့ခဲ့ရသူ၊
နောင်တသက်လုံး နလံမထူနိုင်အောင် လူစွမ်းလူစညံ့ခဲ့ရသူ၊ သူရဲ
သူဘက်တမျှမြင်ရုံနှင့်လန့်ရအောင် အရုပ်အဆင်းပျက်နေသူဖြစ်ခြင်းကြောင့်
မလှဝင်းမှာ ကျွန်တော့်လို လူတဦးကို ချစ်ကြည်နူးစွာ
ပေါင်းသင်းနိုင်ရှာသလောက် ဆင်းရဲဒုက္ခရောက်ရရှာချေမည်။ သူရဲသူဘက်ကဲ့သို့
ယှဉ်တွဲ၍ မထိုင်ထိုက်သောသူတစ်ဦးဖြစ်ရုံမက မှီခိုအားထားရန်
အစွမ်းအစဆို၍လည်း အနည်းငယ်မျှမရှိသော လူနုံလူအတဦး၏ မယားအဖြစ်သို့
မပို့ရက်နိုင်တော့ပေ။ သို့ကြောင့်လည်း သူ့ထံသို့အလျဉ်းပင်မသွားတော့ဘဲ
ဖြစ်ရာဘ၀မှနေကာ မကုန်ခန်းသေးသော ချစ်မေတ္တာကို စေစားလျှက် ချစ်သူအား
အဝေးမှတမ်းတကာ လွမ်းလှသောစိတ်ကို မျိုသိပ်နေလိုက်ရပြီး ဆရာထွားအားလည်း
ကျေးဇူးရှင်တဦးဖြစ်သည့်အားလျော်စွာ သူစီမံစေခိုင်းရာ သင်ကြားပြသရာတို့ကို
တဖြည်းဖြည်းမှတ်သားနာခံလာရပါတော့၏။
မြန်မာဆေးဆရာ ဦးဘိုးထွားဟု အများကြားသိပြီးဖြစ်သည့်အတိုင်းပင်
ကျွန်တော်သိခဲ့ရ၍ ကျွန်တော်ကလည်း သူနာကုကောင်းသောဆေးဆရာတဦးဟု
အထင်ရှိခဲ့မိသည်တိုင်အောင် ဆရာထွားနှင့် တလကျော်နှစ်လမျှနေမိသောအခါ
ဆရာထွားသည် လျှို့ ၀ှက်သောအောက်လမ်းဆရာကြီးတဦးဖြစ်ကြောင်းသိရပါသည်။
သူ၏အလုပ်ဝတ္တရားတို့ကား
သူနာများကို ခြေကြွယူကာ ဆေးကုစားလျှက် လျှို့ ၀ှက်သောနည်းလမ်းဖြင့်
တဘက်တလမ်းမှ အစိမ်းသူရဲများမွေးမြူကာ လူကောင်းလူမာများကို
သယိုးသရီးနေထိုင်မကောင်းအောင် ပြုစေခြင်း။
မိမိအောက်လမ်းပညာဖြင့်ပြုစားခြင်းတို့ဖြင့် အတွင်းစက်လှည့်လျှက် တဘက်ကမူ
ထိုသူနာ လူမမာများအား ရိုးရိုးဆေးဆရာအဖြစ်နှင့် အခကြေးငွေယူကာ
ကုသပါတော့သည်။ မိမိခင်းသည့်ဇာတ်ကွက်ကို
မိမိသာလျှင်နိုင်အောင်ကနိုင်သည့်အားလျော်စွာ လူနာတို့မှာ
ဆရာထွားကုမှသာလျှင် သက်သာရာရကြတော့သဖြင့် ဆရာထွား၏ဂုဏ်သတင်းမှာ
ထိုရပ်ရွာတွင် များစွာထင်းလင်း၍နေပါတော့သည်။
ကျွန်တော့်ကိုကား ဆရာထွားသည် လက်ရင်းတပည့်ကြီးအနေထားကာ
များစွာယုံကြည်ကိုးစား၍ ၄င်း၏လျှို့ ၀ှက်သောအကြောင်းများကို
ဖွင့်လှစ်တန်သမျှဖွင့်လှစ်ပြောကြားထားခြင်းဖြင့် ထိုအကြောင်းများကို
သိရခြင်းဖြစ်လေရာ တစ်နေ့သောအခါမူ ဆရာထွားသည် ကျွန်တော့်အားခေါ်ကာ.....
