www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ငယ်က ဝိုးတဝါး အပိုင်းအစများ ၂

ဒီတစ်ခါကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရေထွက်မှာ ရေသွားကူးရင်း ကြုံဖူးတာလေးပါ..။ အဲဒီတုန်းက ကျွန်တော်တို့က တောင်ကြီးမြို့ ညောင်ဖြူစခန်း ရပ်ကွက်မှာနေတယ်..။ ဓမ္မသုခ နောက်က ခြံဝင်းကြီးပေါ့..။ မြို့ပတ်လမ်းကြီးမဖောက်ခင်က...။ အဲဒီအနီးအနားတစ်ဝိုက်မှာ ငယ်က အမှတ်ရစရာ ပရလောက အပိုင်းအစတွေ စုပုံလို့ပေါ့...။ တစ်ချို့တစ်ချို့ဟာလဲ ဒီတစ္ဆေရွာကြီးထဲမှာ နှုတ်စ်တွေအဖြစ် ရှိနေခဲ့ပြီ.။ စကားဦးသန်းနေတာနဲ့ လိုရင်းမရောက်ဖြစ်ရော့မယ်..။
ကျွန်တော်တို့ ညောင်ဖြူစခန်းဆိုတာက မြို့အနောက်မြောက်ဘက် တောင်စောင်းနဲ့ နီးသကိုး..။ အဲဒီတော့ ဘာလုပ်လို့လွယ်လဲဆိုရင် တောင်အောက်ဆင်းရတာလွယ်တယ်..။ ကျွန်တော်တို့ ညီအကို ဘော်ဒါတစ်စု ခဏခဏ လုပ်ဖြစ်တဲ့အရာပါ..။ အဲဒီတုန်း တောင်ကြီးသားဆိုတော့ ကုန်းခေါင်ခေါင်က လူတွေကိုး..။ မြို့ပေါ်မှာ မြစ်မရှိ၊ ချောင်းမရှိ... ။ ကျွန်တော်တို့အတွက်တော့ ရေထွက်ဆိုတာ ရေကူးလို့ကောင်းတဲ့နေရာပေါ့..။ ဓမ္မသုခကျောင်းဝင်းကြီးထဲက ရေထွက်ထဲမှာတော့ ရေသွားခိုးကူးဖူးသေးတယ်..။ ဒါပေမယ့် အဲဒီမှာက ဘုန်းဘုန်းမိရင် အတွယ်ခံရသမို့ အရမ်းကို သတိထားရတယ်..။ ကျွန်တော်က တောင်ကြီးသားပေမယ့် ရေကူးတော့ တတ်ချင်သား..။ အဲဒီတော့ တောင်တက်တောင်ဆင်းလုပ်ရင်း ရေသွားကူးဖို့ လုပ်ကြတယ်.။ ကျွန်တော်တို့ ဦးတည်ရာကတော့ ဂနိုင်လို့ ခေါ်တဲ့ ရေထွက်ကိုပါ..။ အပေါ်ဂနိုင်နဲ့ အောက်ဂနိုင်ဆိုပြီး နှစ်နေရာရှိပါတယ်...။ ကျွန်တော်ကတော့ တောင်အောက်က ဂနိုင်ကို အပေါ်လား အောက်လား မမှတ်မိတော့ပါဘူး..။ သိပ်မသေချာတော့ဘူး..။ အဲဒီတော့ ဂနိုင်လို့ပဲ ဆိုလိုက်ရအောင်..။
အဲဒီဂနိုင်ကိုသွားဖို့က ရပ်ကွက်အနောက်ဘက်အတိုင်းသွားပြီး တောင်စောင်း လူသွားလမ်းလေးကနေ ကားလမ်းမတွေကို ဖြတ်ပြီး တောလမ်းအတိုင်း ဆင်းရတာ..။ ကားတွေ ဘာတွေ အရမ်းမှောက်တဲ့  ပစောက်ကွေ့နဲ့ မလှမ်းမကမ်းလေးကနေ ဖြတ်သွားရတာလေ..။ ဆိုတော့ နေရာကိုက ထူးရှယ်ပြီးသား..။ အဲ.. ဂနိုင်ကို ဆင်းမယ်လုပ်တော့ အစ်ကိုတွေက မှာတယ်..။ ဂနိုင်ဆင်းတဲ့လမ်းမှာ နာမည်ရင်း မခေါ်နဲ့..၊ နောက်ပြီး ဘယ်သူ့အသံနဲ့ဖြစ်ဖြစ် ကိုယ့်နာမည်ကို ခေါ်လာရင် ဘယ်တော့မှ မထူးနဲ့တဲ့..။ ရေက မမြင်ရသေးဘူး ကြောက်စရာစကားတွေက အရင်လာနေပြီ..။
