www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ချစ်သူ့ကျိန်စာ ၄ (ဇာတ်သိမ်း)

" မောင်အောင်ဒင် ငါ့တပည့် ထတော့ ထတော့ "
ဟု ပြောသံမှာ ကျွန်တော်နားတွင်းသို့ ခပ်သဲ့သဲ့ကလေးဝင်လာပါသည်။ ထိုအခါမှ
ကျွန်တော်လည်း အိပ်ရာမှနိုးလာဘိအလား သတိများရလာပြီး စိတ်များမှာလည်း
ယခင်ကလို ပြော့ပျောင်းသိမ်မွေ့သော လူစိတ်များလျော့ပါးကာ ရုံ့
ရင်းကြမ်းတမ်းစွာ ပြုမူလိုသောစိတ်များ ၀င်ရောက်လာကြောင်း သိရှိရပါတော့သည်။
ကျွန်တော်လည်း ဆရာ့အမိန့်ကိုနာခံကာ အိပ်ရာမှာထပြီး ဆရာထွားအနီးတွင်ရပ်မိနေရာ ဆရာထွားက ခပ်ပြုံးပြုံးမျက်နှာထားနှင့်ကြည့်ပြီး-
" ငါ့တည့်ကြီး ဒီကနေ့ကစပြီး လူစိတ်ပျောက်လို့ ဘီလူးသဘက်စိတ်ပေါက်ခါ လူတပိုင်း သားရဲတပိုင်းဖြစ်ပြီလို့မှတ်လေတော့။ ဆရာခိုင်းစေသမျှ အလုပ်ကိုလဲ လိုရာမတ ကိစ္စပြီးအောင် အမြဲဆောင်ရွက်ရမယ်။ ဆရာစေခိုင်းလိုသောရက်အပိုင်းအခြားလွန်တဲ့အခါ ငါ့တပည့်ကို မိမွေးတိုင်း ဘမွေးတိုင်း ပြန်ဖြစ်စေပြီး ဥစ္စပစ္စည်းများလဲ တသက်သုံးစွဲစားသောက်နိုင်လောက်အောင် ထောက်ပံ့ကြည့်ရှုလိုက်မယ်။ ငါ့တပည့်ကိုလဲ ဘယ်လိုလူမျိုးကမှ မမှတ်မိအောင် ရုပ်ပြောင်းထားလိုက်ပြီ။ ကဲ- ကဲ ဟောဟိုမှန်ထဲမှာ ကိုယ့်ကိုယ်ကိုပင် မှတ်မိသေးလား ကြည့်လိုက်စမ်းပါ "
ဟု ပြောသောကြောင့် ကျွန်တော်လည်း ခေါင်းရင်းဘက်ကမှန်ဆီသို့ ရှောက်သွားပြီး
မှန်ထည်းတွင်ကြည့်လိုက်မိသောအခါ ရုတ်တရက် ကိုယ့်ကိုယ်ကို
လန့်ဖြတ်သွားမိပါတော့သည်။ နဂိုကမှကံအကြောင်းမလှ၍ ဘေးရန်အမျိုးမျိုးနှင့်
ရင်ဆိုင်တိုးခဲ့ရသောကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ရာတွင်
ယခုဆရာထွားရုပ်ပြောင်းပြုပြင်လိုက်ခြင်းမှာ ပါစင်အောင် ကမ်းကုန်လမ်းကုန်
အရုပ်အဆင်းပျက်၍ လူစင်စစ်က သူရဲသူဘက်နှင့်မခြား ဖြစ်သွားပါတော့သည်။
နဖူးပေါ်က အမာရွတ်ကြီးမှာ လက်သီးဆုပ်ကြီးတင်ဘိအလား
ဖူးဖူးကြွဖောင်းဖောင်းထနေလျှက် ချွန်ထက်သောနှာခေါင်းမှာ နောက်သို့လန်၍
ဂျွမ်းပြန်နေသလိုရှိပြီး မျက်လုံးကြီးနှစ်ဘက်မှာ ပုဇွန်မျက်စေ့လို
ပြူးပြူးကြောင်ကြောင် အပြင်ထွက်နေရုံမက နှုတ်ခမ်းကြီးများက
ဘေးတဘက်တချက်သို့ ပြဲကျယ်ထွက်ခါ ပါးစပ်ဘက်မှာလည်း အသူတရာနက်သော
ချောက်ကမ္ဘားကြီးတမျှ အထဲသို့ခွက်ဝင်နေကြတော့ခါ တကိုယ်လုံးရှိ
အသားအရေများမှာမူကား စောစောကတွေ့မြင်ထားသော သူရဲသူဘက်ကြီးများနှင့်မခြား
ထူထဲမဲနက်သောအရေထူကြီးများပေါ်တွင် အဖုအပိန့်ကြီးတွေထင်လျှက်
ငေါငေါထောင်ထောင် ထွက်နေသည့် အမွှေးနက်ကြီးများပင်
ကျိုးတိုကြဲတဲပေါက်နေသည်ကို တွေ့မြင်ရခြင်းဖြင့် ကျွန်တော်၏ရင်တွင်းမှာ
မချိမဆန့်ကြီးဖြစ်လာပြီး ငါ့အား ဤမျှဆိုးဝါးသည့်အဖြစ်သို့ရောက်အောင်
ပို့ဆောင်လေခြင်းဟု ဆရာထွားကိုပင် ဒေါသအမျက်ပြင်းထန်စွာထွက်မိပါ၏။
ထိုအတွင်း
ဆရာထွားမှာ ကျွန်တော့်အား အားရ၀မ်းသာ ရယ်မောကာနှင့် ကြည့်နေပြန်သည်ကို
တွေ့ရသောအခါ သာလွန်၍ ဒေါသထွက်လာပြန်သောကြောင့် တစုံတရာမပြောမဆိုနိုင်တော့ဘဲ
ဒေါသစိတ်ဆွဲငင်ရာသို့ လက်ပါသွားပြီး ဆရာထွားထံသို့
တရှိန်ထိုးကြီးပြေးသွားကာ လည်မျိုကို တအားညှစ်မိပါတော့သည်။ ဆရာထွားကား
ကျွန်တော့လက်မှ ရုန်းထွက်ခါရှိစဉ် စောစောကအရုပ်ကြီးပမာ ငြိမ်သက်စွာရှိကြသော
သတ္တ၀ါကြီးနှစ်ကောင်မှာ ကျွန်တော်၏ပခုံးကို ဆောင့်ကာဆွဲယူလိုက်လျက်
စိစိညက်ညက်ကျေအောင် ညှစ်ချေပစ်တော့မည်ကဲ့သို့ လက်ထိပ်ထည်းမှ
လက်ကြီးများနှင့် တအားဘိထားကြလေရာ ကျွန်တော့်မှာ အားမတန်၍မာန်လျှော့ပြီး
အငြိမ်ကြီးငြိမ်နေလိုက်ရာတွင် ဆရာထွားမှာ ကျွန်တော့်အား ပမာမထား
မလေးစားလောက်သော ခွေးလေးဂျပိုးတယောက်ကို ကြည့်သောပုံမျိုးနှင့်
မခန့်ပြုံးကြီးပြုံးလျက်က.....