" ကဲ-ငါ့တပည့်ကြီးကို ဆရာရဲ့ လျှို့ ၀ှက်တဲ့အလုပ်များကို ကူညီနိုင်အောင်
ပြုပြင်ပေးရဦးမယ်။ လာ-လာ လိုက်ခဲ့ပေတော့ "
ဟု ပြောကာခေါ်သွားသောကြောင့် ကျွန်တော်လည်းဆရာထွားနောက်ပါးမှ
အိမ်အောက်ထပ်သို့ လိုက်သွားရပါတော့သည်။ ဆရာထွား၏အိမ်ကြီးမှာ
မြေစိုက်အုတ်သမံသလင်းခံသော တလိုင်းအိမ်ကြီးဖြစ်၍ အောက်ထပ်ဟုဆိုသော်လည်း
များစွာမှောင်မဲနေရုံမက အမျိုးမျိုးသော သစ်ဥ သစ်ဖု ဆေးမြစ် ဆေးရွက်များ
သိုလှောင်ထားသော စပါးပုတ်ကြီးများနှင့် အခန်းခန်းတို့တွင်
ဒင်းကြမ်းပြည့်လျှက် ရှုတ်ရှက်ခတ်နေပါတော့သည်။
ဆရာထွားလည်း ကျွန်တော့အား အစွန်းဆုံးရှိ မဲမှောင်၍ ကြပ်ခိုးတို့ဖြင့်
ပိတ်ဆီးနေသော အခန်းကျဉ်းကလေးတစ်ခုအတွင်းသို့ခေါ်ခဲ့ပြီး လျှို့ ၀ှက်သော
အဖုံးတံခါးကလေးကိုဖွင့်လိုက်ရာ အတွင်းသို့ဆင်းစရာ လှေကားကလေးတခု
ပေါ်လာသည်ကိုတွေ့ရပြီး ထိုလှေကားကလေးမှ အောက်ထပ်မြေတိုက်ခန်းတခုသို့
ဆင်းကြရပါသည်။
မြေအောက်ရှိမြေတိုက်ကြီးမှာ အတော်ကျယ်ဝန်းလျှက် လျှို့
ဝှက်သောအခန်းများနှင့် ဆေးဝါး ပယောဂစီမံရာ အသုံးအဆောင်များလည်း
အမြောက်အများပြင်ဆင်ထားသည်ကို တွေ့ရပါ၏။ လူရိုးများ လူခေါင်းခွံရိုးများ
အလောင်းကိုဆေးစိမ်ထားသော သံဖြူခေါင်းကြီးများနှင့် အင်း အိုင်
မန္တရားတို့ဖြင့် စီရင်ထားသော နာနာရုပ်အမျိုးမျိုးများကိုလည်း
ကြောက်ပါးလိလိတွေ့မြင်ရပေသည်။
အလောင်းစင်နှင့်တူသော ခုံကြီးတစ်ခုမှာ အခန်းကြီး၏အလယ်လောက်တွင်
ပြင်ထားသည်ကိုတွေ့ရပြီး ထိုအလောင်းစင်ကြီး၏ အပေါ်တည့်တည့်တွင်
အင်းများနှင့်စီရင်ထားသော စည်ကြီးတခုကို ဆွဲချိတ်ထားကာ
အလောင်းစင်ကြီး၏ခြေရင်းမှာလည်း စက်ခလုတ်နှင်တူသည့် အရာတခုကိုတွေ့ရပါ၏။
ကျွန်တော်လည်း ထိုအခန်း၏အခြေအနေကိုမြင်ရသောအခါ
ကြက်သီးတဖျန်းဖျန်းထတော့မလောက် ကြောက်ရွံ့ စက်ဆုပ်မိပါတော့သည်။ ဆရာထွားလည်း
ထိုအခန်းမှ အခြားမလွယ်တံခါးတခုကိုဖွင့်ကာ တဘက်သောအခန်းကျဉ်းကလေး
တခုအတွင်းသို့ ကျွန်တော့ကို ခေါ်ဆောင်သွားပါသည်။ ထိုအခန်းငယ်မှာ
ခုံရှည်လိုလို လူတစ်ယောက်အိပ်စာမျှရှိသည့် အင်းပျဉ်တခုကို တွေ့ရပြီး
ခေါင်းရင်းဘက်တွင်လည်း ကိုယ်လုံးပေါ်မှန်ကြီးတခုကို တွေ့ရပါ၏။
၎င်းအပြင် လူ၏နှစ်ဆ သုံးဆမျှကြီးမားသည့် အကောင်ကြီးနှစ်ကောင်မှာ
မဲမဲငုတ်တုတ် မလှုပ်မရှက်ထိုင်လျှက်ရှိ၍ မီးခဲတမျှရဲရဲတောက်ခါ
