www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ငယ်က ဝိုးတဝါး အပိုင်းအစများ

ငယ်ငယ်တုန်းက ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ ထူးဆန်းတာလေးတွေ ကြုံခဲ့တာတွေ မနည်းပါဘူး..။ များသောအားဖြင့် ကြုံတာက အသုဘအိမ်တွေမှာပါ..။ သိတယ်မလား..။ အသုဘအိမ်တွေမှာက စားစရာတွေ ဒီတိုင်းကျွေးတာကိုး..။ ငယ်တုန်းက သိခဲ့တဲ့အသိက အသုဘအိမ်သွားရင် ကျွန်တော်အရမ်းကြိုက်တဲ့ နေကြာစေ့နဲ့ ချိုချဉ်ကို အလိုရှိတိုင်း သုံးဆောင်နိုင်တာပါပဲ..။ ဒါကြောင့်မို့လဲ ရပ်ကွက်ထဲက ဘယ်အိမ်မှာပဲ အသုဘဖြစ်ဖြစ် ကလေးတန်မဲ့ မကြောက်ပဲ အဖေတို့နဲ့လိုက်သွားခဲ့တယ်..။ ဒါကြောင့်မို့လဲ ထူးတိ ထူးဆန်းဟာတွေကို ကြုံခဲ့ရတာ..။
အဖေတို့နဲ့ လိုက်သွားရရင် များသောအားဖြင့် ညနေစောင်းပေါ့.။ တစ်ချို့အိမ်နဲ့နီးတဲ့ အသုဘဆို၇င်တော့ ညနက်အထိပါ လိုက်နေတယ်..။ သိတယ်မလား..။ အဖေတို့က ကဒ်ပွတ်တယ်လေ..။ အဲဒီတော့ ကဒ်ပွတ်တဲ့သူတွေကို တည်ပေးတဲ့ ကြာစေ့နဲ့ ချိုချဉ်က ကျွန်တော့အတွက်တော့ ခဲဖွယ်သိုက်ကြီးပေါ့..။ ကဒ်ကို မဲပွတ်နေတဲ့ လူကြီးတွေကတော့ ကျွန်တော့ရဲ့ ပျော်ရွှင်မှုကို ဘယ်လိုမှ အဟန့်အတား မဖြစ်စေခဲ့ဘူးလေ..။
တစ်ရက်တော့ လမ်းထိပ်အိမ်က ဦးလေးကြီးဆုံးတယ်.။ ထုံးစံအတိုင်း ကူဖို့ဘာဖို့ အဖေကသွားတယ်..။ ကျွန်တော်လဲ ကူဖို့လိုက်တယ်.။ စားကူတာ ပြောပါတယ်..။ ညနေစောင်းအထိ ဘာမှ မဖြစ်သေးဘူး..။ ဖြစ်တာက လူကြီးတွေ ဝိုင်းထောင်တဲ့အချိန်မှာပါ..။ စကားသံတွေဆူညံနေတော့ အစက ဘာမှ သတိမထားမိလိုက်ဘူး..။ ခေါင်မိုးပေါ်ကို ခဲလုံးလေး လာကျတာပါ..။ အိမ်ခေါင်ကနေပြီး ကလောက် ကလောက်နဲ့ လိမ့်ဆင်းသွားတဲ့အသံ..။ အစကတော့ ငှက်တွေ ဖြတ်ပျံပြီး တစ်ခုခု ကျခဲ့တာပေါ့..။ ညဆိုတော့ လင်းနို့လား ဇီးကွက်လားပဲပေါ့ဗျာ..။ အဲ.. နောက်ထပ် သုံးလေးချက် ကျလာတော့ စကားသံတွေ နည်းနည်းတိတ်သွားတယ်..။ သေချာ နားစွင့်လာကြပြီလေ..