" ဟေ့ အောင်ဒင် မင်းဟာ ငါ့အစေခံဖြစ်နေပြီ။ ဒီဘ၀က ငါမလွှတ်သမျှ
မင်းမကျွတ်ရတော့ဘူးဆိုဒါ သတိထားပါ။ မင့်ကိုငါ အသုံးရှိသလောက်
ခိုင်းစေပြီးရင် တနေ့ကျ ဒီဘ၀က ခွင့်လွှတ်မယ်လို့လဲပြောပြီးသား။ မင်းကလဲ
ငါ့တပည့်ခံပါ့မယ်ဆိုတာ ကတိခံပြီးသား ။ ဒီအထဲကမှ ငါ့ကို အာခံချင်ရင် မင့်ကို
ဒီအဖြစ်က တသက်လုံးမလွတ်ရတော့ဘဲ အခုမင့်ကို ဘမ်းထားတဲ့
လူ့သူရဲကြီးများလိုဖြစ်ပြီး ငါ့တသက်ကျွန်ခံနေစေရမယ်။
ဒီအကောင်ကြီးနှစ်ကောင်ဟာလဲ အစကမင်းလို ငါ့တပည့်များပေါ့။ သူတို့ဟာ
ငါ့ကိုပြစ်မှားပုန်ကန်ကြတဲ့အတွက် ငါကမိုက်ပြစ်ပေးထားတာဘဲ။
မင်းလဲနောက်တခါပြစ်မှားမိရင် သူတို့အတန်းအစားထဲ ချလိုက်ရလိမ့်မယ် "
ဟု ဆိုသည်တွင် ကျွန်တော်လည်း မာန်ကိုလျှော့လိုက်ခါ
ဆရာထွားကိုကြိုးနွံသွားရပါတော့၏။ သို့သော်လည်း ကျွန်တော်လိုဒုက္ခသည်တဦးကို
သနားကြင်နာသလိုလိုနှင့် သူ့အစေအပါးတဦးအဖြစ်သို့ ဘ၀ကိုနှစ်၍
ဇွတ်သွင်းခြင်းခံထားရပုံကို စိတ်တွင်းက အနည်းငယ်မျှ အညှိုးမပြေနိုင်စေကာမူ
မပြိုင်နိုင်သောဘ၀ဖြစ်၍ " နေသေးသပ ချုံထဲက - ဂျိုသွေးသပ တမြမြ "
ဆိုသောစကားပမာ ထိုနေ့ကစပြီး ကြိတ်မှိတ်၍သာ သူ၏သြဇာကို နာခံနေရပေတော့၏။
ဤတွင်လည်း ဆရာထွားမှာ ဒီအကောင် ငါ့ပိုက်ကွန်ထဲကဘယ်နည်းနှင့်မျှ မရုန်းမထွက်နိုင်တော့ပြီဟု အတတ်သိပြီး သူ၏လျှို့ ၀ှက်သော မကောင်းမှု အလုပ်ကြီးတွင် ကူညီရန် နောက်တနေ့ကစ၍ ကျွန်တော့်ကို နည်းလမ်းရှိသလောက် အချက်အလက် တွေပြသပေတော့၏။ ပဋ္ဌမတွေ့ရသောအခန်းတွင် အလောင်းစင်နှင့်အင်းဖြင့် စီရင်ထားသော စည်ပိုင်းကြီးနှင့်တကွ စည်ပိုင်းတွင် ဆက်သွယ်ထားသော သားရေပိုက်လုံးပမာဏရှိ မလှုပ်မရှက် ငြိမ်သက်ခါဦးခေါင်းဇောက်ထိုးတန်းလမ်းကြီး ကျနေသော လက်မောင်းလုံးခန့်မျှရှိသည့် တိုက်မြွေကြီးတကောင်ကို ပြသပါသည်။
" ဟေ့ ငါ့တပည့် ဒါတွေရဲ့ အစွမ်းသတ္တိကို ဆရာပြောပြမယ်။ ဆရာဟာ " ကဝေတရာ " ရဲ့
နှလုံးသွေးကိုဆေးစီရင်ဘို့ စုဆောင်းနေခဲ့တဲ့လူဘဲ။
ကဝေတရာပြည့်လို့နှလုံးသွေးတရာ ပေါင်းမိတဲ့အခါ အောက်လမ်းပညာတွင်
ဆရာဟာဘုရင်တဆူဖြစ်လာရမယ်။ အင်မတန်ကောင်းတဲ့ ဆေးစီရင်နည်းနိသျည်းကို
ရရှိထားပေတဲ့ ကဝေတရာရဲ့ သွေးများရဘို့ကလဲ အင်မတန်ခဲယဉ်းတယ်။ ယူရမဲ့
နှလုံးသွေးကလည်း အရှင်လပ်လပ်က ဖောက်ယူရမှာဖြစ်နေတယ်။
အရင်တပည့်ဟောင်းများလက်ထပ်က ကြိုးစားခဲ့လို့ ကဝေဆယ့်လေးငါးယောက်ရဲ့
သွေးများတော့ရခဲ့ပြီ။ သို့ပေတဲ့ တရာပြည့်ဖို့က အတော်လိုသေးတယ်။
ကဝေပညာသယ်တွေနဲ့ ပညာချင်းပြိုင်ယူဘို့ရာကလဲ သူတို့ထက်ပိုပြီး
ပညာရည်မ၀သေးဘူး။ ဆရာဟာ သူ့လို ကိုယ့်လို သာမန် ကဝေပညာ ရိုးရိုးလောက်သာ
တတ်ထားသူဖြစ်လေတော့ ရဲရင့်တဲ့တပည့်များကို အကြမ်းနည်းနှင့်
တွေ့သမျှကဝေမများကို ဘမ်းယူစေပြီး ဒီအခန်းထဲရောက်မှ
ဟောဟိုအလောင်းစင်ပေါ်တင်ပြီး အရှင်လပ်လပ်က နှလုံးသွေးကိုဘောက်ယူရတယ်။
ဆရာကမင့်ကို ခိုင်းစေလိုတာကလဲ ဆရာညွှန်ပြရာကဝေမများကို ခွန်အားဗလအားကိုးပြီး
အကြမ်းနည်းနဲ့တွေ့ရာမှာ ဘမ်းဆီးလာဘို့ဘဲ။ အဲ-ဒီလိုဘမ်းဆီးလာပြီးမှ
ဒီအလောင်းစင်မှာတင် လိုချင်တဲ့နှလုံးသွေးကို ဘောက်ယူရမယ် "
ဟု စီကာပတ်ကုံး ပြောနေသောအခါ ကျွန်တော့်မှာ လောကတွင် ဤမျှယုတ်မာဆိုးသွမ်း၍
ကြမ်းတမ်းရက်စက်သောသူများလည်း ရှိပါသေးကလားဟု များစွာစက်ဆုပ်ရွံ့
