www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

မျက်စိစွေခြင်း ချက်ချင်းကုပါ


လူ့ခန္ဓာကိုယ်တွင် အစဉ်အမြဲ ကျန်းမာနေစေဖို့ ဂရုပြုရန် လိုအပ်သော အရေးပါသည့်
အရာများတွင် မျက်စိ အမြင်အာရုံ ကောင်းမွန်ခြင်း သည်လည်း ပါဝင်သည်။ အမြင် အာရုံဆိုင်ရာ ရောဂါများနှင့် ကြုံတွေ့ ခံစားကြရာတွင် အာရုံကြော ချို့ယွင်းခြင်း သို့မဟုတ် မွေးရာပါ ချို့ယွင်းချက်ကြောင့် ဖြစ်ပွားလေ့ ရှိသည့် မျက်စိစွေခြင်း (Squint) မှာလည်း အချိန်ဆွဲ မနေသင့်ဘဲ အလေးထား ကုသသင့်သည့် အမြင်အာရုံဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်သည်။
မျက်စိစွေခြင်း ဖြစ်ပွားပါလျှင် မျက်စိ အနေအထားသည် ပုံမှန်မဟုတ်တော့ဘဲ အပေါ်၊ အောက်၊ ဘေးတစ်ဖက် တစ်ချက်ဆီသို့ စွေစောင်းသွားသည့် ပုံစံမျိုး ဖြစ်သည်။ မျက်စိစွေခြင်းမှာ အဓိကအားဖြင့် အတွင်းသို့ စွေခြင်း (Convergent Squint) နှင့် အပြင်ဘက်သို့ စွေခြင်း (Divergent Squint) ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားထားသည်ဟု ဆိုသည်။ မျက်စိစွေခြင်းသည် အကြမ်း အားဖြင့် အသက် ၆ လအောက်နှင့် အသက် ၆ လအထက်တွင် ဖြစ်ပွားခြင်းဟူ၍ နှစ်မျိုးရှိသည်။ မျက်လုံး အတွင်း ဘက်သို့ စွေခြင်းမှာ အဓိက အားဖြင့် အချို့သော ရောဂါစုများနှင့် အာရုံကြော မကောင်းခြင်းကြောင့် ဖြစ်ပွား တတ်ကြောင်း သိရသည်။ တစ်ခါတစ်ရံ မျက်လုံးတွင် အတွင်းတိမ်ဖြစ်ခြင်း၊ မျက်လုံးတွင်း အဖုအကျိတ်ဖြစ်ခြင်းနှင့် မျက်မှန်ပါဝါလိုခြင်း (Refractive Error) တို့ကြောင့် ဖြစ်ပွားတတ်ကြောင်း သိရသည်။ မျက်လုံးအပြင်သို့ စွေခြင်း (Divergent Squint) မှာ မွေးရာပါဖြစ်ခြင်း၊ ကြားခံမီဒီယာများ မကောင်းခြင်း (Media Opacities) နှင့် အချို့သော အနီးစူးစိုက်မှု ပြဿနာရှိသူများ ဖြစ်ပွားတတ်သည်ဟု သိရသည်။ ၎င်းပြင် Hypermetropia ခေါ် အနီးမှုန်ခြင်းကြောင့် ဖြစ်တတ်ပြီး Myopia ခေါ်သည့် အဝေးမှုန်ခြင်းကြောင့် အဖြစ်များတတ်ကြောင်း သိရသည်။
“မျက်စိနှစ်ဖက်လုံး တည့်မတ်ဖို့အတွက် မျက်လုံးတစ်လုံးစီမှာ ကြွက်သားငယ် ၆ ခုစီက ဟန်ချက်ညီ ထိန်းချုပ်ရပါတယ်။ ကြွက်သားငယ် ၆ ခုစီကို သက်ဆိုင်ရာ အာရုံကြောတွေက ထပ်မံ ထိန်းချုပ်ထားပါတယ်။ မျက်လုံးတွေဟာ သစ်တော်သီးပုံစံရှိတဲ့ အရိုးအိမ်အတွင်းမှာ ရှိနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချက်တွေထဲက အကြောင်း တစ်ခုခု ချို့ယွင်းတာနဲ့ မျက်စိစွေတာ ဖြစ်ပွားတတ်ပါတယ်။ တစ်ခါတလေမှာ တကယ် မျက်လုံး စောင်းနေ၊ စွေနေတာမျိုး မဟုတ်ဘဲ မျက်လုံးနှစ်လုံးကြား အကွာအဝေးဟာ ရှိသင့်တာထက် များနေ၊ နည်းနေတာကြောင့်ရယ်၊ မျက်နှာ အချိုးအစား မညီလို့သော် လည်းကောင်း၊ မျက်လုံးအတွင်းဘက်ကို ဝင်နေခြင်းကြောင့် လည်းကောင်း မျက်စိစွေနေတယ်လို့ ထင်ရတတ်ပါတယ်” ဟု မျက်စိအထူးကု ဆရာဝန်တစ်ဦးက ပြောကြားသည်။