။ အဲဒီမှာဗျာ.. ခေါင်ပေါ်ကို သဲတွေ စုပြီး ကောက်ပက်လိုက်သလိုပဲ ခေါင်မိုးတစ်လုံးမှာ ဖျောကနဲ အသံကြားလိုက်ရပြီး ခေါင်မိုးတစ်ခုလုံး သဲတွေခဲတွေ လိမ့်ဆင်းသွားတဲ့အသံကို သေချာကြားလိုက်ရတယ်..။ အဲဒီတော့ လူတိုင်းရဲ့ မျက်စိကလဲ အိမ်ရဲ့ တံစက်မြိတ်ကို လှမ်းကြည့်တာပေါ့..။ ဘာများ ကျလာမလဲပေါ့..။ အသံက တစ်ဖျောက်ဖျောက်နဲ့ ထွက်လာပေမယ့် မြေပေါ်ကို ဘာမှ ကျမလာဘူး..။ ဘယ့်နှယ်ဗျာ... ခဲတွေ သဲတွေသာဆိုရင်တော့ ဧကန်မုချကို ကျလာရမှာပေါ့..။ ဒီတင် လူကြီးတွေ သိပြီလေ..။ တစ်ခုခုလွဲပြီဆိုတာ..။ ကလေးတွေ ကြောက်မှာလဲစိုးတော့ ဘာမှ မပြောကြရှာဘူး.။ မျက်နှာတွေတော့ ပျက်ကုန်ပြီ..။
ကျွန်တော်ဆိုတဲ့ကောင်ကတော့ ခေါင်ပေါ်ကျတဲ့သဲကို ရှေ့က ကြာစေ့လောက် မမက်ဘူး..။ အသံငြိမ်သွားတဲ့ အိမ်ထဲမှာ ကျွန်တော့ ကြာစေ့ဝါးသံက တစ်ဖျောက်ဖျောက်ပေါ့..။ လူကြီးတွေ အကြည့်က ကျွန်တော့ဆီရောက်လာတယ်..။ ဒီကောင် ဘာကောင်လဲပေါ့..။ လူလား ပူးနေပြီလားပေါ့..။ လူကြီးတွေ ဝိုင်းကြည့်တော့ ကျွန်တော်လဲ ကြောင်သွားတယ်..။ ဘာလဲဟပေါ့..။ အဲဒီမှာပဲ နံရံကို ဘုန်းဘုန်းဘုန်း ဆိုပြီး လာပုတ်တာ..။ နံရံနားကပ်ထိုင်နေတဲ့ ဦးလေးကြီးတစ်ယောက်ဆိုရင် လန့်ပြီး ထခုန်တာ ခြေကားယား လက်ကားယားပဲ..။ အဲဒီမှာ သတ္တိ သိပ်မခေသလို ခပ်ထွေထွေဖြစ်နေတဲ့ လူသုံးယောက်လောက်က မကိုင်တုပ်ပြီး အောက်ဆင်းသွားကြတယ်.။ တစ်အောင့်နေတော့ ပြန်တက်လာတယ်..။ မျက်နှာတွေက ဇဝေဇဝါ ရုပ်တွေ...။ တစ်ယောက်က ဘာမပြော ညာမပြော အလောင်းစံထားတဲ့ နေရာကိုသွားပြီး ပြူးကြည့်တယ်..။ နောက်မှသိတာက အဲဒီ ဆုံးသွားတဲ့ ဦးလေးကြီးကို အိမ်အနောက် ငှက်ပျောပင်တွေကြား ဝင်သွားတာကို တွေ့လိုက်ရတယ်တဲ့..။ တစ်ယောက်ထဲတွေ့တာမဟုတ်ဘူး.. သုံးယောက်လုံးတဲ့..။ အဲဒီညကစလို့ ကျွန်တော်လဲ အသုဘ ကြာစေ့ဝိုင်းနဲ့ ဝေးတော့တာပဲ..။ အဖေက ကျွန်တော့ကို တစ်ခုခုဖြစ်မှာစိုးလို့ဆိုပြီး မခေါ်သွားတော့ဘူး..။ ဒါကတော့ ကလေးဘဝရဲ့ အမှတ်တမဲ့ အပိုင်းအစလေးတစ်ခုပါ...။

အားလုံးကိုလေးစားလျှက်
စိုင်းမွန်း


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်