ရှာမိပါတော့သည်။ သို့ရာတွင် ကျွန်တော်မှာ " စေသောကျွန် ထွန်သောနွား "
ဆိုသည့်အလား သူ့လက်တွင်းဝယ် သူချယ်လှယ်စေခိုင်းသမျှကိုသာ
ပြုလုပ်ဆောင်ရွက်ပေးရတော့မည် ဖြစ်ပါသောကြောင့် ကျွန်တော်သည် ဆရာထွားလက်သို့
ကဝေပေါင်းများစွာ မတရားပျက်စီးသေဆုံးရှာကြမည့်အစား
ဤလူယုတ်မာကြီးတဦးသေသွားလျှင် သတ္တ၀ါအများ ချမ်းသာရမှာဘဲဟု
စိတ်ကစဉ်းစားနေမိလိုက်ပါသည်။ ဆရာထွားကား ကျွန်တော်၏စိတ်တွင်ရှိသော
အတွေးများကို မရိပ်မိဘဲ သူနည်းနာနယတို့ကို ဆက်လက်ပြဆို၍ နေပြန်ပါသည်။
" ဟောဒီ အလောင်းစင်ပေါ်ကစည်ကြီးထဲကို ဟောဒီတန်းလန်းကြီးကျနေတဲ့
တိုက်မြွေကြီးက နှလုံးသွေးများကို ရသမျှစုတ်ယူပြီးသွင်းရသကွ၊
ဟောဒီစည်ပိုင်းကြီးအစွန်းက အင်းခလုတ်ကိုနှိပ်လိုက်တဲ့အခါ
အရုပ်လိုနေတဲ့တိုက်မြွေကြီးဟာ အသက်ဝင်လှုပ်ရှားလာပြီး
သွေးစုပ်ယူရတယ်မှတ်ထား၊ ဆရာမအားတဲ့အခါ မင်းကိုယ်တိုင်
ဒါတွေကိုလုပ်ရလိမ့်မယ်။ ပဋ္ဌမဦးဆုံး ကဝေမတစ်ယောက်ကို အကြမ်းနည်းနဲ့
ဘမ်းဆီးယူဆောင်လာပြီး ဟောဒီအလောင်းစင်ကြီးအပေါ်မှာ ဟောဒီလို
ပက်လက်လှန်တင်ထားပြီး ခြေရင်းနားက စက်ခလုပ်ကို နှိပ်လိုက်ရင်
အလောင်းစင်ပျဉ်ခင်းအတွင်းက သံညှပ်ကြီးငါးခုထွက်ကြွလာပြီး ဟောဒီလက်နှစ်ဘက်
ခြေနှစ်ဘက်နဲ့ ခါးလယ်တဲ့တဲ့မှာ မရုန်းမကန်နိုင်အောင် ညှပ်ထားလိမ့်မယ် "
ဟု ပြောကာ သူကိုယ်တိုင် အလောင်းစင်ပေါ်တွင် အိပ်ပြလိုက်သည်တွင်
ကျွန်တော်လည်း ဤသူယုတ်မာကြီးကိုနိုင်ရန်အချက်ဘဲဟု ဦးဏှောက်ထဲတွင်
လျှပ်စီးလက်လိုက်သလို လျှင်မြန်သော အသိဥာဏ်ကလေးဝင်လာပြီး
ဖွတ်မြှီးနှင့်ဖွတ်ကိုချည်သည့်နည်းအတိုင်း အလောင်းစင်ခြေရင်းမှ စက်ခလုပ်ကို
စမ်းသပ်ကြည့်သလိုလိုနှင့် ခပ်တည်တည်ကြီးဖြုတ်ချလိုက်သည်နှင့်တပြိုင်နက်
ဆရာထွားမှာ သံညှပ်ကြီးခြားတွင် အကားသားမိ၍နေပါတော့သည်။
ကျွန်တော်လည်းအတော်ကျေနပ်သောဟန်ဖြင့် အပေါ်ကစည်ကြီးတဖက်ရှိ အင်းခလုပ်ကလေးကို
ဖြုတ်မည်ဟု လက်လှမ်းလိုက်လျှင်ပင် ဆရာထွားမှာ ပြာရီးပြာရာနှင့်-
" ဟေ့-ဟေ့ အောင်ဒင် ဘယ့်နှယ်လုပ်လိုက်တာလဲကွ၊ ဆရာ့ကိုမကျီစားပါနဲ့
ခလုပ်ကိုမြန်မြန်ဖြုတ်လိုက်ပါ "
ဟု ဆိုရသော်လည်း ဆရာထွားမျက်နှာမှာ ကြောက်ရွံ့ သွေးဆုတ်နေသည်ကို
ရိပ်မိလိုက်ပါသည်။ ကျွန်တော်ကား ပြောင်သလိုလို တကယ်လိုလို မျက်နှာထားနှင့်
သူ့အား စူးစိုက်ခါကြည့်နေပြန်ရာ ဆရာထွားမှာ
လျှင်မြန်ဖြတ်လပ်ပါးနပ်ကျင်လည်သူတဦးဖြစ်သည့်အတိုင်း-
" ဟေ့-အောင်ဒင် လွှတ်ကွာ လွှတ် ၊ အပျက်အပျက်နဲ့ကြာရင် ဒုက္ခဖြစ်လိမ့်မယ်။
ငါဒုက္ခဖြစ်ရင် မင်းလဲ မသက်သာဘူး။ မင်းဟာ အခုလူလဲမဟုတ်
သူရဲလဲမဟုတ်တဲ့ဘ၀ကြီးနော်။ ငါမရှိရင် မင်းဟာ လူစင်စစ်က
သူရဲဖြစ်မှန်းမသိဖြစ်သွားမယ် "
ဟု ပြောသောအခါမူကား ကျွန်တော့်ဘ၀ကို ပြန်၍စဉ်းစားမိကာ ဆရာထွားကို
သေစေ၍မဖြစ်သေးကြောင်းတွေးမိသဖြင့် ချထားသောခလုပ်ကိုပြန်၍
ရုပ်သိမ်းလိုက်ရပါတော့၏။
ဆရာထွားကား သံညှပ်မှလွတ်လာသောအခါ အပြုံးမပျက် သက်ပြင်းကြီးပင်ချလိုက်စေကာမူ
ငါ့အသက်ဘေးကြီးကား ဆံချည်မြှင်ကလေးတလုံးခြားမှ ကံအားလျော်စွာ
လွတ်လာရပါတကားဟူသော မျက်နှာထားမှာ မသိမသာထင်ရှားပေါ်လွင်နေပါသည်။
ကျွန်တော့ကိုလည်း မယုံမရဲကြီးဖြစ်ခါ မြွေဆိုးကိုကစားရသော အလမ္မာယ်ဆရာကဲ့သို့
တခါတခါ စိတ်မချစရာ ကြောက်လန့်စရာကောင်းသောတပည့်တယောက်ဟု အထင်ရောက်သွားပုံ
