www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ဘောလုံး လောကမှ သဘာဝလွန် ဖြစ်ရပ်များ

သရဲ တစ္ဆေတွေ၊ နာနာဘာဝ ၀ိညာဉ်တွေ အကြောင်း ဇာတ်လမ်းတွေဟာ ပုံပြင် ဒဏ္ဍာရီ ဆန်လွန်းတယ်လို့ ဆိုရမှာပါ။ ပရလောက ဆိုတာ လက်တွေ့မှာ ထိတွေ့သိမြင်ဖို့ မလွယ်ကူပေမယ့် ကမ္ဘာ့နေရာ အရပ်ရပ်၊ လူမျိုး အသီးသီးမှာ ဒီသဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို ယုံကြည်မှု ဓလေ့ ထုံးစံတွေ တူတူညီညီ ရှိနေတာကိုတော့ မငြင်းနိုင်ပါဘူး။ လူသူ မရှိတဲ့ နေရာမှာ ညသန်းခေါင်ယံ ကြားနေရတဲ့ ခြေသံတွေ၊ ဒေါသကြီးနေတဲ့ ၀ိညာဉ်တွေ ဆိုတာဟာ Warner Brosက တာဝန်ယူ ရိုက်ကူးတဲ့ ဟောလီးဝုဒ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Supernatural (သဘာဝလွန် ဖြစ်ရပ်)မှာတော့ ကြည့်လို့ကောင်းတဲ့ ဖန်တီး တင်ဆက်မှုတွေ အဖြစ် ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ ဘောလုံး လောကနဲ့ တကယ်ပဲ ထိတွေ့ ဆက်နွယ် နေတယ်လို့ ယုံကြည်ရပြီ ဆိုရင်တော့ ဒါဟာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။
ဟိုက်ဘူရီရဲ့ အမှောင်ညများ
အာဆင်နယ်ရဲ့ တစ်ချိန်က အိမ်ကွင်း ဖြစ်ခဲ့ဖူးရာ ဟိုက်ဘူရီကွင်းဟာ ၀ိညာဉ်ဆန်ဆန် လျှို့ဝှက်နက်ရှိုင်းမှုတွေ တည်ရှိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဟိုက်ဘူရီကွင်းထဲမှာ တစ္ဆေပုံရိပ် နှစ်ခုရဲ့ နိုးကြွမှုတွေကို ခံစားရတယ်လို့ ယုံကြည်နေသူတွေ အများကြီး ရှိပါတယ်။ ပထမ ၀ိညာဉ်ကတော့ မကျွတ်မလွတ်သေးတဲ့ မြင်းတစ်ကောင်လို့ ဆိုပါတယ်။ ဟိုက်ဘူရီရဲ့ မြောက်ဘက်ခြမ်း ပွဲကြည့်စင်ကို တည်ဆောက်နေစဉ် အခါက သေဆုံးခဲ့တဲ့လို့ ယုံကြည်ရတဲ့ အဲဒီမြင်းဟာ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားနေစဉ်မှာ ဟီသံ ပေးနေခဲ့တယ်လို့ ထောက်ခံသူ အများအပြား ရှိပါတယ်။ နောက်ထပ် ၀ိညာဉ် တစ်ခုကတော့ အာဆင်နယ်ရဲ့ ဂန္ထ၀င် မန်နေဂျာ ဖြစ်ခဲ့သူ ဟားဘတ်ချပ်မန်းပါတဲ့။ ညဘက် မှောင်မိုက်နေတဲ့ အချိန်တွေမှာ ချပ်မန်းက စင်္ကြန်လမ်းတွေတစ်လျှောက် လမ်းလျှောက်နေတဲ့ ခြေသံတွေကို ဟိုက်ဘူရီနဲ့ ဆက်စပ်သူ အတော်များများ ကြားခဲ့ရတယ်။ နောက်ပြီး သေဆုံးပြီးသား အသင်းပရိသတ် အတော်များများရဲ့ ၀ိညာဉ်တွေဟာလည်း ဒီကွင်းဟောင်း နေရာနဲ့ အဆက်အသွယ် ရှိနေတယ်လို့ ယုံကြည်သူတွေလည်း မနည်းမနောပါပဲ။
