ဝေးလွန်းလို့
ကျောင်းတွင်
ဆရာမက ကျောင်းသားများအား ယခုလို ပြောလိုက်သည်။
“မနက်ဖြန်ကျရင်
ငါတို့ လကမ္ဘာအကြောင်းလေ့လာကြမယ်။ လူတိုင်း မပျက်မကွက်လာရမယ်နော်”။
ကျောင်းသားတစ်ယောက်ကမူ
“ဆရာမ ကျွန်တော်လာနိုင်မယ်မထင်ဘူး”
“ဘာဖြစ်လို့လဲ၊
ဒေးဗစ်ရဲ့” ဟု ဆရာမက မေးရာ
“မေမေက အဲလောက်အဝေးကြီးလွှတ်မယ်မထင်ဘူးဆရာမ”
ဟူ၍ ဒေးဗစ်က ပြန်ဖြေပါ၏။
အပိုလုပ်ပေးတာ
သူဋ္ဌေးတစ်ယောက်
ကုမ္ပဏီရောက်လာသောအခါ သူ၏အတွင်းရေးမှူးကို မန်နေဂျာက နမ်းနေသည်ကို တွေ့ရသည်။
ဤတွင် သူဋ္ဌေးက
အလွန်ဒေါသ ထွက်သွားပြီး “ဒါမျိုးလုပ်ဖို့ ခင်ဗျားကို လခများများ ပေးထားတယ်ထင်လား”ဟု
ပြောရာ မန်နေဂျာက “ဒီအတွက် ပိုက်ဆံပေးစရာ မလိုပါဘူး သူဋ္ဌေးခင်ဗျာ။ ဒါက ကျွန်တော် အပိုလုပ်ပေးတာပါ”ဟူ၍
ပြောပါလေ၏။
တော်သေးတာပေါ့
ညကြီးသန်းခေါင်
လူမှန်းသူမှန်းမသိအောင် မူးနေသော လူတစ်ယောက်လမ်းဘေးတွင် လမ်းလျှောက်နေသည်။ ခြေတစ်ဖက်က
မြောင်းထဲကျနေပြီး တစ်ဖက်က လမ်းပေါ်တင်၍ လျှောက်နေခြင်းဖြစ်သည်။ ဤတွင် ရဲကားတစ်စီး အမူးသမားနား
ထိုးရပ်လိုက်ပြီး ရဲက “ခင်ဗျား အမူးလွန်နေပြီ စခန်းကို လိုက်ခဲ့” ဟု ပြောသည်။
“ကျုပ် မူးနေတာ
သေချာရဲ့လား ဆရာကြီး” ဟု အမူးသမားက မေးရာ “သေချာပါတယ် မိတ်ဆွေ။ ခင်ဗျား စခန်းသာ လိုက်ခဲ့ပါ”
“သွားကြမယ်လေ။
တော်သေးတာပေါ့ဗျာ။ ကျုပ်က ကျုပ်ကိုကျုပ် ဒုက္ခိတ ဖြစ်သွားပြီထင်နေတာ” ဟု ဆိုကာ ရဲကားပေါ်တက်ပါတော့သည်။
ပိုချမ်းသာအောင်
အမေသည် အိမ်၏
ဝင်ငွေယိုပေါက်များကို ပိတ်ရန် ကြိုးစားနေပြီး ပိုက်ဆံ ချွေတာရန် အစွမ်းကုန်ကြိုးစားသည်။
တစ်နေ့တွင် အဝတ်အစားများကို လူငှားလျှော်မည့်အစား သူ့ဟာသူလက်ဖြင့် လျှော်ဖွပ်လိုက်သည်။
အင်္ကျီတစ်ထည်လျှော်ပြီးသွားသောအခါ အမေက ဂုဏ်ယူစွာဖြင့် အဖေ့ဘက်သို့ လှည့်၍
“ဖရက်ဒ်ရေ
ဒီအင်္ကျီကို ကျွန်မကိုယ့်ဘာသာကိုယ့်လက်နဲ့ လျှော်လိုက်လို့ ကျွန်မတို့ ငါးဒေါ်လာပိုချမ်းသာသွားပြီရှင့်”
ဟု ပြောလိုက်ရာ အဖေက . . .