လက္ခဏာရှိပါသည်။ သို့ရာတွင် ကျွန်တော့်ဘ၀ကို သူ့လက်ဝယ်ကိုင်ထားသဖြင့်လည်း
တနည်းအားဖြင့် ကျွန်တော် သူ့ကိုမလုပ်ကြံရဲကြောင်းသိရှိလျှက်
ယုံကြည်စိတ်ချစွာနှင့်ပင် ဆက်လက်စေခိုင်းလာခဲ့ပါသည်။
ကျွန်တော်ကလည်း
မလွှဲသာသည့်ဘ၀ သူစေခိုင်းရာနာခံရမည့်သူ ဖြစ်နေသောကြောင့်
အရေးရှိ၍ခိုင်းစေလျှင် ကိစ္စပြီးအောင် တာဝန်ကြေပြွန်အောင်
အမြဲလုပ်ကိုင်ပေးနေရပါ၏။ သို့ကြောင့်လည်း သုံးလေးလအတွင်းတွင် ကဝေမ
အရှင်လပ်လပ်သုံးလေးယောက်ကို အကြမ်းဘက်၍ ဘမ်းဆီးဆက်သခဲ့ရပြီး
သူတို့၏နှလုံးသွေးကို စည်ကြီးအတွင်းအရောက်သွင်းရာ၌ ဆရာထွားဘက်က
ကူညီလုပ်ကိုင်ပေးရပါတော့သည်။ ဆရာထွားမှာ အပြင်တွင်ဆေးဆရာအဖြစ်နှင့်
ဆေးသွားကုတိုင်းလည်း စုံထောက်မျက်စိပမာ ကဝေပညာတတ်ကျွမ်းသူများကိုသာ
တဘက်တလမ်းမှ ရှာဖွေစုံစမ်းပြီးလျှင် ချက်ကောင်းကိုအမြဲချောင်းလျှက်
အခါသင့်၍အခွင့်ရသည်နှင့် တပြိုင်နက် ကျွန်တော့်ကို လက်တို့ကာ
" ဟော ဟိုကဟာ ကဝေဘဲဟေ့ သွားဘမ်းပေတော့ "
ဟု လွှတ်လိုက်သည်နှင့်တပြိုင်တည်း ကျွန်တော်လည်း " သူ့ဆန်စား ရဲမှ " ဆိုသော
စကားအတိုင်း လက်ရုံးအားကိုး ပြုတန်ပြုကာ မရ
အရဘမ်းဆီးယူဆောင်လာခဲ့ရပါတော့သည်။ ထိုအလုပ်များကို ကျွန်တော်များစွာ
စက်ဆုပ်လှပါ၏။ ဘ၀အကြောင်းမကောင်း၍ ကံဆိုးကြမ္မာအခါခါဘိစီးနှိပ်စက်ခြင်းခံရကာ
ချစ်သူ့ကျိန်စာကလည်း တနုံ့နုံ့စူးခဲ့သဖြင့် ဤမျှဆိုးဝါးလှသည့်ဘ၀ဆိုးကြီးမျိုးသို့ ရောက်ရစေကာမူ ကျွန်တော်၏စိတ်ရင်းစေတနာကား အမြဲဖြူစင်လျှက်သာရှိခဲ့ပါသည်။ ဤစိတ်ရင်းကောင်း စိတ်ရင်းမှန်၏အကျိုးအားဖြင့်လည်း ဤမျှဆိုးဝါးလှသောဘ၀မှ မကြာခင်လွတ်မြောက်၍ တနေ့တွင် လူကောင်းတယောက်ပြန်ဖြစ်ရလိမ့်ဦးမည်ဟူ၍ ထိုအခါကပင် မျှော်လင့်ထင်မြင်မိသောစိတ်များ ရှိခဲ့မိပါ၏။
ယင်းသို့ဆိုးဝါးသောဘ၀တွင်
တရက်မျှမပျော်ပိုက်ဘဲနှင့် နေ့ရက်များကုန်ခန်းလာခဲ့ရာမှ တနေ့သော
နေ၀င်ရီသယောအချိန်တွင် ဆရာထွားသည် ကျွန်တော်ရှိရာ မြေတိုက်ခန်းဘက်သို့
အရေးတကြီးဆင်းတက်လာပြီး-
" ဟေ့ အောင်ဒင် ငါ့တပည့် မင်းဘို့အလုပ်တခုတွေ့လာပြန်ပြီဟေ့။ မြို့
ပြင်ဘက်က ညောင်ပင်အောက်မှာ ခရီးသွားလှည်းတစီးချွတ်ထားတယ်။ လှည်းပေါ်မှာ
ခရီးသွားမိန်းမနှစ်ယောက် အိပ်နေကြတဲ့ အနက်က စောင်ဖြူခြုံထားသူက
ချီးစားစုန်းမ၊ စောင်နီခြုံထားသူက ကဝေမကွ၊
မင်းသွားပြီးစောင်နီကြီးခေါင်းမြီးခြုံအိပ်နေတဲ့ ကဝေမကိုရအောင်
ဆောင်ကြဉ်းခဲ့ပေတော့၊ ဆရာတော့ ဒီကောင်မနှစ်ကောင် ခရီးစထွက်လာတဲ့ ရွာကနေပြီး
မျက်ခြေမပြတ်လိုက်လာခဲ့ရတာနဲ့ ခြေတွေများတောင်ညောင်းနေပြီ။
ကဲ-မင်းမြန်မြန်သွား ကောင်မတွေကလဲ အပါးကြီးဟေ့နော် သူတို့ကဝေမှန်း
လူတွေရိပ်မိမှာစိုးလို့ မြို့ ထည်းတောင်ဝင်မတည်းကြဘူးဟေ့ "
ဟု ဆိုကာ လွှတ်လိုက်သည်တွင် ကျွန်တော်လည်း ၀တ္တရားအတိုင်း လှည်းပေါ်တွင်
အိပ်နေသော ကဝေမကို အရဘမ်း၍ မြေတိုက်ခန်းသို့ ပို့လိုက်ရပါတော့သည်။
ဆရာထွားသည် သူစေခိုင်းသည့်တာဝန်မကြေခဲ့သော အခေါက်များမှာ မအေ နှမ မကျန်
ခက်ထန်စွာ ဆဲရေးကြိမ်းမောင်းတတ်သလောက် အပေါက်တဲ့အောင်
အလုပ်လုပ်ပေးလိုက်သောအခါမူကား အားရ၀မ်းသာနှင့် အခါခါ
ချီးမွမ်းထောမနာတတ်သည့်အားလျော်စွာ-
" ဒါမှ ငါ့တပည့်ကြီးကွ။ ဒါတွေကြောင့် ဆရာက မင့်ကို အားထားတာဘဲ "