ငါ့ပျဉ်ချပ်တွေ ပြန်ပေး
ဘလက်ပူးလ် အသင်းရဲ့ ဘလွမ်းဖီးလ်ရုဒ် ကွင်းကြီးကို တည်ဆောက်စဉ်တုန်းက HMS Foudroyant သင်္ဘောက ပျဉ်ချပ်တွေကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ အကျိုးဆက်ကတော့ သင်္ဘောရဲ့ မာလိန်မှူး လော့ဒ်နယ်လ်ဆန် အနေနဲ့ သူသေဆုံးချိန်မှာ မကျွတ်လွတ်ဘဲ အဲဒီ ကွင်းကြီးမှာ ရှိနေတယ်လို့ ပါးစပ်ရာဇ၀င်တွေ ထွက်ပေါ်လာတာပါပဲ။ ဘလက်ပူးလ်ရဲ့ ကွင်းမန်နေဂျာ ဂျွန်တာနာက "သင်္ဘောသားဆိုတာမျိုးက သူတို့ ချစ်ခင်မြတ်နိုးတဲ့ သင်္ဘောနဲ့ ပတ်သက်သမျှ အရာတိုင်းကို စွဲလန်းနေတတ်တာ ဓမ္မတာပါပဲ"လို့ (၁၉၉၆)ခုနှစ်က ပြောခဲ့ဖူးပါတယ်။ ဘလက်ပူးလ်မှာ အချက်ပေး ခေါင်းလောင်းတွေ အလိုအလျောက် ပိတ်သွားတာမျိုး အပါအ၀င် ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေက မာလိန်မှူးကြီးရဲ့ အသားတကျ ကျီစယ်မှုလိုတောင် ဖြစ်နေပြီလို့ ဆိုပါတယ်။
အေးစက်စက်မြေက ၀ိညာဉ်
အိုးလ်ဟမ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘောင်ဒရီပါ့ခ်မှာ လက်တင်သား တစ္ဆေတစ်ကောင် တည်ရှိနေတယ် ဆိုတာဟာ အသင်းရဲ့ အစဉ်အဆက် အားပေးသူ ပရိသတ်အားလုံး ယုံကြည်နေတဲ့ အရာပါ။ အဲဒီ တစ္ဆေက ဖရက်ဒ်လို့ ခေါ်ပါသတဲ့။ ဖရက်ဒ်ဟာ (၁၉၆၀)ပြည့်လွန် နှစ်တွေက သေဆုံးခဲ့ပြီး သူခင်တွယ်တဲ့ အသင်းရဲ့ အိမ်ကွင်းမှာ မကျွတ်မလွတ်ဘဲ ကျန်နေပါတယ်။ သူဟာ အေးစက်စက်မြေက အထီးကျန်နေတဲ့ ၀ိညာဉ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဘောင်ဒရီပါ့ခ်ကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၁၅၅)ပေမှာ ဆောက်လုပ်ထားပါတယ်။ လန်ကက်ရှိုင်းယားမှာ တည်ရှိတဲ့ ကွင်းဟာ ဗြိတိန်က ဘောလုံးကွင်းတွေ အားလုံးထဲမှာ အပူချိန် အနိမ့်ဆုံးပါပဲ။ အဲဒီကွင်းကို ချစ်စနိုး နာမည်အဖြစ် ရေခဲပြင်စခန်း ဇီးဘရားလို့လည်း ခေါ်ကြပါသေးသတဲ့။
တစ္ဆေပုံပြင်တဲ့