“အေး ကောင်းသားပဲကွ။
အဲဒီ့အင်္ကျီကို နောက်တစ်ခေါက်ထပ်လျှော်ကွာ” ဟု ဆိုလိုက်ပါသည်။
အသားကျနေမှ
အိမ်ထောင်ကျခါစ
အမျိုးသမီးငယ်မှာ အိမ်အလုပ်မှလွဲ၍ ကျန်သည့်အရာအားလုံးကို စိတ်ဝင်စားသည်။ အားလုံးနေသားတကျရှိနေရာမှ
တစ်နေ့တွင် သူ့ယောက်ျားက အိမ်ရှေ့ခန်းမှနေ၍ လှမ်းအော်ပြောလိုက်သံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။
ယောက်ျားက ပြောသည်မှာ. . .
“အချစ်ရေ၊
အိမ်ရှေ့ခန်းက စားပွဲခုံကို ဘာလို့ ဖုန်သုတ်လိုက်ရတာလဲကွာ။ အဲဒီ့စားပွဲပေါ်မှာ ကိုယ့်သူငယ်ချင်းဖုန်းနံပါတ်မှတ်ထားတာကွ”
ဟူ၍ . . .
အိမ်ဖုန်း
အိမ်တစ်အိမ်တွင်
ဖုန်းဘီလ်ဆောင်ရသည်မှာ အလွန်အမင်းများနေသဖြင့် ဖခင်က မိသားစုဝင်အားလုံးကို ခေါ်၍ မေးမြန်းသည်။
အဖေဖြစ်သူကပင်စ၍ “ဒါဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ငါလည်း ဒီဖုန်းကို မသုံးဘူး။ ငါ့အလုပ်ထဲက
ဖုန်းပဲ ငါသုံးတာ” ဟု ပြောလိုက်သည်။
မိခင်ဖြစ်သူကလည်း
“ဟုတ်တယ်။ ကျွန်မလည်း အလုပ်သွားအလုပ်ပြန်နဲ့ အိမ်ဖုန်းကို သုံးခဲတယ်” ဟုဆိုသည်။ သမီးဖြစ်သူကလည်း
“သမီးကလည်း အလုပ်ကပေးထားတဲ့ ဟန်းဖုန်းပဲသုံးတယ်” ဟု ပြောပါလေ၏။
ဤတွင် မိသားစုဝင်အားလုံးက
အိမ်ဖော်ဖြစ်သူအား လှမ်းကြည့်ရာ အိမ်ဖော်က “အေးလေ၊ ငါတို့အားလုံး ကိုယ်အလုပ်လုပ်တဲ့နေရာက
ဖုန်းပဲသုံးနေ ကြတာလေ” ဟု ဆိုပါတော့သည်။
သူသာ ဘော့စ်အစစ်
...