ဟု သွားကြီးတဖြဲဖြဲနှင့် ပြုံးလျက် စောင်ခြုံကြီးအတွင်းမှ ရုန်းထွက်မရအောင်
ကြိုးနှင့်တထပ်ရစ်ပတ်တုပ်နှောင်လာခဲ့သော ကဝေမကို ကြေနပ်စွာကြည့်ပြီး
သဘောကျ၍နေပါတော့သတည်း။
********** ************** **************** *****************
သို့နှင့် အလောင်းစင်ပေါ်သို့တင်ထားသော ကဝေမအား ဆရာထွား၏အမိန့်အရ တုတ်နှောင်ထားသော ကြိုးများကိုဖြည်ကာ စောင်ခြုံကိုဆွဲ၍ ဘွင့်လိုက်သောအခါမူကား ဒေါသအမျက်ခက်ထန်စွာနှင့် စူးရှကျယ်လောင်စွာ ဟစ်အော်ဆူပူနေသော ကဝေမခပ်ရွယ်ရွယ်တစ်ယောက်ပေါ်လာသည်ကို တွေ့မြင်ရသည်နှင့်တပြိုင်နက် ကျွန်တော်၏မျက်လုံးများမှာ မှောင်ကြီးကျသွားသည်ဟု ထင်လိုက်ရပါတော့သည်။ ထိုကဝေမဆိုသူကား အခြားမဟုတ်ပါ။ ယနေ့အထိ တနေ့မျှမေ့သည်မရှိခဲ့သေးသော ကျွန်တော်၏အချစ်ကလေး မလှဝင်းပင် ဖြစ်နေပါတော့သည်။
မှားပြီ မှားပြီ ငါ့အချစ်ကလေးမှန်းမသိလို့ ငါခေါ်လာခဲ့မိပြီ။ ဘယ်လိုကြံကယ်ရပါ့မလဲ။ ဆရာထွားကလည်း ချမ်းသာပေးတော့မှာမဟုတ်ဘူး။ ငါ့အချစ်ကလေးကို ငါ့ရှေ့ တွင် အရှင်လပ်လပ် နှလုံးသွေးဘောက်ထုတ်ယူတာကို ငါဘယ်လိုလုပ်ကြည့်ရမလဲဟု ခေါင်းထဲတွင် ဦးနှောက်ချာချာလယ်၍ နေပါတော့သည်။ ဆရာထွားကား များစွာကြေနပ်လျက် မျက်နှာကြီး တပြုံးပြုံးနှင့် ရှိသလောက် ကျွန်တော်မှာ မျက်သလဲဆံပြာ ဖြစ်နေရပါတော့သည်။ ချစ်သူမလှဝင်းကား ဆရာထွားကိုတလှဲ့ ကျွန်တော်ကိုတလှဲ့ ဒေါသခက်ထန်စွာနှင့် ကြည့်နေပါသည်။ ကျွန်တော့်ကိုမူကား သူရဲ သူဘက်နဲ့မခြားနားအောင် များစွာ ရုပ်ဆင်းပျက်နေသောကြောင့် အနည်းငယ်မျှ မမှတ်မိရှာတော့ပါ။
ယခင် ကျွန်တော်နှင့်တွေ့ရစဉ်က စုန်းမဟူ၍သာ အထင်ရှိခဲ့သော်လည်း ယခုဆရာထွားအမိန့်နှင့် ဘမ်းယူလာမှ ကဝေမမှန်းသိရပါတော့သည်။ သို့သော် ကျွန်တော်၏အချစ်ကား ကဝေမဖြစ်ဖြစ် စုန်းမဖြစ်ဖြစ် အကြောင်းမထူးဘဲ တသက်နှင့်တကိုယ်တွင် စွဲလမ်းခြင်းပြင်းစွာဖြင့် ခိုင်မြဲစွာချစ်၍နေသော အချစ်သာလျှင်မဏ္ဍိုင်ပမာ မားမားမတ်မတ်ကြီးတည်ရှိနေခဲ့ပါသည်။
မလှဝင်းမှာ မိမိကိုဤသို့ဘမ်းဆီးဆောင်ကြဉ်းလာရမည်လားဟု ကဝေတို့မျက်မာန်ဖြင့် ဒေါသခက်ထန်စွာ ဟစ်အော်ကျိန်ဆဲနေပါတော့သည်။ တခါတခါ ဆရာထွားကိုလှည့်ကာ-
" သတ္တိရှိလျှင် ပညာချင်းပြိုင်ပါလား။ ဘာကြောင့် မိန်းမဥာဏ်နဲ့ မလိမ့်တပတ်ကြံရသလဲ "
ဟု ဆဲရေးတိုင်းထွာကာ တခါတခါလည်း ကျွန်တော့်အား အစိမ်းဝါးစားတော့မလိုကြည့်ပြီး-
" ငါ့ကိုစောင်ခြုံပေါ်က လည်မျိုညှစ်ခေါ်လာတဲ့ အကောင်ကြီးဟာ နင်ဘဲ။ ငါရုန်းကန်တုန်းက နင့်နဖူးကအဖုကြီးကို လက်နဲ့စမ်းမိတယ်။ နင်ဘာကောင်လဲ။ လူလား သူရဲလား။ ငါနင့်ကိုမကြောက်ဘူး။ သတ္တိရှိအခုပြိုင်ကြည့်။ ငါအမေ့အရော့အိပ်ပျော်နေတုံးမို့ နင်တို့အခွင့်အရေးသာသွားတာ။ နင်တို့ဟာ ဘာကောင်တွေလဲ ဘာလုပ်မလို့ ငါ့ကိုဒီခေါ်လာသလဲ "
ဟု ပွက်ပွက်ဆူအောင် ဆဲရေးတိုင်းထွာလျှက်ရှိပါတော့သည်။
ထိုအတွင်းမှာပင်
ဆရာထွားလည်း မလှဝင်းအနားသို့ကပ်ခါ ဗလက်ကာယအမှုကို စတင်၍ပြုပါတော့သည်။
မလှဝင်းကား မူလက ဒေါမာန်ပွားနေဆဲတွင် ယခုကဲ့သို့ ဇက်ရဲလာသောအခါ ဘက်ခနဲ ဆရာထွား၏ပါးကိုချလျှက် ကက်ကက်လန်အောင် ရန်တွေ့ပါတော့သည်။ ဆရာထွားကား စားမန်ယစ်နေသော ကျားကြီးကဲ့သို့ တဖြည်းဖြည်းဒေါသကြီးလာကာ မလှဝင်းကို ဇွတ်အတင်း ဘက်ပွေ့ဖြစ်ညှစ်ပြန်ပါသည်။ မလှဝင်းကလည်း အားခွန်ရှိသမျှနှင့် ရုန်းကန်ရင်း.....
