www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အလုပ်ထဲမှာ စွမ်းအင်အပြည့်ရှိနေစေမည့် တစ်နေ့တာ နေထိုင်မှုပုံစံ

လုပ်ငန်း ခွင်ထဲ တစ်နေကုန် အလုပ်လုပ်ရာမှာ အလုပ် လည်းတွင်၊ စွမ်းအင်လည်း ပြည့်ဝ၊ လန်းဆန်း မှုလည်း အပြည့် ရှိနေစေဖို့ ကျွမ်းကျင်သူတွေက နာရီအပိုင်းအခြားအလိုက် ဘယ်လိုဖြတ်သန်းသင့် တယ်ဆိုတာကို အကြံပြုထားပါတယ်။
နံနက် ၆နာရီ အိပ်ရာထချိန်
ကြိုးစားပါ - တကယ်နိုးထသင့်တဲ့ အချိန်ထက် ၁၅ မိနစ်စောပြီး နှိုးစက်ပေးထားပါ။ ဒါဆိုရင် အိပ်ရာက ဝုန်းခနဲ ထစရာမလိုဘဲ စိတ်ရော ခန္ဓာကိုယ်ကိုပါ သက်တောင့်သက်သာရှိရှိ နိုးထနိုင်ပါလိမ့်မယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - အခန်းကို ကန့်လန့်ကာ ပါးပါးချပြီး အိပ်ပါ။ နံနက် နေခြည်နုနုထွက်လာချိန်မှာ ဦးနှောက်မှ အိပ်စက်မှုဆိုင်ရာ မယ်လတိုနင်ဟော်မုန်းထွက်နှုန်းကို လျော့ကျစေပြီး နိုးကြားစေတဲ့ အဒရီနယ်လင်ဟော်မုန်း စတင်ထွက်ရှိလာပါလိမ့်မယ်။ဒါကြောင့်နှိုးစက် ပိတ်လိုက်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က တစ်ဝက်နိုးကြားပြီး ဖြစ်နေပါလိမ့်မယ်။

နံနက် ၇နာရီ အပြင်မထွက်ခင်
ကြိုးစားပါ - ဇီဝရုပ်ဖြစ်ပျက်မှုကို စတင်လုပ်ဆောင်နိုင်စေဖို့ နံနက်စာစားပေးပါ။
ကျွမ်းကျင်သူ၏ အကြံပြုချက် - နံနက်စာအဖြစ် ပန်းသီး၊ အခွံမာတဲ့အစေ့အဆန်နဲ့ ပေါင်မုန့်ညိုတစ်ချပ်ကို စားပေးရင်တောင် ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တို့ရရှိကာ တစ်နေ့လုံး စွမ်းအင်ပြည့်ဝ နေပါလိမ့်မယ်။

နံနက် ၈နာရီ အလုပ်သွားရာ လမ်းမှာ
ကြိုးစားပါ - ရုံးနဲ့ နီးနီးမှာ နေထိုင်သူတွေအနေနဲ့ ရုံးကို လမ်းလျှောက်ြပီး သွားသင့်ပါတယ်။ ဒီလို လမ်းလျှောက်သွားတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး မောပန်းနွမ်းနယ်မှု ပြေပျောက်စေကာ ဖျားနာနိုင်ခြေ လျော့ပါးကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - လမ်းလျှောက်သွားလို့ မရရင် ဘတ်စကားပေါ် ဒါမှမဟုတ် ရထားပေါ်ထိုင်ရင်း၊ ရပ်ရင်း တရားမှတ်ပေးပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

နံနက် ၉နာရီ အစီအစဉ်ကျစေရန် အချိန်နည်းနည်းယူပါ
ကြိုးစားပါ - ရှုပ်ပွနေတဲ့ စားပွဲခုံဟာ စိတ်ဖိစီးမှု ပိုဖြစ်စေပါတယ်။ အဲဒီစားပွဲခုံကိုရှင်းဖို့ အချိန်ကလည်း မရှိလောက်အောင် များနေတယ်ဆိုရင် အလုပ်ကိုရောက်ရောက်ချင်း ရှင်းပါ။ ပြီးရင် တစ်နေ့တာလုပ်စရာ ရှိတာတွေကို စာရင်းရေးမှတ်ထားသင့်ပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - အီးမေးအသုံးမပြုခင် စာရွက်တွေစီဖို့၊ ရှင်းလင်းဖို့ တစ်မိနစ်-ငါးမိနစ်ခန့် အချိန်ယူပါ။

နံနက် ၁၀ နာရီ ကော်ဖီသောက်ချိန်လား
ကြိုးစားပါ - ကော်ဖီကို အလုပ်တွင်ကျယ်စေတဲ့ ဆေးလို့ ဟားဗတ်ဆေးကျောင်းက ပါမောက္ခ တစ်ဦးက ဆိုပါတယ်။ ကော်ဖီကို များများ သောက်ရင်တော့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပြီး တချို့လူတွေမှာ ရင်တုန်တတ်ပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - နံနက် ၁၀နာရီက ကော်ဖီတစ်ခွက် သောက်သင့်တဲ့အချိန်ပါပဲ။ ကော်ဖီကြောင့် လန်းဆန်းကာ နံနက်ခင်း လုပ်စရာ ကိုင်စရာ ကိစ္စမှန်သမျှ အမြန် ပြီးမြောက်စေပါတယ်။