ဝိုင်းဝိုင်းစက်စက်ရှိသောမျက်လုံးကြီးများမှာ မျက်တောင်မခတ်ဘဲ
ပြူးပြဲကြီးနှင့် တနေရာထည်းကို စူးစိုက်ကြည့်နေကာ ထူအမ်းအက်ကွဲပြဲလှသော
ပါးစပ်ကြီးအတွင်းမှ ငေါငေါထွက်ကျနေသော အစွယ်ကြီးများမှာ
တစိမ့်စိမ့်ကြောက်စရာကောင်းလှပြီးလျှင် ဆင်ရေတမျှ မွဲခြောက်ထူထဲလှသော
အရေကြီးပေါ်တွင် ကျားရှာဆူးပမာ ငေါငေါထောင်နေသော အမွှေးအမှင်
ကြမ်းကြီးများကိုလည်း တွေ့မြင်ရသောကြောင့် ထိုသတ္တ၀ါကြီးမှာ ဘီလူးသော်၎င်း
သဘက်သူရဲသော်၎င်း ဖြစ်တန်ရာ၏ဟု အတတ်သိရပါသည်။ ထိုအကောင်ကြီးနှစ်ကောင်မှာ
မလှုပ်မရှားအရုပ်ကြီးများကဲ့သို့ ရှိသော်လည်း မည်သည့်နည်းနှင့်မျှ အ၀ိညာဏက
အသက်ဝိညာဉ်မဲ့သော သတ္တ၀ါဟု မဆိုနိုင်ဟုထင်ရပါသည်။
မလှုပ်မရှက်ငြိမ်ချက်ကောင်းနေခြင်းမှာ ဆရာထွား၏ ထူးခြားသော
အောက်လမ်းပညာစွမ်းဖြင့် စီမံချုပ်ချယ်ထားသည်ဟူ၍သာ ယူဆစရာရှိပေ၏။
ကျွန်တော်တွေးမိသည့်အတိုင်းလည်း အမှန်ဖြစ်နိုင်သည့် အထောက်အခံမှာ
ထိုသတ္တ၀ါကြီးနှစ်ကောင်အား ဆေးစီရင်ထားသော လက်ထိပ်
သံခြေကျင်းတို့ခပ်ထားသည်ကို တွေ့ရသောကြောင့်ပင် သာ၍ခိုင်မာနေပါတော့၏။
သို့နှင့် ထိုအခန်းတွင်းသို့ရောက်ကြသောအခါ ဆရာထွားသည်
ဝင်လာရင်းတံခါးကိုပြန်ပိတ်ပြီး ကျွန်တော့်အား ပြုံးပြုံးကြီးစိုက်ကြည့်ကာ-
" ကဲ-ငါ့တပည့်ကြီးဟာ ဆရာလိုချင်တဲ့ရုပ်ယေအခြေခံမျိုးရှိတဲ့အပြင်
ခါးကုန်းပုံကိုလဲ အင်မတန်သဘောကျ၊ ဆွံ့ အ အ ဖြစ်နေတာကလဲ အတော်ဟန်
သန်သန်မြန်မြန်ရှိတာကလဲ အခန့်သင့်၊ မျက်နှာမှာ အနာရွတ်တွေရှိနေတာကလဲ အရေးအကြီးဆုံး အသုံးဝင်နေတော့တာဘဲ။ သို့ပေတဲ့
ငါ့တပည့်ဟာ လူက အမြင်ဆိုးသလောက် စိတ်ကနူးညံ့နေသေးတဲ့အတွက် ဆရာက
လူပုံဆိုးသလောက် စိတ်ထားရဲရင့်ကြမ်းတမ်းပြီး တဘက်သားကို သနားကြင်နာစိတ်တွေ
နည်းပါးသွားအောင် ပြုပြင်ပြီးမှ ခိုင်းစရာရှိတဲ့ အလုပ်သတ္တရားတွေကို
ညွှန်ပြရပေမယ် "
ဟု ဆိုကာ ကျွန်တော်အား အခန်းတွင်းရှိ ခုံရှည်ကလေးပေါ်တွင် လှည်းအိပ်စေပြီး မည်သည့်နည်းတို့ဖြင့် ပြုပြင်စီမံလေသည်မသိ အ၀တ်နက်ကြီးတခုနှင့် ကျွန်တော်၏ကိုယ်ပေါ်တွင်ဖုံးလွှမ်းကာ-
" ကဲ-ငါ့တပည့် ငြိမ်ငြိမ်နေ၊ ဆရာက ထတော့ဆိုမှထ "
ဟု ပြောကာ ကျွန်တော်အား အ၀တ်နက်ကြီးအောက်တွင် အတော်ကြာ အိမ်မွှေ့ချထားလိုက်ခြင်း ခံရပါတော့သည်။
*********** ************** ************ **************
by facebook page

0 comments:
Post a Comment