" လွှတ်-လွှတ်-ဟဲ့-ခွေးသားကြီးလွှတ် နင့်အလိုကိုငါမလိုက်ဘူး။ ငါ့ကိုသတ်ချင်ရင်သေအောင်သတ် နင့်လက်ထဲရောက်နေလို့ အသေခံမယ်သိလား။ ငါ့လင်ကလွဲရင် ဖွဲနဲ့ဆန်ကွဲချည့်ထင်တယ်ဟဲ့ "
ဟု ဒေါသသံနှင့် ကက်ကက်လန်အောင် ရန်တွေ့နေရှာသည်ကို တွေ့ရပြီး ဆရာထွားကလည်း မခန့်ပြုံးကြီးပြုံးရယ်နေရာမှ-
" ဟား ဟား ဟား မင်းကလင်နဲ့လားကွ။ မင့်လင်ကို သိပ်ချစ်သလား။ ဟား ဟား ကဝေမရဲ့ လင်ဆိုတာ ဘယ်သူများပါလိမ့်ဗျာ။ ငါသိချင်ပါဘိတော့ "
ဟု မခိုးမခန့်ကြီးပြောသည်တွင်-
" ငါ့လင်ကိုသိတော့ နင်ကဘာလုပ်ချင်သလဲဟင်။ ငါ့လင်ဟာ ငါ့အပေါ်သစ္စာဖောက်သွားတဲ့အတွက် ငါ့လက်နဲ့လိုက်သတ်မယ်လို့ လိုက်ရှာနေတာဟဲ့။ နင်နဲ့တွေ့ရလို့ ငါ့လင်ကိုငါကိုယ်တိုင် မသတ်ရမှာတခုဘဲ ၀မ်းနည်းတယ်။ ကဲ-ငါ့ကိုသတ်မှာဖြင့်သတ်ပါ။ နင့်မျက်နှာကြာကြာကြည့်မနေချင်ပါဘူး။ နင့်အလိုလဲမလိုက်နိုင်ဘူး "
ဟု ပြောသောစကားကိုကြားရလျှင် ကျွန်တော့်အပေါ်တွင် မလှဝင်းမည်မျှအမျက်ကြီးနေရှာသည်ကို အတတ်သိပါသည်။ အချစ်ကြီးက အမျက်ကြီးတတ်သောစကားကိုလည်း သွား၍သတိရမိပါသည်။ သူ့ကိုချစ်စက
"ကိုအောင်ဒင် ကျမကို သစ္စာမဖျက်နဲ့နော်။ ကျမဟာ ရှင့်အပေါ်အင်မတန်ချစ်တယ်။ နောင်ခါတော့ အချစ်ကြီးရင်အမျက်ကြီးတတ်တယ်။ အမျက်ကြီးသလောက် ရှင့်အပေါ်လဲ မရက်စက်ချင်ဘူး ကိုအောင်ဒင်ရယ်။ အဲဒါကြပ်ကြပ်သတိထားစမ်းပါ။ ကျမတို့ဟာ စုန်းကဝေမျိုးတွေနော် " နဂါးမျက်စောင်း-အကြောင်းမရွေး " ဆိုတာလို စုန်းကဝေတို့ မျက်စောင်းဟာလဲ အကြောင်းမရွေးဘူး ကိုအောင်ဒင်ရဲ့ ။ နောင်ခါ စုန်းကဝေပြီပြီ ကိုယ့်ဒေါသကိုယ်မနိုင်လို့ တစွန်းတစလုပ်မိလိုက်ရင် လက်လွန်ပြီးမှ နောင်တရနေမှာစိုးရတယ်။ ရှင့်အပေါ်မှာ အချစ်စိတ်က တဘက်ရှိနေတော့ ကျမဒေါသမနိုင်လို့လုပ်မိပြီး ကျမဘဲနောင်တ တကြီးနှင့် ပူဆွေးပြီးနေရစ်ရမှာပါဘဲ ကိုအောင်ဒင်ရယ် "
ဟု ပြောဘူးသည်တို့ကိုသွား၍ သတိရမိပါသည်။ ကျွန်တော်၏မိခင်ကြီးအရေးကြောင့် သူကလေးကို ရက်စက်မိခဲ့သည်လည်း အမှန်ပင်ဖြစ်၍ အမျက်ကြီးမည်ဆိုကလည်း ကြီးလောက်စရာဘဲဟု စဉ်းစားကာ ကရုဏာသက်၍နေမိပါသည်။
ထိုအတွင်းမှာပင်
ဆရာထွားမှာလည်း မဟားဒယားလုပ်လာပြီး ယောင်္ကျားနှင့်မိန်းမဖြစ်၍ မလှဝင်းမှာ
နောက်ဆုံးတွင် အားချင်းမမျှသဖြင့် အရှုံးပေးရခါနီးလာသည်ကို တွေ့ရလျှင်
ကျွန်တော်မှာ ရုတ်တရက် မွှန်တက်သွားပြီး ဘာကိုဘယ်သို့ပြုလုပ်လိုက်မိသည်မသိ
အနီးရှိအရာတခုကိုဆွဲကာ ကုန်းကုန်းကြီးတအားဘိထားသော
ဆရာထွား၏ကိုယ်ကြီး၏နောက်ပိုင်းမှနေလျှက် နောက်စေ့ကို
တအားနှက်လိုက်မိသည်တွင် ဆရာထွားမှာ ရှေ့ သို့တအားစိုက်ကျသွားပြီး အမေ့ကြီးမေ့လျော့သွားသည်တွင် ကျွန်တော်လည်း ချက်ကောင်းတခုဘဲဟု တိုတောင်းလှသော အချိန်ကလေးအတွင်း မလှဝင်း၏အသက်ဘေးကို အရေးတကြီး အလုအယက် ကာကွယ်ရတော့မည်ဖြစ်သည့်အတိုင်း ကျွန်တော့်ဘ၀ဆိုးကြီးကို အပြီးအစီး အနစ်နာခံလိုက်ခါ မြောမေ့နေသော ဆရာထွားအား အလောင်းစင်ကြီးပေါ်တွင် ပက်လက်လှန်ကာ တင်လိုက်လျှက် ခြေရင်းဘက်က ခလုတ်ကြီးကို ချလိုက်သည်နှင့်တပြိုင်တည်း သံညှပ်ကြီးငါးခုမှာ ဆရာထွား၏ ကိုယ်ကြီးအား ခိုင်မြဲစွာညှပ်၍ ထားလိုက်ကြပေတော့သည်
ထိုခဏမှာပင် ဆရာထွားလည်း သတိရလာပြီး သူ၏အဖြစ်ကိုသိရသောအခါ ဖွတ်မြီးနှင့်ဖွတ်ပြန်ချီလိုက်ခြင်းခံရသည့်အတွက် ရုတ်တရက်ထိတ်လန့်တုန်လှုပ်စွာ ဟစ်အော်ဆူပူနေပါတော့၏။ ကျွန်တော်လည်း သူ့အား မုန်းထားစက်ဆုပ်စွာ ပြုံးမဲ့ကြီးလုပ်လျှက် " မင်းအသက်သေပေတော့ " ဟုဆိုသော အထိမ်းအမှတ်ဖြင့် ကြည့်နေလျှင် ဆရာထွားလည်း ကျွန်တော့စိတ်ထားကို သိသွားဘိအလား တောင်းပန်တိုးလျှိုးသောလေသံဖြင့်-
" မောင်အောင်ဒင် ငါ့တပည့် သတိထားလေ။ မင်းဘ၀ဟာ ဆရာ့လက်ထဲမှာနော်။ ဆရာမရှိရင် မင်းဘ၀ဆုံးပြီးလုံးလုံးကြီး သူရဲဖြစ်သွားတော့မယ် "