အဲဒီလို ဘာလို့မှာရလဲဆိုရင် ပါးစပ်ရာဇဝင်တွေ ရှိလို့ပါ..။ အဲဒီ ဂနိုင်ဆင်းတဲ့ဘက်က ကျတ်ကုန်းတဲ့..။ ရိုးရိုးမဟုတ်ဘူး..။ Recruitment လုပ်တဲ့ ကျတ်ကုန်းဆိုပဲ..။ တစ်ခါတုန်းက သားအဖနှစ်ယောက် ဂနိုင်ဘက်မှာ သစ်ဆင်းခုတ်တာပေါ့..။ သားလုပ်တဲ့လူက နောက်မှာ ကျန်ခဲ့တယ်..။ အဖေက ရှေ့ကနေ ဆင်းချသွားတာ..။ တောလမ်းက တစ်လမ်း နှစ်လမ်းပဲရှိတာဆိုတော့ လမ်းမှားဖို့က မလွယ်ဘူးလေ..။ အဖေက သစ်တွေခုတ်ပြီး ခန ပုံထားတယ်..။ အဲ.. သားဖြစ်သူ သူ့အဖေ ဆင်းသွားတဲ့ဘက်အတိုင်းလိုက်လာတော့ လမ်းဘေးနားမှာ သစ်တွေကို စည်းပြီးသား အစည်းလိုက် အစည်းလိုက်တွေ့တယ်.. ။ သားလုပ်တဲ့သူက သူ့အဖေ သစ်ခုတ်တာ မြန်လိုက်တာပေါ့လေ..။ အဲဒီတုန်းက မီးသွေးဆိုတာ သူဌေးသုံး၊ ထင်းဆိုတာ မရှိသုံးသမားတွေ သုံးတာလေ..။ ထင်းစည်းတွေမြင်တော့ သားလုပ်သူကလဲ အားရဝမ်းသာနဲ့ သယ်ပြန်တာပေါ့..။ အဖေလုပ်တဲ့လူ တောထဲကနေ ပြန်တက်လာတော့ သားကိုမတွေ့တော့ဘူး.။ ဘယ်တွေ့မှာလဲ သကောင့်သားက ထင်းစည်းတွေ အခန့်သား ထမ်းပြန်သွားတာကိုး..။ အဲ.. ညရောက်ကျတော့ ပြဿနာ စတာပဲ..။ အဖေလုပ်တဲ့လူက အပြင်ခန ပြန်သွားလိုက်တယ်..။ တစ်အောင့်လောက်နေတော့ ခြံဝကနေ သားဖြစ်သူရဲ့ နာမည်ကို လာခေါ်တယ်..။ အသံက အဖေလုပ်သူရဲ့ အသံ..။ ဆိုတော့ သားဖြစ်သူကလဲ အိမ်ထဲကနေ ထူးလိုက်တယ်..။ ဗျာပေါ့..။ ဒါပေမယ့် ခြံထဲကို အဖေလုပ်သူ ဝင်မလာတာမို့ သားလုပ်သူကလဲ ခြံပြင်ကို ထွက်သွားကြည့်လိုက်တယ်..။ ဘယ်သူမှ မရှိဘူး..။ အဲ.. ညသန်းခေါင် လူတွေ အိပ်မောကျနေတဲ့အချိန်မှာတော့ သားဖြစ်သူ ဒုက္ခဖြစ်တော့တာပေါ့..။ ခြံဝမှာ ထပ်ပြီး ခေါ်သံကြားလို့ ထသွားလိုက်တယ်.။ ပြီးတော့ အိမ်ထဲကို ပြန်မဝင်လာတော့ဘူး..။ မနက်ဝေလီဝေလင်းအချိန်ကျတော့ အဖေလုပ်သူက သားကိုမတွေ့တော့ ခြံထဲဆင်းရှာတယ်.။ ခြံဝမှာ သားကို ပေါင်ဖြဲပြီး တံခါးမှာ ချိတ်ထားတာကိုတွေ့ရတယ်..။ အသက်က ကုန်နေပြီ..။ သားဖြစ်သူ ကောက်လာတဲ့ ထင်းစည်းလဲ မရှိတော့ဘူးတဲ့.။ အဲ့လို ပါးစပ်ရာဇဝင်ရှိတယ်ဗျာ..။ အဲဒီတော့ ဒုတိယအမှာစကားက ခုတ်ထားတဲ့ သစ်၊ ထင်း အစရှိတာတွေ လမ်းဘေးမှာ ကျနေရင် အစည်းလိုက်ဖြစ်ဖြစ်၊ တစ်ချောင်းချင်းစီပဲဖြစ်ဖြစ် လုံးဝမကောက်ရတဲ့..။
