www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

တီဘီရောဂါအကြောင်းသိကောင်းစရာ

တီဘီရောဂါသည် သေးငယ် သော (Mycobacterium Tuberculosis) ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် ရောဂါဖြစ်ပြီး မျိုးရိုးလိုက်သည့်ရောဂါ မဟုတ်ကြောင်း၊ လူ့ခန္ဓာကိုယ်ရှိ အဆုတ်တွင် အဓိကအဖြစ်များပြီး အဆုတ် ပြင်ပအင်္ဂါအစိတ်အပိုင်းများ အနက် အဆုတ်မြှေး၊ အကျိတ်၊ ကျောရိုးမ၊ အရိုးအဆစ်၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါအစိတ်အပိုင်း၊ ဦးနှောက်နှင့် အူလမ်းကြောင်းအင်္ဂါအစိတ်အပိုင်း များတွင်လည်း ဖြစ်လေ့ရှိသည်ဟု ကျန်းမာရေးဦးစီးဌာန အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ဆရာဝန် ဒေါက်တာ မျိုးစုကြည်က ဆိုသည်။ "တီဘီရောဂါဟာ ကျား၊ မ အသက်အရွယ်မျိုးစုံဖြစ်နိုင်ပါတယ်။
အထူးသဖြင့် အာဟာရချို့တဲ့သူတွေ၊ ခုခံအားကျဆင်းနေသူတွေ ၊ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးတဲ့သူ တွေနဲ့ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ နောက်ပြီး ဆီးချိုနဲ့အစာအိမ်ဖြတ်တောက် ခံထားရသူများမှာလည်း ပိုဖြစ်နိုင်တယ်" ဟု ၎င်းက ရှင်းပြသည်။ သုံးပတ် အ ထက် ချောင်းဆိုးခြင်း၊ သလိပ်ပါခြင်း၊ သွေးပါခြင်း၊ အဖျား တာရှည်ခြင်း၊ တငွေ့ငွေ့ဖျားပြီး ညဘက် ချွေးထွက်များခြင်း၊ ကိုယ်လက် များ ညောင်းခြင်း၊ အစား အသောက်ပျက်ခြင်း၊မောပန်းလွယ်ခြင်း ၊ကျောရင်အောင့်ခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်း တို့သည် တီဘီရောဂါ လက္ခဏာရပ် များ ဖြစ်ကြောင်း ဒေါက် တာမျိုးစုကြည်က ရှင်းလင်းပြောကြားသည်။
"ဒီလက္ခဏာတွေဖြစ်ပြီဆိုရင် နီးစပ်တဲ့ ဆေးရုံ၊ ဆေးခန်းကို သွားပြသင့်ပါတယ်။ တီဘီရောဂါဟာ ကုသရင် ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်ပြီး ပေါ့လျော့ ရင်တော့ အသက်ပါဆုံးနိုင်တဲ့အပြင် မိသားစုနဲ့ မိမိပတ်ဝန်းကျင်ကိုပါ ကူးစက် နိုင်လို့ ဂရုစိုက်သင့်ပါတယ်" ဟု၎င်းက ဆိုသည်။ တီဘီရောဂါမဖြစ်စေ ရန်အ တွက် ဆေးလိပ်နှင့် အရက် အလွန်အကျွံ မသောက်ရန်၊ အာဟာရပြည့်ဝအောင် စားသောက်ရန်၊ လူနာများနှင့် နီးကပ် စွာ မျက်နှာ ချင်းဆိုင် စကားပြောခြင်း ကို ရှောင်ရန်၊ နွားနို့၊ ကျွဲနို့များကို ပွက်ပွက် ဆူအောင် ကျိုချက်ပြီး မှ သောက်ရန်၊ လေကောင်းလေ သန့်ရသည့်နေရာ တွင် နေထိုင် ရန်၊ ကလေးများကို မွေးစ (သို့မဟုတ်) မွေးပြီး တစ်လခွဲတွင် အဆုတ်ရောဂါ ကာကွယ်ဆေး (ဘီစီဂျီ) ထိုးရန်နှင့် မိသားစုအတွင်း တီဘီရောဂါ ရှိပါက ကုသမှု အမြန်ဆုံးခံယူခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း INGO တစ်ခုဖြစ်သည့် Malterser International တီဘီဆေးခန်းက ထုတ်ဝေသည့် လမ်းညွှန် ချက်တွင် ဖော်ပြ ထားသည်။
တီဘီရောဂါဖြစ်ပွားနေပြီဟုသိပါက အမြစ်ပြတ်ပျောက်ကင်းစေရန်ခြောက်လမှ ရှစ်လအထိ ကုသရန် လိုအပ်သည်။ တီဘီဆေးသောက်ပြီးနှစ်လမှ သုံးလပြည့်ပါက တစ်ကြိမ်၊ ငါးလပြည့်လျှင် တစ်ကြိမ်၊ ခြောက်လ သို့မဟုတ် ရှစ်လပြည့်လျှင် တစ်ကြိမ် သလိပ်ကို ထပ်မံစစ်ဆေးရန် လိုအပ်သည်။ သတိပြု ရန်မှာ ဆေးကုသမှုခံယူ နေစဉ်အတွင်းပြန်လည်ကျန်းမာပြီး သလိပ်စစ်ဆေးသည့်အချိန်တွင် တီဘီရောဂါပိုးမတွေ့ပါက အမြစ်ပြတ် ပျောက်ကင်း ပြီဟု သတ်မှတ်၍မရပေ။ ထို့အတွက် ကုသမှုမပြီးခင် အထိဆေးသောက်ခြင်းကို မရပ်သင့်ဟု နယ်စည်း မထား ဆရာဝန်များအဖွဲ့ (ဟော်လန်) မှ Medical Coordinator ဒေါက်တာ ခင်ငြိမ်းချမ်းက ဆိုသည်။ "ဆေးကို စနစ်တကျနဲ့ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သောက်ရပါမယ်။