ဟု ချော့ပြန်သည်တိုင်အောင်-
" မရဘူး မရဘူး ဒါတွေသိရက်နဲ့ ကျုပ်ဘ၀ကိုစွန့်ပြီးကယ်လိုက်တာဘဲ။ ခင်ဗျားသေဘို့သာပြင် ခင်ဗျားစုဆောင်းနေတဲ့ ကဝေတရာရဲ့ နှလုံးသွေးစည်ကြီးထဲမှာ ခင်ဗျားရဲ့ နှလုံးသွေးကိုပါထည့်ထားလိုက်မယ် "
ဟု ဆွံ့ အ ထစ်ငေါ့စွာ အသံသြကြီးနှင့် တလုံးချင်းအားယူပြောလျက် ခေါင်းကိုသွက်သွက်ကြီးခါ၍ ဆရာထွားကို တိုက်မြွေကြီးနှင့် နှစ်ပါးသွားစေရန် စည်ပိုင်းမှ အင်းခလုပ်ကလေးကို နှိပ်လိုက်သည်တွင် အရုပ်ပမာ ငြိမ်သက်နေသော တိုက်မြွေကြီးမှာ ရုတ်တရက်အသက်ဝင်လှုပ်ရှားလာပြီး ကြောက်ရွံ့ ခြင်းပြင်းစွာနှင့် လူးလွန့်အော်ဟစ်ကာရှိနေသော ဆရာထွား၏ရင်ညွန့်သို့ တအားချိန်၍ပေါက်လိုက်ပြီနှလုံးသည်းပွတ်မှသွေးများကို တအားစုတ်မျိုလိုက်တော့သည်ဖြစ်ရာ နောက်နောက်အခါက အခြားကဝေမကလေးများကို မသနား မညှာတာ ရက်စက်စွာပြုမူခဲ့သော သူယုတ်မာကြီးမှာ လောလောလတ်လတ် တုန့်ပြန်ဒဏ်ခံရပြီး အသေဆိုးကြီးနှင့် သေဆုံးရပြီး အငြိမ်ကြီးငြိမ်ကျသွားရှာပါတော့သည်။
ကျွန်တော်လုပ်ကိုင်သမျှကို အစမှအဆုံးအထိ ငြိမ်သက်စွာငေးစိုက်ကြည့်နေရှာသော မလှဝင်းမှာ မိမိအသက်ကိုသေမင်းလက်မှ ရုတ်တရက်ဆွဲယူကယ်ဆယ်လိုက်သူ ဖြစ်သောအနေနှင့် ကျွန်တော့်ကို စူးစိုက်ခါကြည့်နေပါသည်။ ကျွန်တော်လည်းလုပ်ကိုင်ရန် ကိစ္စများပြီးစီးသွားသောအခါ မလှဝင်းအနီးသို့တိုးဝင်သွားပြီး သူ့မျက်နှာကလေးကို ချစ်ခင်ကြင်နာစွာ ကြည့်မိလျှက်-
" မလှဝင်း "
ဟု အသည်းနှလုံးမှ တိုက်ရိုက်ဆင်းသက်သောလေသံကြီးနှင့် တုန်ရီစွာခေါ်မိပါသည်။
မလှဝင်းကား ကျွန်တော့ကို အံ့အားသင့်စွာ စိုက်ကြည့်နေပါတော့၏။
" ရှင်ဘယ်သူလဲ ရှင်ကျမကိုသိသလား "
ဟု မင်္သကာသလိုကြည့်၍မေးမြန်းရှာပါသည်။ ကျွန်တော်ကား ဤအခြေအနေသို့ရောက်သောအခါ သူ့အားဖွင့်မပြောဘဲမနေနိုင်တော့ပါ။ မျက်ရည်တွေလည်း အလိုလိုဝိုင်းလည်၍လာပါတော့သည်။
" မလှဝင်း ကျုပ်ကိုမှတ်မိသေးရဲ့ လား။ ကျုပ်ဟာ မလှဝင်းရဲ့ ကျိန်စာတွေစူးနေတဲ့ အောင်ဒင်ရယ်လေ။ မလှဝင်း ကျုပ်ကိုသတ်ချင်လို့လိုက်ရှာနေတယ်ဆို။ အခု ကျုပ်ကိုသတ်ချင်ရင်သတ်နိုင်ပါပြီမလှဝင်းရယ်။ ကျုပ်ကိုသတ်နိုင်အောင် ဆရာထွားလက်က မင့်အသက်ကို လုယူထားလိုက်ပါပြီ။ ကျုပ်အပေါ်မှာ မလှဝင်းစိတ်နာသလိုကြေနပ်အောင်ပြုပါတော့ "
ဟု ပြောကာ ချစ်သူ့ရှေ့ တွင် ဒူးထောက်ခါဝန်ချလိုက်မိပါတော့သည်။ မလှဝင်းကား သူရဲ သူဘက်ကြီးနှင့်မခြား ရုပ်ရော အသံရော အပြောင်းကြီး ပြောင်းနေသော ကျွန်တော့်အား ခြေဆုံးခေါင်းဆုံးကြည့်ကာ မယုံနိုင်အောင် ရှိနေပါတော့သည်။ ကျွန်တော်လည်း အကျိုးအကြောင်း အဖြစ်အပျက်များကို တဖန်ပြန်၍ပြောရပါသည်
" ကျွန်တော် သူ့အပေါ် ယနေ့အထိ အချစ်မပျက်ကြောင်း မိဘများအတွက် ငဲ့ညှာ၍သာဤသို့ဖြစ်ရကြောင်း ကျိန်စာအရ ဒုက္ခအမျိုးမျိုးရောက်ခဲ့ပြီးအဆုံးတွင် ဤဘ၀၌သောင်တင်နေရကြောင်း ချစ်သူ့ထံပြန်မလာမိသည်မှာလည်း ဆင်းရဲပျက်စီးနေသောဘ၀ ရောက်နေသောကြောင့် ချစ်သူကလေး ဆင်းရဲမည်စိုး၍ အဝေးမှ ချစ်နေသည်က သင်လျော်မည်ထင်၍ နေရသေးသည့်အပြင် ဆရာထွားစီရင်ထားသော သူရဲတပိုင်း လူတပိုင်းဘ၀သို့ရောက်နေရပြီး သူ့အစေအခိုင်းခံနေရ၍လည်း မလာနိုင်ခဲ့ကြောင်း။ ယခုလည်း မလှဝင်းမှန်း မသိ၍ မိမိတာဝန်အလျောက် ဆောင်ကြဉ်းပေးရကြောင်း အလောင်းစင်ပေါ်တင်မိမှ မလှဝင်းမှန်းသိရကြောင်း မလှဝင်းက မိမိအားလက်စားခြေလိုနေသေးသည်ကို သိရစေကာမူ ချစ်သူအသက် ဆရာထွားလက် မအပ်ရက်နိုင်သဖြင့် မိမိဘ၀ကို အဆုံးအနစ်ခံကာ ဆရာထွားကို အသက်သေဆုံးအောင်ပြုကာ ချစ်သူကို တကယ်စေတနာနှင့် ကယ်ဆယ်ရကြောင်း " စသည်များကို အစမှအဆုံး အရေလည်အောင်ပြန်ပြောသောအခါမူကား မလှဝင်းမှာ မျက်ရည်တွေဝေလျှက် သူရဲသဘက်ကဲ့သို့ အရုပ်အဆင်းပျက်နေသူ ကျွန်တော်ကို တအားဘက်ပြီး ရှိုက်ကြီးငင်ကြီးနှင့် ငိုရှာပါတော့သည်။
