www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နနွင်းဖြင့် အူမကြီးကင်ဆာအကျိတ်များ တိုက်ဖျက်နိုင်စွမ်းကို စမ်းသပ်မည်

နနွင်းတွင်ပါဝင်သော ဓာတ်တစ်မျိုးဖြင့် လူသား၌ဖြစ်သော အူမကြီးကင်ဆာ အကျိတ်များအား တိုက်ဖျက်နိုင်စွမ်းကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။ နနွင်းတွင် ပါဝင်သော Curcumin မှာ ကျန်းမာရေး အကျိုးရလဒ်များစွာ ပေးနိုင်ကြောင်းကို ယခင်ကတည်းက တွေ့ရှိထားပြီး ဖြစ်သည်။

ယခင်လေ့လာမှုများအရ ဓာတ်ခွဲခန်းအတွင်း ဖန်တီးထားသော ကင်ဆာဆဲလ်များကို နနွင်းက တိုက်ဖျက်နိုင်ကြောင်း တွေ့ရှိထားပြီးဖြစ်သလို လေဖြတ်မှုနှင့် မှတ်ဉာဏ်ချွတ်ယွင်းမှု ကြုံရသော လူနာများအား ကုသရာတွင်လည်း အသုံးဝင်ကြောင်း တွေ့ရှိထား ပြီးဖြစ်သည်။ ဗြိတိန်ရှိ လက်စတာမြို့မှ ဆေးရုံများတွင် ဓာတုကုထုံးဖြင့် ကုသနေသော ကင်ဆာဝေဒနာရှင်များကို နနွင်းတွင်ပါဝင်သော Curcumin ဖြင့်ပါ စမ်းသပ်ကုသမည်ဖြစ်သည်။ ဗြိတိန်တွင် အူမကြီးကင်ဆာ ရောဂါခံစားရသူမှာ နှစ်စဉ် ၄၀၀၀၀ မျှ ရှိနေသည်။

လူနာ၏ ခန္ဓာကိုယ်တွင် ယင်းကင်ဆာပျံ့နှံ့ပါက ဓာတုကုထုံး ဆေးဝါးသုံးမျိုးဖြင့် ပုံမှန်အားဖြင့် ကုသလေ့ရှိပြီး ထက်ဝက်ခန့်တွင် အလုပ်ဖြစ်လေ့မရှိပေ။

ယခုကဲ့သို့ နနွင်းကုထုံးပါ ထည့်သွင်းကုသမည့် အစီအစဉ်ကို လက်စတာတော်ဝင်ဆေးရုံနှင့် အထွေထွေဆေးရုံမှ လူနာ ၄၀ ခန့်အား ပုံမှန်ဓာတုကုထုံးဖြင့် မကုမီ ၇ ရက်မျှ နနွင်းမှ ထုတ်သည့် Curcumin ဆေး သောက်သုံးစေမည်ဖြစ်ပြီး အကျိုးသက်ရောက်မှုကို စောင့်ကြည့်မည် ဖြစ်သည်။

တိရစ္ဆာန်များတွင် စမ်းသပ်မှု၌ နနွင်းဆေးနှင့် ဓာတုကုထုံး နှစ်မျိုးရောသုံးပါက တစ်မျိုးတည်းသုံးကုသည်ထက် အဆ ၁၀၀ ပိုကောင်းကြောင်း သုတေသနကို ဦးဆောင်နေသည့် ပါမောက္ခ၀ီလျံစတီးဝပ်က ပြောကြားခဲ့သည်။

''အူမကြီးကင်ဆာက ပျံ့သွားပြီဆိုရင် ကုဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုကုထုံးက ဘေးထွက်သက်ရောက်မှုတွေရှိတော့ လူနာကို ဒီကုထုံးသက်သက်နဲ့ ဘယ်လောက်ကြာကြာ ကုပေးလို့ရမှာလဲဆိုတဲ့ အချက်လည်း ပါပါတယ်။ Curcumin ကို သုံးတဲ့အခါကြတော့  ကင်ဆာဆဲလ်တွေကို ဓာတုကုထုံးက တိုက်ဖျက်နိုင်တဲ့အစွမ်းကို မြင့်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် ဓာတုကုထုံးနဲ့ ကုရတဲ့အကြိမ်ရေ နည်းသွားနိုင်တာကြောင့် ဘေးထွက်ဆိုးကျိုးလည်း နည်းမယ်၊ ကုထုံးကိုလည်း ကြာကြာဆက်သုံးနိုင်မယ်'' ဟု စတီးဝပ်က သုံးသပ်ခဲ့သည်။
by news-eleven

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်