နံနက် ၁၁ နာရီ သရေစာ မစားပါနှင့်
ကြိုးစားပါ - ဒီအချိန်မှာ သရေစာကို ကြိတ်ဝါး စားသောက်ချင်စိတ် ဖြစ်ပေါ်တတ်ပေမယ့် သရေစာစားတာကြောင့် စွမ်းအင် အဆင့်တက်လာမှာ မဟုတ်ပါ ဘူး။ ကိုယ်အလေးချိန်လျော့ကျရေးကိုတောင် အဟန့်အတားဖြစ်စေတယ်လို့ လတ်တလော လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - နံနက်စာစားပြီး သရေစာထပ်စား တာက နေ့လယ်စာ စားချိန်ကို နောက်ကျ စေပါတယ်။ အစာစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား အနည်းဆုံး သုံးနာရီခြား သင့်ပြီး ငါးနာရီထက် မကျော်စေသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

နေ့လယ် ၁၂ နာရီမှ ၁ နာရီ နေ့လယ်စာစားချိန်
ကြိုးစားပါ - အလုပ်စားပွဲမှာ ထမင်းမစားပါနဲ့။ တစ်နေ့လုံး အလုပ်စားပွဲမှာ ထိုင်တာက စွမ်းအင်ကို ယုတ်လျော့စေကာ ပျင်းရိငြီးငွေ့လာစေပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - နေ့လယ်စာစားပြီး မိနစ် ၂၀ လောက် လမ်းလျှောက်ပေးတာက ဒိုပါမင်း၊ နော်အက်ပီနက်ဖရင်းနဲ့ ဆီရိုတိုနင်အဆင့်ကို အားကောင်းစေပါတယ်။ အလုပ်ကို ပြန်ဝင်တဲ့အခါမှာလည်း စွမ်းအင်ပိုရှိနေစေပါတယ်။

နေ့လယ် ၂ နာရီ တစ်ရေးအိပ်ပါ
ကြိုးစားပါ - မျက်လုံးတွေကို ခဏတာမှေးမှိတ်ပြီး အနားပေးပါ။ အိမ်သာတက်ချိန် ဒါမှမဟုတ် ကော်ဖီတည်ချိန်တွေထက် အချိန်ပိုကြာကြာမပေးရဘဲ စွမ်းအင် ပြည့်လာစေပါလိမ့်မယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - ကာကွယ်ရေးဆိုင်ရာ လေ့လာမှု တစ်ရပ်အရ နေ့လယ် ၂ နာရီမှာ ၁၀ မိနစ်ခန့် အနားပေးတာက ကျန်တဲ့ တစ်ညနေခင်းလုံး စွမ်းအင်တိုးနေပါလိမ့်မယ်။

ညနေ ၃ နာရီ မျက်စိကို စစ်ဆေးပါ
ကြိုးစားပါ - ဒီအချိန်မှာ သင့်မျက်စိတွေအရမ်းကို ပင်ပန်းညောင်းညာနေနိုင်ပါတယ်။ သင်လည်း နွမ်းနယ်နေနိုင်ပါတယ်။ ဒါကြောင့် မတ်တတ်ရပ်ပြီး ရေသောက်ရင်း ပြန်လည် လန်းဆန်းအောင် ကြိုးစားသင့်ပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - ၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ။ ဆိုလိုတာက မိနစ် ၂၀ ကြာတိုင်း သင့်ကွန်ပျူတာ မော်နီတာနဲ့ ၂၀ ပေ အကွာရှိတစ်စုံတစ်ခု (အစိမ်းရောင်ဆိုရင် ပိုကောင်းပါတယ်) ကို စက္ကန့် ၂၀ ခန့် ကြည့်ပေးရမှာပါ။

ညနေ ၄ နာရီ အကြောလျှော့ပါ
ကြိုးစားပါ -အလုပ်စားပွဲမှာ အမြန်လုပ် နိုင်တဲ့ လွယ်ကူတဲ့ အကြောလျှော့နည်းတွေအများကြီး ရှိပါတယ်။ ဒီအကြောလျှော့နည်းတွေက အလုပ်ကို အာရုံစူးစိုက်မှု ကောင်းစေမယ့်နည်းတွေပါ။
ကျွမ်းကျင်သူ၏ အကြံပြုချက် - ခန္ဓာကိုယ်ကို ဆွဲဆန့်နိုင်တဲ့ အကြောလျှော့နည်းတွေကို လုပ်ဆောင်ပေးပါ။

ညနေ ၅ နာရီ စိတ်ကို လျှော့ချလိုက်ပါ
ကြိုးစားပါ -အလုပ်ဆင်းချိန် ငါးနာရီ ဒါမှမဟုတ် ငါးနာရီခွဲမှာ ပြန်ဖို့ ပြင်ဆင်သင့်ပါပြီ။ တစ်နေ့ ရှစ်နာရီထက် ပိုပြီးအချိန်ပိုလုပ်တာက ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေတာကြောင့် နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - စိတ်ကို ဖြေလျှော့ပြီး အိမ်ပြန်ဖို့ပြင်ဆင်ပါ။ အိမ်ပြန်ချင်ဇောနဲ့ အမြန်အပြေးအလွှား မပြန်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောလိုက်၊ ရယ်မောလိုက်လုပ်ရင်း အိမ်ပြန်ပါ။

ညနေ ၅-၆ နာရီ အိမ်အပြန်လမ်းမှာ
ကြိုးစားပါ - သင်က တေးသီချင်းတွေကို ချစ်တတ်သူဆိုရင် နားကြပ်တပ်ကာ တေးသီချင်းနားဆင်ရင်း အိမ်ပြန်ပါ။
ကျွမ်းကျင်သူ၏ အကြံပြုချက် - အခုအချိန်က ဖိစီးမှုတွေ ဖြေလျှော့ပြီး အပန်းဖြေရမယ့် အချိန်ပါ။ အိမ်ကအလုပ်နဲ့ အနီးအနားမှာဆိုရင် လမ်းလျှောက်ရင်း အပန်းဖြေကာ ပြန်ပါ။
ဇွန်ခိုင်ဦး(ဆေးတက္ကသိုလ်)
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်