ပီတာတစ်ယောက်
တော်တော်လေး ဒေါသထွက်နေပါတယ်။
သူ့စိတ်ထဲမှာ
သူ့ဝန်ထမ်းတွေက သူ့အပေါ် အရေးမစိုက်ဘူးလို့လည်း ထင်နေပါတယ်။
ဒီတော့ နဂါးမှန်းသိအောင်
အမောက်ထောင်ဦးမယ်ဟဲ့လို့တွေးရင်း
ဆိုင်းဘုတ်တွေ
ရောင်းတဲ့ဆိုင်က 'ငါသည် ဘော့စ်'ဆိုတဲ့ ဆိုင်းဘုတ်ကို ဝယ်ပြီး သူ့ရဲ့အခန်းတံခါးဝမှာ
ကပ်ထားလိုက်ပါတယ်။
အဲဒီနောက်
နေ့လယ်စာစားရာကနေ ပြန်လာတော့ သူ့ဆိုင်းဘုတ်ရဲ့ အောက်ဘက်မှာ စာရွက်တစ်ရွက်ကို တိပ်နဲ့ကပ်ထားတာ
တွေ့လို့ ဖတ်ကြည့်လိုက်တော့ အခုလို ရေးထားတာကို တွေ့လိုက်ရပါတယ်။
"မိန်းမဖုန်းဆက်သည်။
သူ့ဆိုင်းဘုတ် ပြန်ပေးပါဟုပြောသည်" တဲ့။
တစ်ခုပဲ အဆင်မပြေတာ
ဘွားဘွားကြီးဒိုရာကို
မိသားစုက စိတ်ပြေလက်ပျောက်ဖြစ်အောင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာကို တစ်ရက်လောက်
ပို့လိုက်ကြပါတယ်။ စင်တာမှာ မနက်စာကို ကောင်းပေ့ညွှန်းပေ့ဆိုတာတွေကျွေးသလို သွားလေရာ
စောင့်ရှောက်ပေးမယ့် သူနှစ်ယောက်ကလည်း အသင့်ရှိနေပါတယ်။ သူ့ရဲ့ ဘီးတပ်ကုလားထိုင်လေးနဲ့
စင်တာရှေ့ ပန်းခြံထဲ သွားဖို့ ပြင်လိုက်ရုံနဲ့ တွန်းပေးမယ့်သူက အဆင်သင့်ပါဘဲ။
တစ်ခါကျတော့
သူ့ကိုယ်လေး ဘယ်ဘက်နည်းနည်းစောင်းတာနဲ့ သူနာပြုဆရာမကလာပြီး ပြန်တည့်ပေး၊ညာဘက်စောင်းတာနဲ့ချက်ခြင်း
လာတည့် ပေးပါတယ်။ နောက်ရက် စင်တာက ပြန်လာတော့ အဆင်ပြေရဲ့လား၊ ဝန်ထမ်းတွေ ဂရုစိုက်ရဲ့လားလို့
သားသမီးတွေက ဝိုင်းမေးတော့ ဘွားဘွားကြီး ဒိုရာက သူ့ကို ဝန်ထမ်းတွေက အရမ်းဂရုစိုက်ကြတယ်လို့ပြောရင်း
သူထပ်ပြောတာက "တစ်ခုပဲကွယ်၊ ဘွားဘွား လေလည်ချင်တာကို သူတို့က ပေးမလည်ကြဘူးကွဲ့"တဲ့။
ယုတ္တိမရှိတာ
...
ဂျွန်ဒီနေ့
ရုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒါပါနဲ့ဆို တစ်ပတ်ထဲ နောက်ကျတာသုံးရက်ရှိပါပြီ။
ဒီတော့ သူ့ဘော့စ်က သူ့ကို နောက်ကျရတဲ့ အကြောင်းရင်းကိုမေးတော့ ဂျွန်က "မနက်ကတည်းက
အရာရာ အဆင်မပြေဖြစ်နေတာပဲ ဆရာရယ်။
ကျွန်တော့မိန်းမက
ကားမောင်းပြီး လိုက်ပို့မယ်ဆိုပြီး မိတ်ကပ်လိမ်းနေ တာ ဆယ်မိနစ်လောက်ကြာတယ်။ ဒီကြားထဲတံတားပေါ်မှာ
ကားတွေ က ပိတ်တော့ ဆရာစိတ်ဆိုးမှာ စိုးတာနဲ့ မြစ်ကို ကူးပြီး ဖြတ်လာတာ ကျွန်တော့အ၀တ်တွေဆို