ပီရူးနိုင်ငံက အီနစ်ဂက်စ် အသင်းရဲ့ ကွင်းလယ်လူ ကားလို့စ် ဖလော်ရက်စ်ဟာ (၂၀၀၉)ခုနှစ်က လူမြင်ကွင်းမှာ ကိုယ်တုံးလုံးနဲ့ လျှောက်ပြေးနေတာကြောင့် ရဲတွေက ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ အဲဒီတုန်းက ဖလောရက်စ်က သူ့ကို ကြောက်စရာ သရဲတစ်ကောင်က နောက်ကလိုက်ပြီး ခြောက်လှန့်နေတာကြောင့် ခုလို သွေးရူးသွေးတန်း ထွက်ပြေးလာရပါတယ်လို့ ပြောပြပါတယ်။ ဒီကိစ္စဟာ ပြည်တွင်း သတင်းမီဒီယာတွေ သည်းခြေကြိုက် ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဖလောရက်စ်က မိန်းမပျက် တချို့နဲ့ စကားများရင်း ခုလို ရုပ်ပျက်ဆင်းပျက် ပြေးလွှားမိခဲ့တာပါလို့ ပြန်ဝန်ခံခဲ့တယ်။ သူက အိမ်သူသက်ထား ဇနီးမယားနဲ့ ပြဿနာမတက်အောင် တစ္ဆေပုံပြင်ကို လုပ်ကြံဖန်တီးမိပါတယ်လို့ ပြောပါတယ်။ နောက်ပြီး အဲဒီအချိန်က သူဟာ ကိုကင်းလည်း သုံးထားပါသတဲ့။ ဘာပဲဖြစ်ဖြစ် ဖလောရက်စ်ကို တစ္ဆေလိုက်ခဲ့၊ မလိုက်ခဲ့ ဆိုတာဟာ ခုချိန်ထိ ၀ိဝါဒ ကွဲပြားချင်စရာတွေ ဖြစ်နေတုန်းပါပဲ။
လာဘ်ကောင်းတဲ့ ခေါင်းပြတ်သရဲ
လန်ဒန်မြို့မှာ အန်နီဘိုလိန်း ဆိုတဲ့ တစ္ဆေ အမျိုးသမီးအကြောင်း လူပြောများပါတယ်။ သူဟာ ခေါင်းမပါတဲ့ ခန္ဓာကိုယ်ကို လန်ဒန် မျှော်စင်မှာ ခြောက်လှန့် ပြသလေ့ ရှိတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်။ (၁၉၇၀)ပြည့်နှစ်တွေ မတိုင်ခင် အထိ ၀က်စ်ဟမ်း ယူနိုက်တက်ရဲ့ ပွဲစဉ်တချို့ကို လာအားပေးတာ မြင်ခဲ့ရတယ်လို့ အခိုင်အမာ ဆိုသူတွေ ရှိပါတယ်။ နောက်ပြီး အန်နီရဲ့ တစ္ဆေပုံရိပ်ကို မြင်ရပြီး နောက်ထပ် ကစားရတဲ့ပွဲမှာ ၀က်စ်ဟမ်းအသင်း အနိုင်ရတယ်လို့လည်း ပရိသတ်တွေက ယုံကြည်ခဲ့ကြတယ်။ နောက်ပြီး တစ်ချိန်က အနီးအနားမှာ အန်နီနေခဲ့ဖူးလို့ ဘိုလိန်းကွင်းလို့ နာမည်ပေးထားတဲ့ မြေနေရာ အနီးမှာ သူ့ရဲ့ အစေခံ အမျိုးသမီး တစ်ဦးရဲ့ ၀ိညာဉ်က ခြောက်လှန့်နေတယ်လို့ လူပြောများပါတယ်။ အဲဒီအမျိုးသမီးဟာ ကလေးမီးဖွားရင်း သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။
ကန်းဆက်စ်က အပြေးသမား
ကန်းဆက်စ်ပြည်နယ် တက္ကသိုလ်ရဲ့ အထိမ်းအမှတ် အားကစားကွင်းဟာ ဘောလုံးနဲ့ အမေရိကန်ဘောလုံး ပွဲစဉ်တွေကို လက်ခံကျင်းပပေးတဲ့ နေရာပါ။ အဲဒီကွင်းမှာ အချိန်တွေ ကြာလှပြီ ဖြစ်ပေမယ့် သစ္စာရှိရှိ နေထိုင်ခိုနားနေသူ တစ်ယောက် ရှိပါတယ်။ သူကတော့ နစ်ခ်လို့ခေါ်တဲ့ လူငယ် အပြေးသမားလေး တစ်ယောက်ပါ။ (၁၉၅၀)ပြည့်နှစ်တွေက နစ်ခ်ဟာ သူချစ်တဲ့ ကွင်းပတ် ပြေးလမ်းပေါ်မှာပဲ သူ့ဘ၀ကို စွန့်ခွာသွားခဲ့ပါတယ်။ ခုတော့ လူငယ်ပီပီ ဗရုတ်သုက္ခ နောက်ပြောင်ကျီစယ်တတ်တဲ့ နစ်ခ်တစ်ယောက် အားကစားကွင်းကို ရောက်လာသူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ဒုက္ခလိုက်ပေးနေတယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ အားကစားပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ၀ှက်ထားတာမျိုး ကြုံရပြီဆိုရင် ကွင်းက တာဝန်ခံတွေက နစ်ခ်လက်ချက်ပဲလို့ တန်းစွပ်စွဲတဲ့ အထိပါပဲ။ နောက်ပြီး ကျောင်းသားတွေရှေ့မှာ မီးသတ်ဘူးတွေကို တန်းစီပြီး ခလုတ်ဖွင့်ပြလိုက်တာမျိုးကတော့ တော်တော်လေး အထိတ်တလန့် ဖြစ်သွားစေတာ အသေအချာပါပဲ။
ဘောလုံးကွင်းက ဂျစ်ပ်စီ
ဂီလင်ဂမ်အသင်း အသုံးပြုတဲ့ ပရိစ်ဖီးလ် အားကစားကွင်းဟာ (၁၉၄၀)ပြည့်လွန် နှစ်တွေကတည်းက စပြီး ရာစုနှစ်ဝက်လောက်ကြာအောင် မကျွတ်လွတ်နိုင်တဲ့ အမျိုးသမီး ဂျစ်ပ်စီ တစ်ဦးရဲ့ နားခိုရာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကလပ်အသင်းရဲ့ ၀န်ထမ်းတစ်ယောက်ဟာ အမျိုးသမီးကို မတော်တဆ ကားနဲ့တက်ကြိတ်မိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကတည်းက ကွင်းမှာ သရဲခြောက်တယ်လို့ နာမည်ဆိုးတွေ ထွက်နေခဲ့တာ ဆယ်စုနှစ်တွေ ချီပြီး ကြာမြင့်ခဲ့တယ်။ ဒေါသတွေနဲ့ လှောင်ပိတ်နေတဲ့ ဂျစ်ပ်စီ အမျိုးသမီးကို (၁၉၉၂)ခုနှစ်မှာ ခရစ်ယာန် သင်းအုပ်ဆရာတွေရဲ့ အကူအညီနဲ့ ဖယ်ရှားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် (၃)ပွဲဆက်တိုက် ဂီလင်ဂမ်က နိုင်ပွဲရခဲ့တာဟာ ပရိသတ်တွေ ယုန်ထင်ကြောင်ထင် ထင်လောက်စရာ ဖြစ်သွားစေပါတယ်။ နောက်ပိုင်းမှာ သရဲခြောက်တဲ့ ဇာတ်လမ်းတွေ မှေးမှိန် သွားခဲ့သလို အရင်တုန်းကဆိုရင် ကိုယ့်အသင်း ကစားပုံ ညံ့တာနဲ့ အမည်မသိ ဂျစ်ပ်စီ အမျိုးသမီးက နှောင့်ယှက်နေတာပါလို့ ဂီလင်ဂမ် ပရိသတ်တွေ အလွယ်တကူ အပြစ်ပုံချတဲ့ အလေ့အထကိုပါ မေ့လျော့ သွားကြပါတော့တယ်။
ဂိုးသမား တစ်ယောက်ရဲ့ ကြေကွဲသံစဉ်