ကိုယ်က သက်သာတာကို ပျောက်ပြီထင်ပြီး ဆက်မသောက်ရင် ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးတဲ့ တီဘီ ရောဂါပိုးတွေက ဆေးနဲ့ယဉ်ပါးသွားပြီး ကုရခက် သွားတတ်တယ်။ အဲဒီအခါမှာ ကိုယ့်အတွက်လည်း အသက်အန္တရာယ် ရှိတယ်။ ကိုယ့်မိသားစုဝင်တွေကိုလည်း ဆေးယဉ်ပါး တီဘီပိုးကူးစက်နိုင်ပြီး အသက် အန္တရာယ်ရှိစေနိုင်ပါတယ်" ဟု ၎င်းကဆိုသည်။ ဆေးယဉ်ပါးတီဘီရောဂါဆိုသည် မှာ ပုံမှန်တီဘီရောဂါကို ကုသနေသည့် ဆေးများထဲမှ အစွမ်းအ ထက် ဆုံး ဆေးနှစ်မျိုးကို သာမန်တီဘီပိုးများက ယဉ်ပါးသွားခြင်းဖြစ်သည်။ ယင်းဆေး ယဉ်ပါးတီဘီကို MDR-TB ဟုခေါ် ပြီး ဆေးယဉ်ပါးတီဘီရောဂါနှင့် သာမန် တီ ဘီရောဂါလက္ခဏာများမှာ အတူတူပင်ဖြစ်သည်။ သို့သော် သာမန်ရောဂါပိုး ထက် ပိုမိုကူးစက်လွယ်ခြင်းမရှိဟု သိရှိ ရသည်။
ဆေးကုသနေချိန်တွင် ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း အစရှိသည့်ဘေးထွက် ဆိုးကျိုးများ ကိုခံစား ရနိုင်သော်လည်း အလွန်မပြင်း ထန်သည့်အတွက် ဆေးကုသမှုဆက်လက် ခံယူနိုင်ပြီး ဆေးကုသခံယူမှုကို မိမိ ဆန္ဒအရ ရပ်တန့်လိုက်ခြင်း မပြုလုပ် သင့်ကြောင်းလည်း ၎င်းက ထပ်ဆင့် ပြောဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် The Stop TB Partnership တို့၏ ပံ့ပိုး ကူညီမှုဖြင့် တီဘီရောဂါတိုက်ဖျက်ရေး ကို ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက် အောင်မြင်မှုသည် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော ထောင်စုနှစ်ရည်မှန်း ချက်များကို ၂၀၁၅ ခုနှစ် တွင်ပြည့် မီ စေတော့မည်ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ပြည့်မီစေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေကို ၁၉၉၅-၉၆ ခုနှစ်တွင် ကျပ် ၁၄ သန်းသာ ခွဲဝေချပေးရာမှ ၂၀၁၀-၁၁ ခုနှစ် တွင် ကျပ် ၆၂၆ သန်းအထိ တိုးမြှင့်ပေး ခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံတော်က ကျန်းမာရေး ကဏ္ဍအတွက် ရန်ပုံငွေကို လေးဆ တိုးမြှင့်ချထားပေး မည်ဖြစ် ၍ ပြည် တွင်း၊ပြည်ပလူမှုရေးမိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းကို ယင်းနေ့တွင် ပေးပို့ခဲ့ သည့် သဝဏ်လွှာ၌ သမ္မတ က ထည့်သွင်း ပြောကြားခဲ့သည်။
တီဘီရောဂါသည် ကမ္ဘာပေါ်၌ လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ထောင်ခန့် မှစ၍ ကူးစက်ပြန့်ပွားခဲ့ပြီး ၁၈၈၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဂျာမန်သိပ္ပံပညာ ရှင် Dr. Robert Koch က ပထမဆုံး တွေ့ရှိခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၄ ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ သည်။ တီဘီရောဂါသည် မှန်ကန်သည့် ကုသမှုမရရှိပါက အသက်ဆုံးရှုံးစေနိုင် သည့် ရောဂါဖြစ်သည်။
ရောဂါပျောက် ကင်းစေရန်အတွက် တီဘီဆေးမပျက် မကွက်နေ့စဉ်သောက်ရန် လိုအပ်ပြီး မိမိသဘောနှင့် မိမိဆေးသောက်ခြင်းကို မရပ်သင့်ပေ။ ဘေးထွက် ဆိုးကျိုး တစ်ခုခု ပေါ်ပါကလည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားထား သည့်အချိန်တွင် သလိပ်ပြန်စစ်ရန် လိုအပ်သည်။ ချောင်းဆိုး၊ နှာချေသည့် အခါတိုင်း သန့်ပြန့်သောအဝတ်၊ လက်ကိုင်ပဝါတို့ဖြင့် ပါးစပ်နှင့် နှာခေါင်း ကိုလုံအောင် အုပ်ရမည်။ အသုံးပြုပြီး သော လက်ကိုင်ပဝါ၊ အဝတ်များ ကို နေ့ စဉ် လျှော်၍ နေပူလှန်းပြီးမှ ပြန်သုံး ရမည်။ အာဟာရပြည့်ဝ၍ မျှတသော အစားအစာများစားကာ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုပြီး အနားယူ သင့်သည်။ သို့မှသာ လူသား တို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသည့် တီဘီရော ဂါဘေးဆိုးမှ ကင်းဝေး နိုင်မည်ဖြစ်သည်။
By The Voice Journal

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်