နာမည်ကို မထူးခိုင်းတာကျတော့ သင်းခွေချပ်ဆိုလားရှိတယ်တဲ့..။ သူက အသံကိုတုပြီး လိုက်ခေါ်တာတဲ့..။ အဲဒါကြောင့်မို့ နာမည်ရင်း တောထဲမှာ မပြောရဘူးတဲ့..။ ပြောမိပြီး နာမည်ခေါ်တာ ထူးမိရင် လိပ်ပြာနှုတ်ခံရတယ်ဆိုလားပဲ..။ စည်းကမ်းချက်တွေ များပုံပြောပါတယ်..။ အဲဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကို တစ်စုလဲ ဂနိုင်ကို ဆင်းကြတာပေါ့.. ။ တောနက်ပိုင်းထဲရောက်တော့ လမ်းဘေးမှာ ထင်းတွေသေချာ ခုတ်ပြီး စည်းထားတာ သုံလေးစည်းလောက်ကို တွေ့တယ်..။ ဘယ်သူမှ မထိရဲဘူး.။ ထူးတော့ ထူးဆန်းတယ်.။ ကြိုကြား ကြိုကြား သစ်စည်းတွေ ထမ်းလာတဲ့ သစ်ခုတ်သမားတွေလဲ တွေ့တာပဲ..။ ဘယ်သူမှ အဲဒီ ထင်းစည်းတွေ ကောက်မသွားဘူး..။ ထင်းစည်းက တော်တော်လေးကို သပ်ရပ်တာ..။ နှီးနဲ့ ကျကျနန သေသေချာချာ စည်းထားတာ...။ တစ်ခါတစ်လေ ထင်းချောင်းလေးတွေ တွေ့ရတယ်..။ ထူးခြားတာတစ်ခုက လွှနဲ့ တိုက်ဖြတ်ထားသလို နှစ်ဘက် ညီညီညာညာ တိတိလေး ပြတ်နေတာ..။ ဘယ်သူမှ ကောက်ဖို့ မရဲဘူး..။ ပုံစံလေးတွေက လိုချင်စရာလေးတွေ..။
အဲလိုနဲ့ ထင်းစည်းတွေကို မျက်စိထဲ မထည့်ပဲ ဂနိုင်ရောက်အောင် ဆင်းကြတယ်.။ ဂနိုင်ရောက်တော့ တော်တော် ပျော်တယ်..။ သူက စိမ့်စမ်းရေထွက်လေ..။ ရေက အေးပြီး ကြည်လင်နေတာ..။ အဲဒီမှာ ရေချိုး ရေကူးတဲ့သူတွေ တန်းစီနေတာ.။ ကျွန်တော်တို့လဲ မကူးတတ် ကူးတတ် (တစ်ကယ်က ကူးကို မကူးတတ်တာ) နဲ့ ရေထဲဆင်းပြီး ယက်ကန် ယက်ကန်လုပ်ကြတယ်..။ နောက် အိမ်ကထည့်လာတဲ့ ထမင်းထုပ်ကိုဖြည်ပြီး တစ်ယောက်တစ်လုပ် လွေးကြတာပေါ့..။ အကြီးတွေကတော့ ငှက်ပစ်တဲ့သူပစ်၊ ဂဏန်းနှိုက်တဲ့သူနှိုက်နဲ့ အလုပ်ဖြစ်နေကြတာ..။ အဲဒီမှာ တော်တော်လေး နေပြီး ညနေစောင်းတဲ့အချိန်ကျတော့ တောင်ပေါ် ပြန်တက်ကြတယ်..။