ခုထိရေစိုတုန်းပဲ။ ကြည့်ပါလား ဆရာရဲ့"လို့ ဆိုပါတယ်။
ဒီတော့ သူ့ဘော့စ်က
ဂျွန့်ကို သနားသလိုကြည့်ရင်း ခုလိုဆို ပါတယ်။ "ဂျွန်ရယ် ... မင်းငါ့ကို ဒီထက်ကောင်းတဲ့
ဆင်ခြေပေးပါလား။ မင်းဟာက အစကတည်းကမှ ယုတ္တိမရှိတာ။ ဘယ်မိန်းမမှ ဆယ်မိနစ်နဲ့ မိတ်ကပ်
လိမ်းလို့မပြီးဘူးကွ"။
ခက်ခဲသောဆုံးဖြတ်ချက်
ရှောင်တခင်ခွင့်တစ်ရက်ပေးပါရန်
တောင်းခံလာသည့် ဝန်ထမ်းတစ်ဦးအား အလုပ်ရှင်က ယခုလို ရှင်းပြလိုက်သည်။
“အင်း၊ မောင်ရင်က
ခွင့်တစ်ရက်ပေးပါဆိုတဲ့ကိစ္စကို ငါတို့လေးလေးနက်နက် စဉ်းစားကြည့်ရအောင်။ တစ်နှစ်မှာ
အလုပ်လုပ်ဖို့ ရက်ပေါင်း ၃၆၅ ရက် ရှိတယ်။ သီတင်းပတ်ပေါင်းက (၅၂) ပတ်ရှိတယ်။ မောင်ရင်က
သီတင်းတစ်ပတ်မှာ စနေနဲ့ တနင်္ဂနွေ (၂) ရက် နားတယ်ဆိုတော့ ၂၆၁ ရက်ပဲ အလုပ်လုပ်ဖို့ ကျန်တယ်။
ဒါပေမဲ့ မောင်ရင်က တစ်ရက်မှာ အလုပ်မလုပ်တဲ့ နာရီက (၁၆) နာရီဆို ပြန်တော့ မောင်ရင်ဖြုန်းပစ်တာ
ရက်ပေါင်း (၁၇၀) ရှိနေပြန်တယ်။ ဒီတော့ အလုပ်လုပ်ဖို့ (၉၁) ရက်ပဲ ကျန်တော့တယ်။ မောင်ရင်က
တစ်ရက်မှာ ကော်ဖီသောက်ဖို့ နားချိန် နာရီဝက် ယူလေ့ရှိတယ်။ အဲဒါက တစ်နှစ်မှာ (၂၃) ရက်ဆိုတော့
လက်ကျန်က (၆၈) ရက်ပဲ ရှိတယ်။
“ဒါပေမဲ့
မောင်ရင်က နေ့လည်စာစားဖို့ တစ်ရက်မှာ တစ်နာရီနားတယ်။ အဲဒါက (၄၆) ရက်ဆိုတော့ အလုပ်လုပ်ဖို့
လက်ကျန်က (၂၂) ရက်ပဲ ကျန်တော့တယ်။
“ဒါပေမဲ့
မောင်ရင်က နာမကျန်းခွင့်ဆိုပြီး တစ်နှစ်မှာ (၂) ရက်ခွင့်ယူလေ့ရှိပြန်တယ်။ ဒါဆိုရင်
ရက် (၂၀) ပဲ ကျန်တော့တယ်။ တစ်ခါ အစိုးရက အနားယူဖို့၊ ခွင့်ပြုပေးတဲ့ ဟောလီးဒေးတဲ့ နားရက်
(၅) ရက်ကိုလည်း မောင်ရင်က ခံစားခွင့်ရှိတယ်ဆိုတော့ (၁၅) ရက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့
ငါတို့ကုမ္ပဏီက ဝန်ထမ်းတိုင်းကို တစ်နှစ်မှာ နားရက် (၁၄) ရက်ခွင့်ပြုလေ့ရှိတယ်။ ဒီတော့
အလုပ်လုပ်ဖို့ ရက်က တစ်ရက်ပဲ ကျန်တော့တယ်”
“အဲဒီလက်ကျန်တစ်ရက်ကလေးကိုမှ
မောင်ရင်က ခွင့်ပေးဖို့လာတောင်းတယ်ဆိုတော့ ငါ့ကို ဆုံးဖြတ်ရခက်အောင် မင်းက လုပ်လိုက်တာပဲ၊
ရက်စက်ပါပေ့ကွာ”
0 comments:
Post a Comment