စကော့တလန်က ဆဲလ်တစ်ပါ့ခ် ကွင်းကြီးမှာ ဂိုးသမား ဂျွန်သွမ်ဆန်ရဲ့ ၀မ်းနည်းပက်လက် သီချင်းသံတွေကို ဒီနေ့ခေတ်အထိ ကြားနေရဆဲ ဖြစ်ပါတယ်။ (၁၉၃၁)ခုနှစ်က အဲဒီကွင်းကြီးမှာ ဆဲလ်တစ် အသင်းရဲ့ ဂိုးသမားဟာ ရိန်းဂျားစ်အသင်း ရှေ့တန်းလူ ဆမ်အင်္ဂလစ်ရှ်နဲ့ မတော်တဆ ထိခိုက်မိပြီး သေဆုံးခဲ့ရှာတယ်။ အရပ် (၅)ပေ၊ (၉)လက်မရှိပြီး သွက်လက်ဖြတ်လတ်တဲ့ ကာကွယ်မှုတွေကြောင့် လူသိများတဲ့ ဂိုးသမားဟာ သူ့ရဲ့ အထီးကျန် ၀မ်းနည်းမှုတွေကို ဒီနေ့အချိန်ထိ သီချင်းသံတွေနဲ့ ဖွင့်ဟပြနေဆဲလို့ သူ့အသံကို ကြားခဲ့သူတွေက ရဲရဲကြီး အခိုင်အမာ ပြောဆိုနေကြပါသတဲ့။
ဟောကိန်းမှန်တဲ့ လောင်းကစားက၀ိ
(၁၉၆၄)ခုနှစ်က စတက်ဖို့ဒ် တက္ကသိုလ် ဘောလုံးကွင်းမှာ ထူးဆန်းတဲ့ တစ္ဆေပုံပြင်တစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက တက္ကသိုလ် ကျောင်းသားတချို့ဟာ လောင်းကစား ဒိုင်တွေဆီမှာ ပွဲစဉ်တွေ အလောင်းအစား လုပ်ကြရင်း ဆက်တိုက် အနိုင်ရခဲ့တယ်။ သူတို့ရဲ့ ခန့်မှန်းမှုတွေဟာ မှန်ကန်လွန်းလို့ လောင်းကစား ဒိုင်တွေရော၊ သတင်းမီဒီယာတွေကပါ သတိပြုမိလာကြတယ်။ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ လုပ်ပွဲ အရှုပ်တော်ပုံတွေများ ရှိနေမလား ဆိုပြီးတော့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့နောက် လက်ခံဖို့ ခက်ခဲတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ်။ ကျောင်းသားတွေ အားလုံးက သူတို့ဟာ အစီအရင်တစ်ခုကို ပြုလုပ်ပြီး ဂျော့ဂ်ျလို့ခေါ်တဲ့ တစ္ဆေတစ်ကောင်ကို ဆင့်ခေါ်ခဲ့တယ်လို့ တညီတညွတ်တည်း ၀န်ခံခဲ့ကြတယ်။ ဂျော့ဂ်ျက သူတို့ကို ဘယ်အသင်းဘက်က လောင်းရမယ်ဆိုတာ အပိုင်ဟောကိန်းတွေ ပေးတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ အဲဒီလို လူသိရှင်ကြား ၀န်ခံခဲ့တဲ့ နောက်မှာတော့ ဂျော့ဂ်ျဟာ ထူးခြားဆန်းကျယ်စွာ ပျောက်ကွယ် သွားပါသတဲ့။ သူ့ကို ဘယ်သူမှ ထပ်မခေါ်နိုင်ကြတော့ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ နှုတ်ထွက် စကားကို ယုံသူတွေရော၊ မယုံသူတွေပါ ရှိခဲ့ကြတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့။
ထင်အောင်ရ
မှတ်ချက်။ ။ SM Journal Vol.1 No.25 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
www.soccermyanmar.com

ဖြစ်ရပ်ဆန်းများကို ပြန်လည်ကူးယူဖော်ပြပေးသော Member ကိုZar Ni အား အက်ဒမင်များ အားလုံးမှ ကျေးဇူး အထူးပင် တင်ရှိပါသည်။

(အက်ဒမင်-၀ိညာဉ်)



by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်