တောင်တက်လမ်းတစ်လျှောက် ငှက်ကလေးတွေ၊ တောကြက်တွေ ဟိုနား ဒီနားတွေ့တယ်.။ သစ်ပင်ပေါ်မှာလဲ ဘာမျိုးမှန်းမသိတဲ့ သစ်ခွရိုင်းတွေ တွေ့တယ်.။ အစ်ကိုက သစ်ခွ ဝါသနာအိုးဆိုတော့ သစ်ခွတွေ့ရင် သူက တက်ခွာတယ်.။ ဘာမှန်းတော့ သူလဲ သိမယ်မထင်..။ အဲလိုနဲ့ တောင်တက်လမ်းရဲ့ တစ်ခုတည်းသော လမ်းဆုံကို ရောက်လာတယ်..။ ဘယ်ဘက်က တက်တက် တူတူပဲ..။ တစ်နေရာမှာ ပြန်သွားဆုံတယ်...။ အဲဒါနဲ့ ကျွန်တော်တို့ လူနှစ်စု ခွဲပြီးတက်တယ်..။ ကလေးဆိုတော့ ဘယ်သူက ဘယ်အုပ်စုထဲ ပါမှန်း သေချာ သိတာမဟုတ်ဘူး.။ သွားနေရင်း သိပ်မကြာဘူး ကျွန်တော့ အစ်ကိုအကြီးဆုံးအသံနဲ့ ကျွန်တော့နာမည်ခေါ်သံ ကြားလိုက်တယ်..။ လန့်သွားတာပေါ့..။ ကျွန်တော်က ပြန်မထူးဘူး..။ မေးတယ်.. အစ်ကိုလားပေါ့..။ ရှေ့ရောက်နေတဲ့သူတွေက ပြန်လှည့်လာတယ်.။ ဘယ်သူနဲ့ ပြောနေတာလဲပေါ့..။ ဆိုတော့မှ ကျွန်တော်သိလိုက်တာ ကျွန်တော်ပဲ ကြားလိုက်တာ..။ ကြောက်ရကောင်းမှန်းတော့ အဲဒီအချိန်က မသိခဲ့ဘူး..။ ဆက်သွားနေတုန်းမှာပဲ ကျွန်တော့်အစ်ကို အလတ်အသံနဲ့ ကျွန်တော့နာမည်ကို ထပ်ခေါ်တယ်..။ ကျွန်တော်တို့ နောက်ကနေ ထွက်လာတာ..။ ဒီတစ်ခု လူတိုင်းကြားတယ်..။ အနောက်ဘက်ကို မဲပြီး ကြည့်နေတုန်း ကျွန်တော့အကို အလတ်က ကျွန်တော်တို့ အရှေ့ကနေ ပြန်ကွေ့လာတာကို မြင်လိုက်ရတယ်..။ လူနဲ့ အသံက ဆန့်ကျင်ဘက်နေရာကနေ ပေါ်လာတာလေ..။ သေလဲ သေချာသွားရော ကျွန်တော်တို့ တစ်အုပ်လုံး သုတ်ခြေတင်တော့တာပေါ့..။ တစ်နာရီခွဲလောက် လျှောက်ရတဲ့ တောင်တက်ခရီးကို နာရီဝက်လောက်နဲ့ အပြီးတက်ကြတော့တာ..။ နားနေကျ တစ်ထောက်နား စခန်းတွေလဲ မျက်စိထဲမရှိတော့ဘူး..။
တောင်ထိပ်ရောက်တော့မှ အစ်ကိုကြီးက ဆီးမေးတယ်..။ ကျွန်တော့်ကိုလေ..။ မင်းငါ့ကို ခေါ်သေးလားတဲ့.။ မခေါ်ပါဘူးဆိုတော့.. အေး မင်းအသံနဲ့ ငါ့နာမည် နောက်ကနေ လိုက်ခေါ်နေတာတဲ့..။ တစ်ကယ်ဆို ကျွန်တော်တို့ နာမည်ရင်းလဲ မသုံးပါဘူး.။ ဘယ်လို သိသွားတယ်တော့မသိ..။ အဲဒီ ဂနိုင်ဆင်းတဲ့လမ်းမှာ နာမည်လေးကိုတော့ သူတို့ခေါ်တာ ခံဖူးလိုက်တယ်..။ ဒါကလဲ ကလေးဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ့ဗျာ....။

အားလုံးကို လေးစားလျှက်
စိုင်းမွန်း


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်