မျက်စိအတွင်းသို့ စွေခြင်းကို ကုသရာတွင် မွေးရာပါ အတွင်းတိမ် စသည်တို့ကို စောစီးစွာ ဖယ်ရှားခြင်း၊ မျက်မှန်တပ်ရန် လိုပါက မျက်မှန်တပ်၍ ကုသမှုများ လုပ်ဆောင်ရမည် ဖြစ်ကာ၊ ခွဲစိတ်ကုသခြင်းမှာ အသက်ခြောက်လမှ ၂ နှစ်အတွင်း လုပ်နိုင်ပါက အကောင်းဆုံး အနေအထား ဖြစ်သည်ဟု သိရသည်။ “ခြောက်လ မတိုင်ခင်မှာဆိုရင် အလိုအလျောက် ပြန်တည့်နိုင်ပြီး အသက် ၂ နှစ်နောက်ပိုင်းမှာဆိုရင် Stereopsis လို့ခေါ်တဲ့ ရုပ်ကြွ မြင်နိုင်ခြင်းမှာ သက်ရောက်မှု ရှိလို့ပါပဲ။ ခွဲစိတ်ခြင်းဆိုရာမှာ မျက်လုံး ကြွက်သားလေးတွေကို အတိုးအလျှော့ လုပ်ပေးခြင်းမျိုး ဖြစ်ပါတယ်။ မျက်စိစွေတဲ့ လူနာတစ်ယောက် လာပြီဆိုတာနဲ့ မျက်စိမှုန်ခြင်း ရှိမရှိကို စစ်ဆေးရပါမယ်။ ရှိခဲ့ရင် သက်ဆိုင်တဲ့ မျက်မှန်ပါဝါတွေကို တပ်ဆင်ပေးရပါမယ်။ မျက်လုံး လေ့ကျင့်ခန်း လုပ်တာတွေ၊ Prigm Power ပါတဲ့ မျက်မှန်တွေကို တပ်ခြင်းနဲ့လည်း ကုသကြရပါတယ်။ တချို့သော ရောဂါတွေက အချိန်လွန်မှ ကုသပါက မျက်လုံး ပြန်တည့်သွားပေမယ့် ကောင်းမွန်တဲ့ အမြင်အာရုံကို ရရှိခြင်းမျိုး မရရှိနိုင်တာကြောင့် စောစီးစွာ တိုင်ပင် ကုသသင့်ပါတယ်” ဟု အဆိုပါ မျက်စိအထူးကု ဆရာဝန်က ပြောကြားသည်။
မျက်စိစွေခြင်းကြောင့် အမြင်အာရုံ ထိခိုက်သည့်အပြင် အလှအပရေးရာနှင့် ပတ်သက်၍လည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အသက်အရွယ် ကြီးမှ မျက်စိစွေစောင်းခြင်းမှာ အာရုံကြော ပျက်စီးမှုများကြောင့် အဖြစ်များသည်ဟု ဆိုသည်။ မျက်စိစွေခြင်းသည် လုံးဝကုသ၍ မရခြင်းမျိုး မဟုတ်သော်လည်း ကုသရမည့် ဗဟုသုတ မရှိခြင်း၊ ကုန်ကျစရိတ် စသည့် အခြား စဉ်းစားစရာ အချက်များကြောင့် မကုသဘဲ နေကြသူ များသည့်အပြင် မျက်စိဆရာဝန်တိုင်း မကုသနိုင်သည့် ရောဂါထဲတွင် ပါဝင်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ် ရောဂါပိုး သန္ဓေသားကို ကူးစက်ခြင်းကြောင့် ကလေးတွင် မျက်စိပိုင်းဆိုင်ရာ ပြဿနာများ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ကုသရန် လိုအပ်ပေသည်။
“ကလေးက မျက်စိနှစ်ဖက်လုံး မှုန်နေပြီး လူကြီးက သတိထားမိတယ် ဆိုရင် ပြဿနာ မရှိဘူး။ မျက်မှန် တပ်လိုက်ရင် ကောင်းသွားတာမျိုး ရှိနိုင်တယ်။ မျက်စိတစ်ဖက်ကမှုန်၊ မျက်စိတစ်ဖက် ကောင်းတယ်ဆိုရင် ကောင်းတဲ့ဘက်ကိုပဲ အာရုံစိုက်ကြည့်ရင်းနဲ့ ကောင်းတဲ့ မျက်လုံးဘက်ကိုပဲ စောင်းသွားတယ်။ ဒါကြောင့် ကျောင်းမထားခင်မှာ ကလေးရဲ့ မျက်စိ အမြင်အာရုံ ကောင်း၊ မကောင်းကို တစ်ခေါက်လောက် စစ်ဆေးကြည့်တာမျိုး ပြုလုပ်သင့်ပါတယ်။ မစစ်ဘဲ ကျောင်းတက်ကြတဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ်။ ကြိုတင် စစ်ဆေးကြည့်တဲ့ အလေ့အထမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်” ဟု အဆိုပါ မျက်စိ အထူးကု ဆရာဝန်က ပြောကြားသည်။
By 7Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်