" ကိုအောင်ဒင် ရှင့်ဘ၀ဆိုးလှချည်လား ကျမရှင့်ကို ဘယ်လိုလုပ်ကြည့်ရမလဲ။ အသဲနာလှချည်ရဲ့ ။ ကိုအောင်ဒင်ရယ် ရှင့်ဘ၀ဆိုးလှပါကလား။ အစက ကျုပ်ဖြင့်ဒီလို ဒီလို အကြပ်တွေ့နေပြီ မလှဝင်းရေလို့ဆိုရင် ဖွင့်တိုင်ပင်ရင် ရှင်လည်းဒီလိုမဖြစ်ရဘူး။ ခုတော့ ကျမလဲရှင်သက်သက်မဲ့ သစ္စာဖျက်တယ်ထင်ပြီး အင်မတန်စိတ်နာနေမိတာနဲ့ ကျိန်စာအတိုင်းဖြစ်ပါစေဟဲ့လို့ အမြဲကြိမ်းဝါးဆုတောင်းနေခဲ့မိတယ် ။ ကိုအောင်ဒင် ကျမကို စိတ်ကောင်းဘယ်လိုဘဲထားထား ကျမဟာကဝေမယ်မို့ ကျိန်စာကထက်မြက်တော့ တသက်မလုပ်နိုင်အောင်ထိတော့တာဘဲ။ ဒါတွေကျမလက်ချက်တွေဘဲနော်။ ကိုအောင်ဒင် ကျမရှင့်ကို မကြည့်ရက်ဘူး။ ပြီးခဲ့တဲ့အလုပ်မို့ ပြန်ပြုပြင်လို့လဲမရတော့ပါကလား။
ဒီအထဲ ယခုနောက်ဆုံးအကြိမ် ရှင်စွန့်စားလိုက်တာက သာဆိုးသွားသေးတယ်။ ကျမအသက်ချမ်းသာရာရတာကဟုတ်ပါရဲ့ ။ ရှင့်ဘ၀ဆိုးကြီးကို ကယ်ချွတ်ပေးနိုင်တဲ့ ဆရာထွားလဲသေပြီ။ ဘယ်လိုကြံကြမလဲ။ ကျမလဲမတတ်နိုင်ဘူး။ မကယ်နိုင်ဘူးကိုအောင်ဒင်ရဲ့ ။ ရှင်သိပ်စိတ်ကူးလွဲတဲ့လူဘဲ။ ဘယ်လောက်ဆင်းရဲဆင်းရဲ ဘယ်လိုဘဲအရုပ်အဆင်းပျက်ပျက် ကျမထံပြန်ခဲ့ပါတော့လား။ ကျမဟာ ရှင်ချစ်သလိုရှင့်အပေါ်တကဲ့စေတနာ တကဲ့အချစ်နဲ့ ချစ်တဲ့သူပါ။ ဆင်ရဲကော ဘာဖြစ်သလဲ။ ဆင်းဆင်းရဲရဲနဲ့ တဲအိုပျက်ကလေးထဲမှာ ထမင်းရေယက်ပြီး ပျော်ပျော်ကြီးနေမှာပေါ့ ကိုအောင်ဒင်ရယ် "
ဟု တရှိုက်ရှိုက်ငိုကာ ပြောရှာသောအခါ ကျွန်တော်လည်း ချစ်သူ၏စေတနာကို ကောင်းစွာသိရှိရပါတော့သည်။ သို့နှင့်ပင် ကျွန်တော်လည်း ဆိုးဝါးလှသောဘ၀ကြီး၌ ကယ်သူမရှိဘဲ မျောလာခဲ့ရာ ချစ်သူကလေးမလှဝင်းမှာလည်း ကျွန်တော်၏ဘ၀ဆိုးကြီးကို ကယ်ချွတ်နိုင်ရန်အတွက် နေ့စဉ်ရက်ဆက် တတ်အားသရွေ့ ကြံဘန်ကြိုးစား၍နေရှာပါသည်။ သို့ရာတွင် ဆရာထွားထူးခြားစွာစီမံထားသော သူရဲကြီးများကို ဆေးလက်ထိပ်ခတ်ထားသည့် အခန်းသို့မူကား မည်သူမျှမသွားဝံ့ဘဲ အလုံပိတ်ထားမြဲထားရပြီး ဆရာထွားသေဆုံးသော မြေတိုက်ခန်းကြီးကိုလည်း အလုံပိတ်ဆို့ကာ အပေါ်ထပ်နှင့်လမ်းစဖြတ်လိုက်သည့်အလား ကူးသန်းရန်ဆက်သွယ်ထားသော တံခါးကလေးကိုပင် အုတ်သမံသလင်းနှင့် အသေပိတ်ထားခဲ့ပြီး မလှဝင်းတို့နေရပ်သို့ ပြန်ခဲ့ကြပါသည်။
သူတို့အရပ်သို့ရောက်သောအခါ သားအမိနှစ်ယောက်လုံးပင် ကျွန်တော့ဘ၀ဆိုးကြီးကို ကယ်ဆယ်ရန် အမျိုးမျိုးကြိုးစားရှာကြသော်လည်း အချည်းနှီးသာဖြစ်ခဲ့ရတော့လျှက်ကျွန်တော့ဘက်က စဉ်းစားလျှင်မူကား မလှဝင်းကလေးမှာ ဆိုးဝါးရက်စက်၍ ယုတ်ညံ့သောကဝေမတဦးပင်ဖြစ်လင့်ကစား ကျွန်တော့်အပေါ်တွင် အချစ်စစ် အချစ်မှန်ဖြင့် ချစ်ရှာသည်ဟူ၍ကား ကောင်းကောင်းကြီးသိရကာ ၀မ်းမြောက်ရပါတော့သည်။
ကျွန်တော်ကလည်း သူကလေးအပေါ်တွင် တရန်တဆစ်မျှ အချစ်မလျှော့ဘဲ နောက်ဆုံးတွင် ဘ၀နှင့်အသက်ကိုပင် လဲနိုင်လောက်အောင် စေတနာဖြူစင်ခဲ့ခြင်းတို့ကြောင့် တနေ့တွင် ကျွန်တော်၏စေတနာအကျိုးကို ခံစားရပါစေဟု ဆုတောင်းမျှော်လင့်ခဲ့သည့်အတိုင်းပင် ကယ်ဆယ်မည့်ကျေးဇူးရှင်ဆရာကြီးနှင့် ဆရာလေးတို့ကိုတွေ့ရလျှက် ကျွန်တော်တသက်လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသော ဘ၀ဆိုးကြီးမှ ကျွတ်လွတ်လာရကား ချစ်သူကလေးနှင့် ဖြစ်ရာဘ၀မှာ စိတ်အေးချမ်းသာစွာနေရပါတော့ကြောင်း ဟူသော မောင်အောင်ဒင်၏ ကိုယ်တွေ့အဖြစ်အပျက်အကြောင်းအရာများမှာ ကျွန်တော်၏ မှတ်တမ်းစာအုပ်ကြီးတွင် မောင်အောင်ဒင်ကိုယ်တိုင် ရေးသားထားစေခဲ့သည့်အတိုင်း မှော်ဆရာမှတ်တမ်းအတွက် ထည့်သွင်းဘော်ပြလိုက်ရခြင်းဖြစ်ပါသတည်း။ ။
############# ########### ########## ########## ################
 by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်